သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးကြီးအဆို လွှတ်တော်မှာ ဆွေးနွေးရေး အစိုးရအဖွဲ့ သုံးသပ်မည်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန MOI.
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန MOI.

လက်ရှိ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းနေတဲ့ အရေးကြီး အဆိုတွေ ကို ဖြေရှင်းဆွေးနွေး ရန် သင့်မသင့် သုံးသပ်ဖို့ လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရုံး က ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ကို ပေးပို့တဲ့စာမှာ အခုလို ဖေါ်ပြထားတာပါ။ အခုလိုလွှတ်တော်က ဆင့်ခေါ်တာကို အစိုးရ အဖွဲ့ဘက်က သွားရောက်ဖြေရှင်းဖို့ ငြင်းဆိုခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက် လို့ ပြည်သူ့လွှတ်တော်မှာ NLD လွှတ်တော်အမတ်တချို့ အရေးကြီး အဆို တင်သွင်းပြီး မေးခွန်းထုတ်လာတဲ့အပေါ်မှာ လာရောက်ဆွေးနွေးဖြေရှင်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း သမ္မတရုံးက ဖေဖေါ်ဝါရီလ(၂၆)ရက် နေ့ရက်စွဲနဲ့ ပေးပို့လာတဲ့ အကြောင်းကြားစာ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အခုလို လွှတ်တော်မှာ ပြောကြားသွားပါတယ်။

" လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ။ ယခု ဆွေးနွေးနေတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန (၁၄) ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော် လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များ ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီး အဆိုကို ဖြေရှင်းဆွေးနွေးနိုင်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် အချိန်လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်။"

အစောပိုင်းတုန်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန် အစိုးရကို ပထမအကြိမ် လွှတ်တော်သက်တမ်း က ရွေးချယ်တင်မြှောက်ခဲ့ တာဖြစ်တာကြောင့် အခုလက်ရှိလွှတ်တော်သက်တမ်းမှာ သူတို့အစိုးရအနေနဲ့ တာဝန်ခံဖို့မလိုတဲ့အတွက် တမင်သပ်သပ်အစိုးရကို ထိုးနှက်တဲ့ ကိစ္စရပ်တွေမျိုးကို လွှတ်တော်မှာ ဝန်ကြီးတွေအနေနဲ့ သွားရောက်ဖြေရှင်းဖို့မလိုဘူးဆိုပြီး ဒီလိုလဲ ထည့်သွင်း ပြောသွားခဲ့တာပါ။

"ပြည်ထောင်စုလွှတ်တော်လို့ ပြောတဲ့အခါမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်လား၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ စတုတ္တအကြိမ် ပြည်ထောင်စု လွှတ်တော်လား ဆိုတာ မပါဘူး။ ကျနော်တို့ နားလည်ထားမှုကတော့ အစိုးရတရပ်သည် သူ့ကို ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော် နားလည်တယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ဒီသဘောမျိုးပဲ တွေ့မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့သလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းငံ့ထားတယ်။ လုံးဝ မဖြေဘူး ဆိုတာ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် အယ်လ်နီညို ကိစ္စမျိုးအတွက် ကျနော်တို့ ပြောသင့်တဲ့အချိန် ကျျနော်တို့ သွားပြောမယ်။ သို့သော် နိုင်ငံရေးအကျိုးအမြတ်တခုအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် လို့ ယူဆတဲ့ကိစ္စ အတွက် ကျနော်တို့ သွားရောက်ပြီးတော့ ပူးပေါင်း ဖြေဆိုမှာ မဟုတ်ဘူး။ "

ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မတ်လကုန်ထိ သက်တမ်းကျန်နေသေးတဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ လက်ရှိလွှတ်တော်ကခေါ်ရင် သွားရမှာဖြစ်ပြီး ဒါကိုငြင်းဆိုခဲ့ရင်တော့ ဖွဲ့စည်းပုံကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တချို့ကမြင်ပါတယ်။

လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ စွပ်စွဲပြစ်တင်တာတွေလုပ်လို့ရသလို လိုအပ်ရင် တောင် ဖြုတ်ပစ်လို့ရတဲ့ အနေအထားထိ ပြဌာန်းထားတာရှိတယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

" အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတယ်။ အဲ့တော့ နိုင်ငံတော်သမ္မတဆိုတာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ အဲ့တော့ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့ ဝန်ကြီးတွေ ဆိုရင် ပြောစရာကို မလိုတော့ဘူး ။ အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးအာဏာကို ပိုင်တဲ့ သမ္မတတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတယ်ဆိုတော့ ဝန်ကြီးတွေအားလုံးလည်း တာဝန်ခံရမယ်။ ဦးရဲထွဋ်ပြောသလို ပထမ လွှတ်တော်ကို တာဝန်ခံရမယ်။ ဒုတိယလွှတ်တော်ကို တာဝန်ခံရမယ်ဆိုတဲ့ စကား မပါဘူး။ အဓိပ္ပါယ်က ဥပဒေနဲ့အညီ ရှိနေတဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ခေါ်ရင် သွားရမယ် တကယ်လို့ မသွားနိုင်ရင်လည်း အကျိုးအကြောင်းနဲ့ ပြောပြရမယ်။ သို့သော် ပြည်ထောင်စုလွှတ်တော်က ခေါ်တာကို မလာနိုင်ဘူးလို့ ပြောရင်တော့ အကြောင်းပြချက်မရှိပဲ မလာနိုင်ဘူးလို့ပြောရင် သို့သော် ငါတို့မှာ လာဖို့ တာဝန်မရှိဘူးလို့ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်။ "

ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ က NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကနေ ရွေးကောက်ပွဲအပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံတွေ၊ စီးပွားရေး လုပ်ငန်းတွေကို အလျင်စလိုငှားရမ်း၊ လွဲှပြောင်းရောင်းချတာ၊ ပုဂ္ဂလိကပိုင်လုပ်တာ၊ ကျူးကျော်တွေကို အတင်းဓမ္မဖယ်ရှားတာ စတာတွေကို အာဏာမလွဲှပြောင်းခင် အလျင်အမြန်ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြတဲ့ အရေးကြီးအဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG