ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေအပေါ် ရုရှားက ထောက်ပံ့ပေးနေမှုကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး အစရှိတဲ့ ကဏ္ဍတွေကို ဦးတည်ပြီးတော့ ချမှတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
အခုလို အရေးယူတာဟာ ဇူလိုင်လ ၇ ရက်နေ့က လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတဲ့ မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံရမှုနဲ့ ဆက်စပ်နေပါတယ်လို့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော်မှာ ပြောဆိုလိုက်ပါတယ်။ အဲ့ဒီလေယာဉ်ကို ယူကရိန်းလေယာဉ်နဲ့ မှားပြီးတော့ ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ သူပုန်တွေက ရုရှားလုပ် မစ်ဇိုင်းဒုံးပျံနဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရုရှားနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှု အပါအဝင် ရုရှားနိုင်ငံရဲ့ ရေနံနဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ရောင်းဝယ်မှုကို ပိတ်ပင်တားဆီးတဲ့ ပိတ်ဆို့အရေးယူမှုအသစ်ကို ဘရတ်စဲလ်မှာရှိတဲ့ ဥရောပသမဂ္ဂ ၂၈ နိုင်ငံက သံအမတ်ကြီးတွေက သဘောတူညီခဲ့ပါတယ်။
အီးယူအနေနဲ့ မလွဲမရှောင်သာတဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူ ပိတ်ဆို့မှု လုပ်ရတာ ဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲ က ပြောဆိုပါတယ်။ ရုရှားနိုင်ငံဟာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေယာဉ်ပျက်ကို စုံစမ်းစစ်ဆေးတဲ့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့နဲ့ ပူးတွဲလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံက သူ့စစ်တပ်ကို ယူကရိန်းနယ်စပ်အနီးမှာ ဖြန့်ကျက်တပ်စွဲထားသလို၊ ခွဲထွက်ရေးသူပုန်တွေကိုလည်း စစ်လက်နက်တွေ ဆက်လက်ပြီးတော့ ထောက်ပံ့နေဆဲဖြစ်တယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။ ရုရှားနိုင်ငံဘက်ကနေ မစ်ဇိုင်းဒုံး အမြောက်လက်နက်ကြီးတွေနဲ့ ယူကရိန်းနိုင်ငံဘက်ကို ပစ်ခတ်နေတာ တွေ့နေရတဲ့တိုင်အောင် ရုရှားက သူပုန်တွေကို လက်နက်ထောက်ပံ့နေတယ်လို့ ပြောဆိုထားတာကို ငြင်းပယ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။