သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ပဏာမ မဲပေးပွဲ သက်ရောက်မှုများ


New Hampshire ပဏာမ မဲပေးပွဲ Bernie Sanders နဲ့ Donald Trump တို့ အနိုင်ရခဲ့ပါတယ်။
New Hampshire ပဏာမ မဲပေးပွဲ Bernie Sanders နဲ့ Donald Trump တို့ အနိုင်ရခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်းဖြစ်ရေး ပဏာမမဲပေးပွဲမှာ Democratic ပါတီဖက်က အထက်လွှတ်တော်အမတ် Bernie Sanders က အနိုင်ရခဲ့ပြီး Republican ပါတီဖက်က သူဌေးကြီး Donald Trump က အနိုင်ရခဲ့ပါတယ်။

မဲ ၉၀% လောက် ရေတွက်ပြီးချိန်မှာ Mr. Sanders က နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ထက် မဲ ၂၀% လောက်အသာနဲ့ နိုင်ခဲ့တာပါ၊ Donald Trump ကလဲ ၃၅% လောက် မဲရပြီး တခြား Republican ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရခဲ့တာပါ၊ ဒီရလာဒ်တွေက ရှေ့ဆက်ပြိုင်ဆိုင်ရမဲ့ မဲပေးပွဲတွေအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ Bernie Sanders နဲ့ Donald Trump တို့ ၂ ယောက်ကြား ဘယ်လိုဆင်တူနေတဲ့ စွဲဆောင်မှုတွေ ရှိနေသလဲဆိုတာကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။

အမေရိကန်သမ္မတလောင်းဖြစ်ရေး ကြိုးစားနေသူတွေအတွက် အရေးပါတဲ့ မဲဆန္ဒနယ်တခုဖြစ်တဲ့ New Hampshire ပြည်နယ်က ပဏာမ မဲပေးပွဲတွေမှာ Democratic ပါတီဖက်က အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ Republican ပါတီဖက်က သူဌေးကြီး Donald Trump က အနိုင်ရခဲ့ကြတာပါ။ ပထမဆုံး ပါတီတွင်းမဲပေးပွဲတွေကျင်းပခဲ့တဲ့ Iowa ပြည်နယ်မှာတုန်းက Donald Trump ရှုံးခဲ့လို့ အခြေအနေမကောင်းတော့ဘူးလို့ တော်တော်များများထင်ခဲ့ပေမဲ့ New Hampshire မှာတော့ တခြားပြိုင်ဖက်တွေကို အပြတ်အသတ် အနိုင်ရခဲ့တာကြောင့် ဆက်ပြီး အခြေအနေ ကောင်းနေနိုင်တယ်လို့ St. Anslem ကောလိပ်က နိုင်ငံရေးသိပ္ပံဌာန လက်ထောက်ပါမောက္ခ Chris Galderi က သုံးသပ်ပါတယ်၊

“Donald Trump အနေနဲ့ တောင် Carolina ပြည်နယ်မှာလဲ ဆက်ပြီး အခြေအနေအတော်ကောင်းနိုင်ခြေရှိပါတယ်၊ ဒါကြောင့် သူ့ကို ဘယ်သူ နိုင် နိုင်မလဲဆိုတာ Republican ပါတီဖက်က မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊ သမ္မတလောင်းဖြစ်ဖို့ ပြိုင်ဆိုင်တယ်ဆိုရင် လက်ရှိ တာဝန်ရှိနေသူတွေ၊ တခြားပါတီခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရတဲ့သူမျိုးလို့ မျှော်လင့်ထားကြပေမဲ့ လောလောဆယ် Trump ဆီမှာ အဲဒီလို ထောက်ခံမှုမျိုးတခုမှ ရမထားပါဘူး၊ ဒါပေမဲ့ အဲလိုထောက်ခံမှုရထားတဲ့ တခြားယှဉ်ပြိုင်နေသူတွေကိုကြည့်ရင် အဖြစ်ဆိုးမသွားတဲ့ အခြေအနေမှာပဲ ရှိနေကြပါတယ်။”

Democratic ပါတီဖက်မှာတော့ Democratic Socialist လို့ သူ့ကိုယ်သူ ကြေညာထားတဲ့ Bernie Sanders ကအနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပြည်နယ်မှာ သူနဲ့ပြိုင်ဖက် Hillary Clinton ရှုံးခဲ့တာက Clinton က အထိ နာစရာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ အရင်တခေါက် သမ္မတလောင်း ပြိုင်ဆိုင်ပွဲမှာ Clinton က ဒီပြည်နယ်မှာ Barack Obama ကို အနိုင်ရရှိခဲ့တာ ဖြစ်သလို သူ့ရဲ့ခင်ပွန်း သမ္မတဟောင်း Bill Clinton ကလဲ သူ့ပြိုင်ဆိုင်ခဲ့စဉ်က ဒီပြည်နယ်မှာ အနိုင်ရထားခဲ့ဖူးပါတယ်။ ဒီတခေါက်မှာတော့ Clinton နဲ့ပြိုင်ဘက် Bernie Sanders အပေါ် လွတ်လပ်တဲ့ အတွေးအမြင်ရှိသူတွေ လူငယ်တွေရဲ့ ထောက်ခံမှု အတော်လေးရရှိခဲ့ပုံရပါတယ်၊ ဒါကြောင့် အင်္ဂါနေ့က New Hampshire ပြည်နယ်ရွေးကောက်ပွဲ ရလာဒ်ကြောင့် Clinton အောင်နိုင်ရေးအဖွဲ့အတွက် အကြီးအကျယ် ပြန်လည် သုံးသပ်စရာ ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်က ထောက်ပြပါတယ်။

“New Hampshire မှာ Sanders ထူးထူးခြားခြား ရလာဒ် ရနိုင်ခဲ့သလို Nevada, တောင် Carolina ပြည်နယ်တွေမှာလဲ သူ အနိုင်မရရင်တောင် အခြေတော်တော်လေးကောင်းနိုင်ပါတယ်၊ မဲပေးမဲ့ ကိုယ်စားလှယ်တွေ သူ့ဘက် ပါအောင် လုပ်နိုင်ပါလိမ့်မယ်၊ ဒီတော့ Clinton အောင်နိုင်ရေးအဖွဲ့အနေနဲ့ ရှုံးခဲ့ရတာက မဲဆွယ်စည်းရုံးတဲ့ စကားတွေကြောင့်လား၊ သူတို့ မဲဆွယ် စည်းရုံးမှုတွေကြောင့်လား၊ Clinton ကြောင့်ပဲလား ဒါမှမဟုတ်လဲ Sanders အောင်နိုင်ရေး စည်းရုံးမှုကနေ ဘာကို အတုယူနိုင်မလဲဆိုတာမျိုး သုံးသပ်ဖို့ လိုအပ်နေပါပြီ။”

အင်္ဂါနေ့က New Hampshire မှာ အနိုင်ရခဲ့ကြတဲ့ Republican စီးပွားရေးသမားကြီး Donald Trump နဲ့ Democratic ဆိုရှယ်လစ်ဝါဒီ Bernie Sanders တို့ ၂ ယောက်ကြား အင်မတန်ကွာခြားတဲ့ အမြင်တွေရှိနေပေမဲ့ မဲဆန္ဒရှင်တွေကို စွဲဆောင်နိုင်တဲ့ အချက်မှာတော့ အတော်လေး ဆင်တူနေတယ်လို့လဲ သူက ထောက်ပြပါတယ်၊

“Donald Trump နဲ့ Bernie Sanders တို့ ၂ ယောက်လုံးက လက်ရှိအခြေအနေတွေ ပြောင်းသွားအောင် လုပ်ချင် သူတွေဖြစ်တယ်လို့ မြင်ကြသူတွေ အများကြီးပါ၊ စနစ်ကြီးက ယိုယွင်းနေတယ်၊ အဲဒါကြောင့် အကျိုးဆက်တွေကို ခင်ဗျားတို့ခံနေရတာ၊ အဲဒါကြောင့် တခြားသူက ခင်ဗျားတို့ထက် ပိုကောင်းစားနေတာဆိုတာမျိုး သူတို့က ပြောဖို့ ဝန်မလေးကြပါဘူး၊ သူတို့ ၂ ယောက်ရဲ့၊ မူဝါဒတွေ၊ ပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေက သိပ်ကို ကွဲပါတယ်၊ ဘာကြောင့် ဒီအခြေအနေရောက်နေကြ သလဲ ဆိုတာ ထောက်ပြပုံချင်းလဲ ကွာပါတယ်၊ ဒါပေမဲ့ မဲဆန္ဒရှင်တွေဖက်ကကျတော့ ဘယ်သူက ပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကြည့်တော့ သူတို့ ၂ ယောက်လုံးက အတိုင်းအတာ တခုအထိ မဲဆန္ဒရှင်တွေကို စွဲဆောင်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။”

New Hampshire's ပြည်နယ် St. Anslem Colllege ကနိုင်ငံရေးသိပ္ပံဌာန လက်ထောက်ပါမောက္ခ Chris Galderi သုံးသပ်ပြခဲ့တာဖြစ်ပါတယ်။ ပါတီ ၂ ခုလုံးက နောက်ထပ်အဆင့် သမ္မတလောင်းပြိုင်ဆိုင်ပွဲတွေကို February လ ၂၀ ရက်နေ့မှာ ကျင်းပဖို့ရှိတာကြောင့် အင်္ဂါနေ့က အနိုင်ရခဲ့သူတွေရော ရှုံးနိမ့်ခဲ့သူတွေပါ။ လာမယ့် မဲပေးပွဲတွေမှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရဖို့ အာရုံစိုက် မဲဆွယ်နေကြပြီဖြစ်ပါတယ်။

XS
SM
MD
LG