သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ရခိုင်ရောက်


ကုလ အထူးကိုယ်စားလှယ် Yanghee Lee
ကုလ အထူးကိုယ်စားလှယ် Yanghee Lee

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စစ်တွေထောင်နဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံ ကိုမိုးဇော် တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee သူ့ရဲ့ ဒုတိယမြောက်နေ့ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့နှစ်တွေအတွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ တာဖြစ်ပါတယ်။ ဒီကနေ့ စစ်တွေမြိုမှာ ဆောင်ရွက်ခဲ့တာတွေကိုတော့ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ ဒီနေ့မနက် စစ်တွေရောက်တယ် ရောက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့တယ်။ အဲ့ဒီ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပါ အပါအဝင်ပေါ့နော်။ တွေ့တယ်။ တွေ့ပြီးတော့ အခု ကျနော်တို့ စစ်တွေထောင်ကို သွားပြီးတော့ အဲ့ဒီ့က အကျဉ်းသား အချို့နဲ့ တွေ့တယ်။ နောက် စက်ရုံစုဆိုတဲ့ အရပ်ကို ကျနော်တို့ သွားပါတယ်။ အခုပဲ နေ့လည်သုံးနာရီလောက် ရှိနေပြီ။ ကျနော်တို့ IDP ကမ့်တွေထဲ ဝင်တွေ့ဖို့ရှိပါတယ်။ "

ကုလသမဂ္ဂပြန်ကြားရေးရုံး ကတော့ အသေးစိတ်သတင်းထုတ်ပြန်တာမရှိပါဘူး။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နေ့ခင်း၁၁နာရီကနေ ၁၂နာရီလောက်အထိတွေ့ဆုံခဲ့ တာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးဖြစ်တာတွေကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အခုလို ပြောပါတယ်။

"တွေ့တော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အရင်ဖြစ်ခဲ့တဲ့ဟာလေးတွေ အကျဉ်းရုံး ရှင်းပြတယ်။ ရှင်းပြပြီးတော့ အခုအခြေအနေက ဘယ်လိုနေရာချထားတယ်။
ဘယ်လိုလုပ်ထားတယ်ဆိုတာ ဒီလောက်ပဲ ရှင်းပြတာပေါ့။ သူကလည်း နည်းနည်းသိချင်တာလေးတွေ မေးပြီးတော့ ရှေ့ ဘယ်လိုဆက်လုပ်ကြမလဲ ။ ဆိုတာ ဆွေးနွေးကြတာပေါ့။ အရင်ဟာတွေပဲ ပြန်ပြောကြတာပဲ။ အသစ်ဟာတွေ ဘာမှ မပါဘူး။ အဲ့တာတွေပဲ ပြောကြတာ။"


အဲ့ဒီနောက်မှာတော့ စစ်တွေထောင်ကို သွားရောက်စစ်ဆေး ခဲ့ကြောင်း ထောင်ဝန်ထမ်း တဦးက ပြောပါတယ်။

" သူတို့က ၁၁နာရီ ၂၀လောက်မှာ ရောက်တယ်။ ၃ နာရီလောက်မှာ ပြန်သွားတယ်။"

မေး။ ။ ထောင်ထဲမှာရော ဝင်ပြီး လေ့လာပါသေးလား။

"အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး အစ်ကိုရေ။ သူတို့ကတော့ ခန်းမထဲမှာပဲ တွေ့ဆုံပွဲတွေ လုပ်တာပေါ့နော့။"

မေး။ ။ အကျဉ်းသားတွေ ဘာတွေ တွေ့ဆုံတာ ရှိပါသလား။

"အဲ့တာတော့ ကျနော်လည်း မပြောတတ်ပါဘူး။ ကျနော်တို့ အရာရှိတွေပဲ သိပါမယ်။"

ညနေပိုင်းမှာတော့ ရခိုင် ဒုက္ခသည်စခန်းတခုဖြစ်တဲ့ စက်ရုံစု ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့က အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပေမဲ့ ညနေ ၄နာရီခွဲအချိန်လောက်ထိတော့ မရောက်လာသေးဘူးလို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ နောက်နေ့တွေမှာတော့ခရီးစဉ် အတွင်းမှာတော့ ကချင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက်မှာ ဖြစ်သလို၊ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေအပြင် အဓိကအတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံဖို့ ရှိကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG