သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်ဥပဒေသစ် ပေးဆောင်ရနှုန်း သက်သာမည်


အခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးမယ့် ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေသစ် ၂ ရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ သမ္မတ လက်မှတ်ရေးထိုးပြီးချိန်မှာ ဥပဒေတွေအဖြစ် အသက်ဝင်လာမယ့် အခွန်ဥပဒေသစ်အရ အခွန်ဆောင်ရတာ ပိုပြီး သက်သာမယ့် အခြေအနေမှာ ရှိပေမဲ့ လူတိုင်း အခွန်ဆောင်တဲ့ အနေအထား ဖြစ်လာဖို့ကတော့ အခွန်စည်းကြပ်သူတွေ ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးကို ပြုပြင်ဖို့ လိုအပ်နေဆဲပါလို့ ဆိုကြပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အခု ဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးမယ့် ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေသစ်ကို မနေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒီဝင်ငွေခွန် ဥပဒေအရဆိုရင်တော့ အရင်ကထက် ဝင်ငွေခွန် ပေးဆောင်ရတာ ပိုပြီး သက်သာစေမှာ ဖြစ်တယ်လို့ အခွန်ဥပဒေကြမ်းတွေကို လွှတ်တော်မှာ ပင်တိုင် ဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက ပြောပါ တယ်။

“ဝင်ငွေခွန်ကတော့ အရင်တုန်းက လစာက ၁ သိန်း ၂ သောင်းဆိုလို့ရှိရင် တနှစ်ကို ၁၄ သိန်း ၄ သောင်းကျော်လို့ရှိရင် အခွန်စည်းကြပ်တယ်။ အခု ကျမတို့က တနှစ်ကို သိန်း ၂၀ ကျော်မှပဲ စည်းကြပ်တယ်။ အဲ့ဒီတော့ သိန်း ၂၀ ကို ၁၂ နဲ့ စားကြည့်တော့ ၁ သိန်းခွဲကျော်တော့မှ အခွန်စည်းကြပ်ခံရမယ့် သဘောမျိုး ဖြစ်သွားတာပေါ့။ လူတွေအတွက်ကတော့ သက်သာတယ်လို့ ခေါ်ရမှာပေါ့။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာက နှစ်ပေါင်းများစွာ အခွန်ပေးဆောင်မှု အလေ့အထနဲ့ ကင်းကွာခဲ့သူ ပြည်သူတွေ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်သိ အခွန်ပေးဆောင် လာဖို့ကတော့ အစိုးရဘက်က ထိရောက်တဲ့ လုပ်ဆောင်မှု လိုအပ်တယ်လို့လည်း ဒေါ်တင်နွယ်ဦးက ပြောပါတယ်။ ပြည်သူတွေ အခွန်ပေးဆောင်လာဖို့အတွက်က ပြည်သူတွေကို ပညာပေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာထက် အမှန်တကယ် အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူတွေကို အစိုးရက အကောက်ခွန် ဦးစီးဌာနတွေမှာ အလုပ်ခန့်ဖို့က အရေးကြီးတယ်လို့ ဒေါ်တင်နွယ်ဦးက ထောက်ပြပါတယ်။

“အခွန်ဆိုတာက transparent ဖြစ်ရမယ်။ နောက်ပြီးတော့ လူတိုင်းနားလည်တဲ့ဟာ ဖြစ်ရမယ်ဆိုတာကို ထည့်ပြောပါတယ်။ သူတို့က လုပ်နေပါတယ်။ နောက်တခုက အခွန်နဲ့ပတ်သက်ပြီး ကျောင်းတွေသွား ကြေညာပေးရမယ်။ ဒါပေမဲ့ ကျောင်းတွေမှာ သွားပြီး ကြေညာပေးလို့မရဘူး။ ဒါတွေကို ကျောင်းက ကလေးတွေမှ နားမလည်တာ။ ကျောင်းက ကလေးတွေ မပြောနဲ့ ဘီကွန်းအောင်ပြီးသား ၃ နှစ်နဲ့ အောင်ပြီးသားတောင် Commercial Law မသင်ထားဘူး။ ကျမတို့ခေတ်ကလို မဟုတ်ဘူး။ အဲ့တော့ အဲဒီ Commercial Law တတ်ထားမှ ဒီဘက်က ဝင်ငွေခွန်ကျတော့ တွက်လည်း တွက်တတ်မှာ။ နားလည်ပိုလွယ်တယ်။ အဲ့ဒီတော့ များသောအားဖြင့်က နားမလည်တော့ တော်တော်ကို ခက်ခဲပါတယ်။”

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အခွန်ရုံး အသီးသီးမှာ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေနဲ့ လူထုရဲ့ ဝင်ငွေဆိုင်ရာ မှတ်တမ်းတွေ ရှိထားရမှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာ ဒီလို အချက်အလက်တွေ မရှိဘဲ ဖြစ်နေတာကြောင့် တကယ်တမ်း အခွန် စည်းကြပ်မှု တန်းတူညီမျှ ရှိမှုအတွက် ကတော့ အချိန်ယူရမှာ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။ နောက် အခွန်စည်းကြပ်မယ့် ဝန်ထမ်းတွေဟာ တကယ်တန်း နားလည်သူတွေ ဖြစ်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့လည်း လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက အခုလို ပြောဆိုပါတယ်။

“အခွန်ဥပဒေလုပ်ဖို့က ဒီမိုးကျရွှေကိုယ်တွေ ခန့်ထားတာတွေ ပယ်ဖျက်လိုက်ပြီးတော့ တကယ် အခွန်ကို နားလည်ပြီး အကုန်လုံးက စီးပွားရေးတက္ကသိုလ် အောင်တဲ့လူတွေ၊ စီမံကိန်းရုံးကလူတွေကိုချည်းပဲ အခွန်မှာ ထားထားတာကိုး။ သူတို့က Training နည်းနည်းပဲ လိုတာလေ။ အစကတည်းက သူတို့က အခြေခံက ရှိပြီးသား။ လက်တွေ့ အတွေ့အကြုံလည်း ရှိပြီးသား။ အဲတော့ ဘယ်လိုဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဆိုတဲ့ Training လေးတွေပေး၊ တခါ ပြန်ပြီးတော့ ဌာနထဲမှာလည်း ဌာနအကြီးအမှူးပေါ့နော်။ ဥပမာ - မြို့နယ်အခွန်ဦးစီးမှူးကနေ အောက်ကလူတွေ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အဆင့်ဆင့် အဆင့်ဆင့် လုပ်ပေးသွားမယ်ဆိုရင်တော့ ကောင်းမှာပါ။”

ပြည်ထောင်စု လွှတ်တော်က မနေ့က အတည်ပြုလိုက်တဲ့ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေတွေကတော့ သမ္မတ လက်မှတ်ရေးထိုးပြီးရင် ဥပဒေ အရ အသက်ဝင်လာမှာ ဖြစ်ပါတယ်။
XS
SM
MD
LG