သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်သက်လွင်ကို ဝန်ကြီးခန့်မှု MNP ပါတီဝင်တချို့ မကျေနပ်


ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး နိုင်သက်လွင်။
ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး နိုင်သက်လွင်။

အာဏာရ NLD အစိုးရအနေနဲ့ မွန်အမျိုးသားပါတီကို အကြောင်းကြားတာမျိုးမရှိဘဲ ပါတီရဲ့ ဒုဥက္ကဋ္ဌ နိုင်သက်လွင်ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အပေါ်မှာ မွန်အမျိုးသားပါတီတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဘာကြောင့် အခုလို မွန်အမျိုးသားပါတီတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ရတာပါလဲ။ ဆက်သွယ်မေးမြန်း ထားတဲ့ နိုင်ကွန်းအိန်က အကြောင်းစုံ ပြောပြထားပါတယ်။

မွန်အမျိုးသားပါတီရဲ့သဘောထားဆန္ဒရယူခြင်းမရှိဘဲနဲ့ NLDခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ မွန်အမျိုးသားပါတီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်သက်လွင်ကို ဝန်ကြီးအဖြစ် ခန့်အပ်တာဟာ မဖြစ်သင့်ဘူးလို့ MNPရဲ့ဒုတိယဥက္ကဋ္ဌ (၂) နိုင်ငွေသိန်း ခေါ် နိုင်ဂျနူမွန်က အခုလိုပြောပါတယ်။

" NLD အနေနဲ့က တခြားပါတီတွေကို ပါတီငယ်လေးတွေပဲ ငါတို့လုပ်ရင်ဖြစ်တယ် ဆိုတဲ့ အနေအထားမျိုး တရားဝင် ပါတီကို အကြောင်းမကြားပဲနဲ့ ခေါ်တယ် ညှိနှိုင်းတယ် ဆိုတာကတော့ ဒါကတော့ မဖြစ်ကောင်းတဲ့ အလုပ်ပါလေ။ သူ့မှာ သူ့ပါတီရဲ့ မူဝါဒ၊ ပါတီရဲ့ ဥပဒေ စည်းကမ်းဆိုတာ ရှိပြီးသားပဲ။ တခြားပါတီမှာ သွားအလုပ်လုပ်ရတယ်။ အစိုးရက ခေါ်တယ် ဆိုတာ တခြားပါတီမှာ အလုပ်သွားလုပ်ရတာပဲ။ အလုပ်သွားလုပ်မယ်ဆို ကိုယ့်ပါတီရဲ့အလုပ်ကို အကုန်စွန့်ရမယ်။ ပါတီမူဝါဒအနေနဲ့ သွားလုပ်လို့လည်း မရပါဘူး။ "

နိုင်သက်လွင်ကိုယ်ရေးအကျဉ်း
နိုင်သက်လွင်ကိုယ်ရေးအကျဉ်း

မြန်မာနိုင်ငံအစိုးရသစ်မှာ တာဝန်ယူရမယ့် ပြည်ထောင်စု ဝန်ကြီး(၁၈)ဦးရဲ့ အမည်စာရင်း ကို မတ်လ(၂၂)ရက်နေ့မှာ ထုတ် ပြန်ခဲ့ပြီး မွန်အမျိုးသားပါတီက ဒုတိယ ဥက္ကဋ္ဌ နိုင်သက်လွင်ဟာ ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် မနေ့က တရားဝင်ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။

ပါတီရဲ့ဆုံးဖြတ်ချက်အရ ပြည်ထောင်စုဝန်ကြီးတာဝန်ကို လက်ခံရယူတဲ့ အနေအထား မဟုတ်တဲ့အတွက် နိုင်သက်လွင် အနေနဲ့ ပါတီရဲ့လုပ်ငန်းနဲ့ မသက်ဆိုင်တော့ဘူးလို့ နိုင်ငွေသိန်းကဆက်ပြောပါတယ်။

" သူ့ဆန္ဒအရ သူသွားမှာပါ။ သူသွားရင် ပါတီလုပ်ငန်းတွေ အကုန်လျော့ရမယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူသွားမယ်ဆိုလည်း သွားပေါ့လေ။ ပါတီအလုပ်ကတော့ လာလုပ်လို့ မရတော့ပါဘူး။ ကျနော်တို့ကတော့ လာလုပ်မယ်ဆိုရင် လက်ခံနိုင်တဲ့ အနေအထားတော့ မရှိဘူး။"

တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာပေါ်ပေါက်လာတဲ့ ဝန်ကြီးဌာန အသစ်တစ်ခု ဖြစ်ပါတယ်။ ဒီဌာနအနေနဲ့ တိုင်းရင်းသားအရေးကိစ္စတွေမှာ ထိရောက်စွာဖေါ်ဆောင်နိုင်မှာ မဟုတ်ဘူး လို့ လဲ နိုင်ငွေသိန်းက ဆက်ပြောပါတယ်။

" တိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့က ဘာမှ လုပ်လို့မရဘူး။ လုပ်ရင် ပညာရေးတို့ ကျန်းမာရေးတို့ စာပေတို့ ယဉ်ကျေးမှုတို့ ဘယ်လောက်ပဲ လုပ်လုပ် အဲ့သလိုမျိုး ကန့်သတ်ချက်တွေ ရှိတယ်ဗျ။ ငြိမ်းချမ်းရေးတို့ အပစ်အခတ်ရပ်စဲရေးတို့ ဒါတွေပေါ့လေ။ တိုင်းရင်းသားတွေ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ ထိရောက်မှာလည်း မဟုတ်ဘူးလေ။"

နိုင်သက်လွင်အနေနဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ယူတာဟာ ပါတီရဲ့ ဆုံးဖြတ်ချက် မဟုတ်ပေမဲ့လဲ ဒီအတွက် ပြဿနာ မရှိနိုင်ဘူးလို့ မွန်အမျိုးသားပါတီရဲ့ တွဲဘက် အတွင်းရေးမှူး(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းကြည် ဝင်း ကအခုလိုပြောပါတယ်။

" ဒေါ်စုက နေပြီးတော့ကာ ကျနော်တို့ ဒုဥက္ကဋ္ဌကို ခေါ်ပြီးတော့ ဆွေးနွေး ပါတယ် ဒီကိစ္စကို။ နိုင်သက်လွင်ကနေပြီးတော့ကာ သူ ဥက္ကဋ္ဌကြီးကို သတင်းပို့ပါတယ်တဲ့။ သူက အမြဲတမ်း သဘာပတိပေါ့လေ။ သူက အမြဲတမ်း တာဝန်ကျေတယ်။ ဒီအပေါ်မှာတော့ ဘာမှ ပြသနာမရှိဘူး။ ပါတီတခုလုံး CEC တွေကို ခေါ်တဲ့ပုံစံမျိုးတော့ မရှိခဲ့ဘူးပေါ့ဗျာ။ "

NLDအနေနဲ့ ပါတီခေါင်းဆောင်တဦးကို ရွေးချယ်တာဝန်ပေးရာမှာ ဦးစွာ ကမ်းလှမ်းဆွေးနွေးမှု မရှိတဲ့အပေါ် ကသိက အောက်ဖြစ်ယုံကလွှဲုပြီး ကန့်ကွက်စရာ အကြောင်းမမြင်ဘူးလို့လဲ ဒေါက်တာမင်းကြည်ဝင်းကပြောပါတယ်။

လက်ရှိအနိုင်ရ NLDအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့ရေးမှာပူးပေါင်းပါဝင်ဖို့ တခြားကိုယ်စားလှယ်တွေကို ကမ်းလှမ်းရာမှာ ပါတီကိုကမ်းလှမ်းတာမရှိတဲ့အတွက် ရခိုင်အမျိုးသားပါတီ ပြည်ခိုင်ဖြိုးပါတီ မွန်အမျိုးသားပါတီအစရှိတဲ့ ပါတီတွေ ကြားမှာ မတူကွဲပြားတဲ့သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။

NLDအစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အမျိုးသား ရင်ကြားစေ့ရေး နဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး ပုံဖေါ်ဖို့ ကိစ္စရပ်တွေ အတွက် အဟန့်အတားတခုဖြစ်စေတယ်လို့ ဟင်္သာမီဒီယာအယ်ဒီတာ ချုပ် မင်းအာကောင်းရွတ်က အခုလိုသုံးသပ်ပါတယ်။

" NLD အနေနဲ့ သေသေချာချာ စဉ်းစားပြီးမှ လုပ်ရမယ့် လုပ်ရပ်တခုလို့မြင်တယ်။ အထူးသဖြင့် သူတို့ ဆွဲခန့်လိုက်တဲ့ လူတယောက်ဟာ တိုင်းရင်းသား ပါတီတခုက ဖြစ်နေတော့ တိုင်းရင်းသားပါတီတွေကို အသိအမှတ်မပြုရာ ရောက်နေသလား လို့ ငါတို့က မဲနိုင်ထားတယ်။ ငါတို့က အများစု ရထားတယ်။ ငါတို့ကြိုက်တဲ့အစိုးရကို ငါတို့ကြိုက်တဲ့သူနဲ့ ငါတို့ဘာသာ ကြိုက်သလို ဖွဲ့မယ်ဆိုတဲ့ ပုံစံမျိုး သွားဖြစ်တာပေါ့ဗျာ။ အဲ့တော့ NLD က ကြွေးကြော်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်ဖို့တို့ နောက်ပြီးတော့ တကယ်လက်တွေ့ကျတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ ပေါ်လာဖို့တို့ ဆိုတဲ့ကိစ္စတွေမှာ တခြားသူတွေအတွက် အပြစ်ပြောစရာဖြစ်လာတာပေါ့။"

မွန်အမျိုးသားပါတီအနေနဲ့ကတော့ လက်ရှိတက်လာတဲ့ အန်အယ်လ်ဒီအစိုးရနဲ့ သမ္မတဦးထင်ကျော်ကို ကြိုဆိုကြောင်းနဲ့ ပါတီဒုဥက္ကဋ္ဌ နိုင်သက်လွင်အနေနဲ့ စိတ်အားထက်သန်စွာ တိုင်းရင်းသားရေးရာဝန်ကြီး လက်ခံတဲ့အပေါ် တစုံတရာကန့် ကွက်ဖို့ မရှိကြောင်း ဒီကနေညနေပိုင်းမှ ကြေညာချက် တစောင်ထုတ်ပြန် ထားပါတယ်။

မွန်အမျိုးသားပါတီဟာ ၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်(၃)နေရာ အနိုင်ရရှိထားပြီး UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့အဖွဲ့ဝင်လဲဖြစ်ပါတယ်။

XS
SM
MD
LG