သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးအကျဉ်းသား ဆိုင်ရာ ကော်မတီသစ် HRW နဲ့ AI ဝေဖန်


အင်းစိန်ထောင်၊ အကျဉ်းဦးစီးဌာန။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုသူတွေကို ဖမ်းဆီး ထောင်ချနိုင်တဲ့ ဥပဒေတွေကို ဖယ်ရှားပေးဖို့ Amnesty International နဲ့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

အခု မြန်မာနိုင်ငံမှာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားမှာ အရေးဆိုင်ရာ ကော်မတီသစ် အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွတ်လာအောင် လုပ်ဆောင်ပေးဖို့လည်း ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဒီနှစ်ဆန်း ဇန်နဝါရီလမှာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ၂၈ ဦးပါ နိုင်ငံရေး အကျဉ်းသားများ အရေး ဆိုင်ရာ ကော်မတီ အနေနဲ့ ကော်မတီ အသစ်ထဲမှာ အဖွဲ့စုံပါဝင်စေဖို့၊ ထင်သာမြင်သာရှိဖို့နဲ့ လွတ်လပ်မှုရှိဖို့ အတွက် လူ့အခွင့်ရေးအဖွဲ့တွေက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေ ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကို ဖြေရှင်းပေးဖို့လိုအပ်သလို နိုင်ငံသားတွေကို လိုသလို ဖမ်းဆီးနိုင်ဖို့ ဖန်တီးထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ လည်း တောင်းဆိုခဲ့ပါတယ်။

အခုအခါမှာ ထပ်ပြီး အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိလာနေတာမို့ သူတို့ကို အမြန်လွှတ်ပေးဖို့ လိုသလို ရှိနေတဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ပြန်လွတ်လာဖို့ လည်း လိုအပ်တယ်လို့ Amnesty International က T. Kumar က VOA ကိုပြောပါတယ်။

" နိုင်ငံရေးအကျဉ်းသား ဖြစ်နေသူတွေဟာ အကြမ်းဖက်ဖို့ လုပ်ခဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ အဖွဲ့တွေက တောင်းဆိုပါတယ်။ သူတို့ကို လွှတ်ပေးတဲ့ ဆုံးဖြတ်ချက်ချဖို့ ဘာ့ကြောင့် ကော်မတီတွေ တခုပြီးတခု ဖွဲ့နေရတယ်၊ အခုထိ သူတို့ကို ဘာ့ကြောင့် လွှတ်မပေးသေးတယ် ဆိုတာကို ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။"

နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပါတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ မြန်မာအစိုးရ လုပ်ဆောင်နေတာ အချိန် အတော်ကြာနေပြီမို့ အခုလို ကော်မတီတွေ အဆင့်ဆင့် ပြောင်းဖွဲ့ပြီး အချိန်ဖြုန်းနေမယ့်အစား သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ပြောပါတယ်။ ဒါ့အပြင် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံလို အဖွဲ့မျိုးကို ပါဝင်ခွင့်ပေးမထားတဲ့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

" မေးခွန်းထုတ်စရာ ဖြစ်လာတာက ဒီ နိုင်ငံရေး အကျဉ်းသား ပြဿနာကို မြန်မာအစိုးရ အနေနဲ့ ဘယ်လောက် ရိုးရိုးသားသား ကိုင်တွယ်သလဲ ဆိုတာပါပဲ။ သူတို့ဘက်က ရိုးရိုးသားသားနဲ့ ဒီပြဿနာကို အလေးအနက်ထားတယ် ဆိုရင် အသစ်ထပ်ဖွဲ့တဲ့ ကောမတီ ကနေ AAPP လို အဖွဲ့မျိုးကို ဖယ်ထုတ်ပစ်စရာ မလိုပါဘူး။ ဒီလို အဓိက ကျနေတဲ့ အဖွဲ့မျိုးကို ပါဝင်ခွင့် မပေးတာဟာ စဉ်းစား စရာ ဖြစ်လာပါတယ်။"


AAPP-B အဖွဲ့ဟာ အရင် ၂၀၁၃ ဖေဖေါ်ဝါရီ ၇ ရက် သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဖွဲ့စည်းခဲ့တဲ့ ၁၉ ဦးပါ ကော်မတီထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မကျန်တော့ဘူးလို့ မြန်မာအာဏာပိုင်တွေရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ဘူးလို့လည်း ပြောပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို လက်ရှိဥပဒေတွေ၊ အရင်ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ လိုသလို နံမယ်တပ် ဖမ်းဆီးနေတာ တွေရှိနေတာမို့ဒီဥပဒေတွေဟာ နိုင်ငံတကာစံနှုံးနဲ့ မကိုက်ညီတဲ့အတွက် ပယ်ဖျက်ပေးဖို့လည်း ပြောပါတယ်။

"ကျွန်တော်တို့ကို စိတ်ပူစေဆဲ ဥပဒေက ၂ ခု ၃ ခု လောက် ရှိပါတယ်။ ဒီဥပဒေတွေကို သုံးပြီး ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေတဲ့ လူ့အခွင့်ရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးရှေ့နေတွေကို အာဏာပိုင်တွေက ဖမ်းဆီးလေ့ ရှိပါတယ်။ အထူးသဖြင့် ပြောရရင် ပြစ်မှုဆိုင်ရာ ဥပဒေပါ။ နောက် - ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်း လှည့်လည်ခွင့် ဥပဒေနဲ့ အရေးပေါ်အက်ဥပဒေ အပြင် နိုင်ငံတော် လျို့ဝှက်ဥပဒေလည်း ပါပါတယ်။ အာဏာပိုင်တွေဟာ နိုင်ငံရေး အတိုက်အခံတွေ၊ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာ ထုတ်ဖေါ်သူတွေရဲ့ အသံတွေကို တိတ်သွားအောင် ဒီဥပဒေတွေကို သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ ဥပဒေကို လက်တလုံးခြား လုပ်တာ ဖြစ်သလို နိုင်ငံတကာ စံနှုံးနဲ့လည်း မကိုက်ညီတဲ့အတွက် ဒီဥပဒေတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်။"

ဦးသိန်းစိန်အစိုးရအနေနဲ့ ဒီလို ထုတ်ဖေါ်ပြောဆိုသူတွေရဲ့အသံတွေကို နားထောင်သင့်ပြီး လူသားတွေရဲ့ အခြေခံ ရပိုင်ခွင့်ကျင့်သုံးတဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုသူတွေကို ဖမ်းဆီးထောင်ချမယ့် အစား ဒီလို ထုတ်ဖေါ်ပြောဆို တတ်ဖို့ လေ့ကျင့်ပေးသင့်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG