သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စတိုင်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့် ရပ်ဆိုင်း


နိုင်ငံရေး ဆောင်းပါးတွေကို ဦးစားပေး ဖော်ပြနေတဲ့ လစဉ်ထုတ် စတိုင်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့်ကတ်ကို ဆက်လက်ငှားရမ်းခြင်း မပြုတော့တဲ့အတွက် မဂ္ဂဇင်း ရပ်ဆိုင်းလိုက်ရပါတယ်။ အကြောင်းကတော့ ထုတ်ဝေခွင့် ပိုင်ဆိုင်သူကို စာပေစိစစ်ရေးက ဖိအားပေးတဲ့ အတွက်ကြောင့် ဆက်လက်ငှားရမ်းခြင်း မပြုတာလို့လည်း ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

စတိုင်သစ် မဂ္ဂဇင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ထားခံရတဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ပြန်လည်ထုတ်ေ၀ ဖြန့်ချိခွင့် ပေးလိုက်ပေမဲ့ ထုတ်ဝေခွင့် ပိုင်ဆိုင်သူက သူတို့ဂျာနယ်ကို ထုတ်ဝေခွင့်ကတ် ဆက်လက် မငှားရမ်းတော့တဲ့အတွက် စတိုင်သစ် မဂ္ဂဇင်း ရပ်ဆိုင်းလိုက်ရပြီလို့ အယ်ဒီတာချုပ် ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“စတိုင်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့်ကတ်က ကျနော်တို့ပိုင်တဲ့ကတ် မဟုတ်ဘူး။ ကျနော်တို့က ငှားပြီးတော့ အငှားလုပ်တဲ့ကတ်ပေါ့။ အဲဒီပိုင်ရှင်က ကျနော်တို့ကို ဆက်လက်ပြီး မငှားချင်တော့ဘူး ဆိုပြီးတော့ သူ့ကတ်ကို သူပြန်သိမ်းလိုက်တဲ့ သဘောပေါ့။ အဲဒီတော့ ကျနော်တို့ ဆက်ထုတ်ဖို့ အခက်အခဲ ဖြစ်သွားတာပေါ့။ ပြောရရင်တော့ ကျနော်တို့ ရပ်သွားပြီပေါ့။

“သူပြောတဲ့စကားမှာ ဘာပါလဲဆိုတော့ သူ့ကို စာပေစိစစ်ရေးက ခေါ်ပြီး ဖိအားပေးပါတယ်။ ပြီးတော့ တခုခုဖြစ်ရင် သူက ထုတ်ဝေခွင့်ကတ်ရဲ့ ပိုင်ရှင် ဖြစ်နေတဲ့ အတွက်ကြောင့် သူ အရင်ဆုံး ထိခိုက်မယ်ပေါ့။ ပြီးတော့ တရားစွဲခံရနိုင်တယ် ဘာညာအထိ စာပေစိစစ်ရေးက သူ့ကို ပြောတယ်လို့ သူကတော့ ပြောတယ်ဗျ။

“စာပေစိစစ်ရေးက ကျနော်တို့ကို ခေါ်တွေ့တဲ့အချိန်မှာ သူ ကျနော်တို့နဲ့အတူ လာတွေ့ဖို့ ပျက်ကွက်တယ်။ စာပေစိစစ်ရေးကလည်း ကျနော်တို့ကို ဇန်နဝါရီ ပြန်ပေးမယ်လို့ ပြောထားပြီးသားဆိုတော့ စာပေစိစစ်ရေးက သူ့ကို တကယ်ပဲ အဲဒီလို ဖိအားပေးသလား၊ ခြိမ်းခြောက်သလား ဆိုတာတော့ ကျနော်တို့ တိတိကျကျ မသိနိုင်ဘူးပေါ့။”

စတိုင်သစ် မဂ္ဂဇင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အာဇာနည်နေ့ အထူးထုတ် ဖြန့်ဝေဖို့ စီစဉ်ထားပေမဲ့ ဆောင်းပါး တော်တော်များများကို စာပေစိစစ်ရေးက ဖြုတ်ပစ်တာမို့ စာဖတ်ပရိသတ်တွေကို ပြောထားသလို မဖြစ်တဲ့အတွက် တောင်းပန်လွှာ တစောင်ကို စာပေစိစစ်ရေး မတင်ဘဲ ထုတ်ဝေလိုက်တဲ့အတွက် ထုတ်ဝေခွင့် ၆ လ ပိတ်ခံထားရတာ ဖြစ်ပါတယ်။

“ဇူလိုင်လကို အာဇာနည်နေ့အထူး ကျနော်တို့က စာမျက်နှာ ၂၀၀ ကျော်လောက်နဲ့ ထုတ်ချင်တာ။ ဒါပေမဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေနဲ့ တခြား တွဲတင်တဲ့ ဆောင်းပါးတွေက တော်တော်များများ ပြုတ်သွားတော့၊ ကျနော်တို့က စာမျက်နှာ ၂၀၀ လောက် ထုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီ ဇူလိုင်လကတော့ ကျနော်တို့က စာမျက်နှာ ၁၄၀ လောက်ပဲ ထုတ်ဖြစ်ပါတယ်။ ဖြုတ်ခံရတဲ့ စာမူတွေက များသွားတော့။

“အဲဒါနဲ့ စာအုပ်ပါးသွားတဲ့ အခါကြတော့၊ ဘာပဲပြောပြော ရောင်းဈေးက မလျှော့နိုင်တဲ့ အခါကြတော့ ကျနော်တို့က စာအုပ်ပါးသွားရတဲ့ အကြောင်းရင်းနဲ့ ဒီလို ဖော်ပြချင်ပေမဲ့ တချို့စာမူတွေ ပြုတ်သွားတဲ့ အတွက်ကြောင့် စာဖတ်ပရိသတ်များက နားလည်ပေးဖို့ ဆိုပြီးတော့ တောင်းပန်လွှာလေး ထည့်လိုက်ပါတယ်။ ဒီတောင်းပန်လွှာလေးတော့ ပြဿနာလည်း မတက်လောက်ဘူးဆိုပြီး တောင်းပန်လွှာကို စာပေစိစစ်ရေးကို မတင်ပြတော့ဘဲနဲ့ ကျနော်တို့သဘောနဲ့ ကျနော်တို့ ထည့်လိုက်တာပါ။”

စတိုင်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုတိုးကျော်လှိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

စတိုင်သစ် မဂ္ဂဇင်းဟာ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေကို ဦးစားပေး ဖော်ပြနေတဲ့ မဂ္ဂဇင်းတခု ဖြစ်သလို အခုလိုမျိုး ထုတ်ဝေခွင့် ရပ်ဆိုင်းသွားတဲ့အတွက် ပြန်ပြီး ထုတ်ဝေခွင့် စောင့်ဆိုင်းခဲ့ရတဲ့ ၆ လကျော် အတွင်းမှာ ရုံးခန်းငှားရမ်းခတွေ၊ အလုပ်သမား စရိတ်တွေ၊ ဝန်ထမ်းစရိတ်တွေနဲ့ အများကြီး အခက်အခဲနဲ့ နစ်နာမှုတွေ ကြုံနေရတယ်လို့လည်း မဂ္ဂဇင်း တာဝန်ခံတွေက ပြောပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေဟာ ထုတ်ဝေခွင့်ကတ် ပိုင်ဆိုင်သူတွေဆီကနေ တဆင့် ပြန်လည်ငှားရမ်းပြီး ထုတ်ေ၀ ဖြန့်ချိကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဂျာနယ်တွေရဲ့ ထုတ်ဝေခွင့်ကတ် တော်တော်များများဟာဆိုရင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေရဲ့ သားသမီးတွေ၊ ဆွေးမျိုးအသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပဲ ရကြပါတယ်။

သူတို့ဆီကတဆင့် ပြန်ငှားကြရတဲ့အခါ နိုင်ငံရေးဆိုင်ရာ သတင်းတွေနဲ့ ဂျာနယ်တွေ ပြဿနာ မတက်ရဘူးလို့ စာချုပ်စာတမ်းမှာ မပါပေမဲ့ ဒီလိုပြဿနာမျိုးနဲ့ ကြုံရတဲ့ ဂျာနယ်ဆိုရင် ထုတ်ဝေခွင့်ကတ် ပိုင်သူတွေက ဂျာနယ်တွေကို ဆက်ငှားရမ်းတာတွေ မပြုလုပ်တော့ပါဘူး။

XS
SM
MD
LG