သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးထိန်းချုပ်ဖို့ ကြိုးစားရင်း သတ်မှတ်နယ်ကျော်ခဲ့ဟုမွန်ပြည်သစ်ပါတီဆို


မွန်ပြည်သစ်ပါတီမှ နယ်ကျော်ပြီး မူးယစ်ဆေးသယ်ဆောင်သူများကို ဖမ်းဆီးစဉ်။ (ဓာတ်ပုံ-Mon Voice)
မွန်ပြည်သစ်ပါတီမှ နယ်ကျော်ပြီး မူးယစ်ဆေးသယ်ဆောင်သူများကို ဖမ်းဆီးစဉ်။ (ဓာတ်ပုံ-Mon Voice)

ပြီးခဲ့တဲ့သီတင်းပတ်က မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တချို့ဟာ NCA သဘော တူ ညီမှုကို ချိုး ဖောက် တာဖြစ်တယ်လို့ ဆိုပြီး မွန်ပြည်နယ်အစိုးရက ကန့်ကွက်ခဲ့တဲ့ အပေါ် မွန်ပြည်သစ်ပါတီကတော့ ဒါဟာ ပြည်နယ်တွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ဖို့လိုအပ်လာတဲ့အတွက် နယ်မြေကျော်လွန်သွားခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပါ တယ်။ မတ်လ၂၀ ရက်နေ့က မုဒုံကျေးရွာဘက်မှာ နယ်ကျော်လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တချို့က ဖမ်းဆီးခဲ့တဲ့ အပေါ် ပြည်နယ်အစိုးရက ကန့်ကွက်ခဲ့ တာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

မတ်လ ၂၀ ရက်နေ့က မုဒုံကျေးရွာ အရှေ့ဘက် ၇ မိုင်လောက်မှာ မူးယစ်ဆေးဝါး သယ် လာ သူ ၈ ယောက်ကို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တချို့က ဖမ်းဆီးထိန်းသိမ်းခဲ့ တာပါ။ ဒီဖြစ်ရပ်မှာ မွန်ပြည်သူသစ်ပါတီ တပ်ဖွဲ့ဝင်တွေ အနေနဲ့ သတ်မှတ်နယ်မြေကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ NCA မှာ သဘောတူထားတဲ့အတိုင်း နယ်ကျော် လက်နက် မကိုင် ဆောင်ဖို့၊ နယ်ဘက်ဆိုင်ရာကိစ္စတွေမှာ ဝင်ပြီး မစွက်ဖက်ဖို့၊ ဖမ်းဆီးထားတဲ့သူတွေကို ရဲတပ်ဖွဲ့ကို ပြန်အပ်ဖို့ ဆိုတဲ့ အချက်တွေကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး အစိုးရအဖွဲ့က ကန့်ကွက်လိုက်တာပါ။

မွန်ပြည်သစ်ပါတီကတော့ ခုလို လုပ်ဆောင်ရတာဟာ မူးယစ်ဆေးဝါးထိန်းချုပ်မှုတွေကို ပြည်နယ်အစိုးရ ဘက် က ထိထိရောက်ရောက် မလုပ်ဆောင်တဲ့အတွက် ဒါကိုထိန်းချုပ်ဖို့ ကြိုးစားရင်း သတ်မှတ်နယ် ကျော်လွန်ခဲ့တာ ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီရဲ့ ဗဟိုနိုင်ငံရေး ဌာန ဒုတာဝန်ခံ နိုင်အောင်မငေး က ဗွီအိုအေကိုပြောပါတယ်။

“ဒီအပစ်အခတ်ရပ်စဲရေး Bi-Lateral ထိုးတုန်းကပေါ့နော် ကျနော်တို့ ဒီတပ်တွေ ဒီထဲမှာပဲ လှုပ်ရှားသွားလာခွင့် ရှိတယ်။ တပ်တွေအပြင်ဘက်မှာသွားတဲ့အခါကျရင် ဒါကအသိပေးပြီး တော့ သွားလို့ရတယ်၊ လက်နက်ကိုင် ဆောင် ခွင့် မရှိဘူးလို့ ပြောတယ်။ မူယစ်ဆေးဝါး အန္တရာယ်က တနေ့ထက်တနေ့များ လာတယ်။ ဒီနေရာကလည်း တပ်မတော်က လှုပ်ရှား သွားလာမရှိတော့ နေ့စဉ်ရက်ဆက်ဆိုသလိုပေါ့ များလာတဲ့အတွက် ဒါကို ကျနော်တို့က ထိန်းသိမ်းတဲ့အနေနဲ့ ဝင်ရောက်ပြီးတော့- ကျော်လွန်ပြီးတော့လည်း ပြောလို့ရတာပေါ့။ ကျော်လွန်ပေမဲ့လို့ တဘက်မှာ လာပြီး ပိတ်ဆို့ပြီးတော့ ဖမ်းတော့ တွေ့သွားတယ်ပေါ့။ ပြည်နယ်အစိုးရဝန်ကြီးချုပ် ဒေါက်တာအေးဇံ တက်လာကတည်းက ဒါကို ပြတ်ပြတ် သားသား ကိုင်တွယ်မယ်လို့ ပြောထားတယ်၊ ကတိ ပြုထားတယ်။ ဒါပေမဲ့ ပြတ်ပြတ် သားသား ကိုင်တွယ်မှုတော့ အားနည်းတာပေါ့။”

မူးယစ်ဆေးဝါးဖမ်းဆီးတဲ့ကိစ္စကိုမပြောလိုပေမဲ့ တရားခံတွေကို သက်ဆိုင်ရာကို အပ်ဖို့ နဲ့ NCA ကို အချက်တွေကို လိုက်နာဖို့အတွက် ကန့်ကွက်ခဲ့ကြောင်း မွန်ပြည်နယ်လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က ဗွီအိုအေကို ပြောပါတယ်။

“အဓိကအကြောင်းအရာကတော့ သူတို့မူးယစ်ဆေးဝါးဖမ်းဆီးတယ်ဆိုတာ ကျနော်တို့ သတင်းရတယ်။ လူမှု ကွန်ရက် ပေါ်မှာလည်း တွေ့တဲ့အခါ ကျနော်တို့က NCA လက်မှတ် ရေးထိုးပြီးသားအဖွဲ့အစည်းဖြစ်တဲ့အတွက် NCA ရဲ့ သဘောတူညီချက်ကို လိုက်နာဖို့ အဓိကပေါ့နော်။ မူးယစ်ဆေးဝါးဖမ်းဆီးတယ် ဆိုတာကတော့ ဒါအားလုံး လုပ်ရမယ့် အလုပ်။ ကျနော်တို့ ဘာမှပြောစရာအကြောင်းမရှိဘူး။ ဖမ်းဆီးပြီးတဲ့အခါမှာ ဥပဒေအရ အရေးယူနိုင်ဖို့အတွက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော်၊ သက်ဆိုင်ရာကို အပ်နှံပေးဖို့ ကျနော်တို့ ပြောတာပါ။ မအပ်နှံသေးတာဖြစ်တဲ့အတွက် ဒါကို ကန့်ကွက်တယ် ဆိုတဲ့ အကြောင်း ကျနော်တို့က ကန့်ကွက်စာ ပေးပို့တာပါ။”

မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံတွေဘက်ကတော့ ဒီကိစ္စကို ပါတီဌာနချုပ်နဲ့ ဆွေးနွေးနေပြီး ဆိုးရွားလာတဲ့ မူးယစ်ဆေးကိစ္စကို မွန်ပြည်နယ်အစိုးရနဲ့ နှစ်ဘက်ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာကို စဉ်းစားသွား မယ်လို့ပြောပါတယ်။

မွန်ပြည်နယ်မှာ မူယစ်ဆေးဝါးကို အခြေခံကျောင်းသားတွေကြားမှာလည်း သုံးစွဲလာပြီ ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီရဲ့ ဗဟိုနိုင်ငံရေးဌာန ဒုတာဝန်ခံ နိုင်အောင်မငေးက ပြောပါတယ်။ မုဒုံ-သံဖြူဇရပ် ကားလမ်းတလျှောက်ဟာ မူးယစ်ဆေး နေ့တိုင်း သယ် ဆောင်တဲ့အဓိကလမ်းကြောင်း ဖြစ်နေသလို စစ်ဆေးရေးဂိတ်တွေလည်း မရှိတဲ့ အတွက် ဒါကိုကျပ်မတ်ဆောင်ရွက်ပေးဖို့ မွန်ပြည်သစ်ပါတီဘက်က ပြည်နယ်အစိုးရကို တောင်းဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG