သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC မြစ်ကြီးနားမှာ ရုံးဖွင့်ခွင့်ရ


ICRC အဖွဲ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ICRC အဖွဲ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီကော်မတီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရုံးခွဲအသစ်တခု ထပ်မံ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာ လုပ်ဆောင်နိုင်တယ်လို့ ICRC ပြောခွင့်ရပုဂ္ဂိုလ် Michael O’Brien က ပြောပါတယ်။ ပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ICRC အနေနဲ့ ကချင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်ကတည်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပေမဲ့ အခုမှ တရားဝင် ရုံးခန်း ဖွင့်ခွင့်ရရှိတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ မိုင်းထိပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်း ဖြစ်နေသူတွေကို ကူညီပေးနိုင်ဖို့အတွက် အခုလို မြစ်ကြီးနားရုံးခွဲ ဖွင့်ဖို့ဖြစ်လာတာလို့ ICRC အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Michael O’Brien က ဗွီအိုအေကို ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်း မိုင်းမိပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်နေတဲ့သူတွေ အများအပြား ရှိပါတယ်။ သူတို့ အရိုးအဆစ်တွေ ပြန်လည် သန်မာလာရေးအတွက် ကျနော်တို့ အထောက်အကူပြု လုပ်ငန်း လုပ်ဆောင်နေပြီးသားပါ။ ဒါပေမဲ့ အဲဒီမှာ ရုံးခွဲ သီးသန့်ဖွင့်ပြီး ကူညီပေးတာက ပိုပြီး ထိရောက်မှုရှိမယ်လို့ ထင်တဲ့အတွက် မြစ်ကြီးနားဆေးရုံနဲ့ ပူးတွဲပြီး အခု အဲဒါကို လုပ်ဆောင်နေပါတယ်။”

အခုလို ရုံးခွဲအသစ် ဖွင့်လုစ်လိုက်ခြင်းအားဖြင့် ကချင်ပြည်နယ်အတွင်းက ကိုယ်အင်္ဂါ မသန်စွမ်းသူတွေအနေနဲ့ ICRC က အောင်ရွက်တဲ့ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေး အစီအစဉ်တွေကို ပိုလက်လှမ်းမှီလာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ICRC က အခုလို ရုံးခွဲအသစ် ဖွင့်လှစ်တာဟာ မြန်မာနိုင်ငံအတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတချို့ ရပ်တန့်ထားလိုက်ရတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ICRC အနေနဲ့တော့ သူတို့လုပ်ငန်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်ပင် လုပ်ဆောင်နေတဲ့အတွက် လွန်ခဲ့တဲ့ နှစ်တွေကထက် လုပ်ငန်းတွေ ပိုမို တိုးချဲ့လုပ်ဆောင်လာနိုင်ပြီး မြန်မာနိုင်ငံအတွင်းမှာ ၆ ခုမြောက် ရုံးခွဲ ဖွင့်လှစ်ခြင်းလည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ ဝင်ရောက် လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနည်းတူ၊ မြန်မာအာဏာပိုင်တွေနဲ့ အကြံဉာဏ်တွေ ဖလှယ်ပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်ကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ကျနော်တို့နဲ့ ပြန်လည် ပူးပေါင်း ဆောင်ရွက်တာတွေ ဗဟိုအဆင့်ရော၊ ပြည်နယ်တိုင်းအဆင့်မှာပါ ရှိနေပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာ ၁၉၈၆ ခုနှစ်ကတည်းက အခြေစိုက် ရုံးဖွင့်လှစ်ထားခဲ့တဲ့ ICRC အဖွဲ့အနေနဲ့ တခြား ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေနဲ့ မြောက်ဦးမြို့တွေမှာလည်း ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီးတဲ့နောက်ပိုင်း သူတို့အနေနဲ့လည်း တခြား ဒေသတွေကိုပါ ပိုမို သွားရောက် လုပ်ဆောင်ခွင့် ရလာတာနဲ့အညီ လုပ်ငန်းတွေလည်း တိုးချဲ့လုပ်ဆောင်လာနေတာမှာ ICRC ရဲ့ ဒီနှစ်အတွက် လုပ်ငန်းလည်ပတ်ဖို့ ဘတ်ဂျက်ဟာ အမေရိကန် ဒေါ်လာ ၂၄ သန်း ရှိတယ်လို့ Michael O’Brien က ပြောပါတယ်။ ဒါဟာ မနှစ်က အသုံးစရိတ်ထက်စာရင် ၄၀ ရာခိုင်နှုန်း တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။

ရုံးဖွင့်ပွဲကိုတော့ မတ်လ ၆ ရက် ကြာသပတေးနေ့မှာ မြစ်ကြီးနားမြို့ မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG