သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တာနားနေရာ အစားထိုးမည့်သူ လျာထား


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နေရာမှာ အစားထိုးခန့်အပ်မယ့်သူတစ်ဦးကို အမည်စာရင်း တင်သွင်းဖို့ လျာထားပြီဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီတာဝန်အတွက် လျှောက်ထားသူ ၁၈ ဦးရှိတဲ့ထဲမှာ တောင်ကိုရီးယားနိုင်ငံသူ ပါမောက္ခ မစ္စ ယန်းဂီး အီး (Yanghee Lee) ကို လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ ဘော်ဒလဲရ် အန်ဒွန်းဂ် အယ်လာ (Baudelaire Ndong Ella) က လျာထား တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မစ္စ ယန်းဂီး အီးဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် လက်ရှိမှာ တာဝန် ထမ်းဆောင်နေ ပြီး ၂၀၀၃ ခုနှစ်ကတည်းက ဒီကော်မတီမှာ လုပ်ငန်းတာဝန်တွေ ယူလာခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန် ဂျော့ချ်တောင်း တက္ကသိုလ်နဲ့ မစ်ဇိုရီ-ကိုလမ်ဘီယာ တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ပြီးတော့ ကလေးသူငယ်နဲ့ မိသားစုဆိုင်ရာ ဘာသာရပ်နဲ့ Ph. D ဒေါက်တာဘွဲ့ကို ရရှိထားသူလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ဆု အမျိုးမျိုးကို ချီးမြှင့်ခံခဲ့ရတာမှာ ၂၀၀၉ ခုနှစ်မှာတော့ အရပ်သားတွေကိုပေးတဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် Suk Ryu ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

မစ္စတာကင်တားနားရဲ့ တာဝန်သက်တမ်းဟာ မေလမှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့နေရာမှာ အစားထိုး ခန့်ထားမယ့်သူတစ်ဦးကို ရွေးချယ်ထားပြီးပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗွီအိုအေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မစ္စတာကင်တားနားက ပြောခဲ့ပါတယ်။

ဒီတာဝန်အတွက် လျှောက်ထားသူ ၁၈ ဦးရှိတဲ့ထဲကနေ မစ္စ ယန်းဂီး အီးကို လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက လျာထားလိုက်တဲ့ သဘောပါပဲ။
မစ္စ ယန်းဂီး အီးကို ခန့်အပ်ဖို့ အတည်ပြု မပြုဆိုတာကို လက်ရှိ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၂၅ ကြိမ်မြောက်အစည်းအဝေးအတွင်း မတ်လ ၇ ရက် သောကြာနေ့ကျရင် ဆုံးဖြတ်မယ့်သဘောရှိပါတယ်။

လက်ရှိ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ နောက်ဆုံး အစီရင်ခံစာကို လည်း ဒီအစည်းအဝေးအတွင်းမှာပဲ မတ်လ ၁၇ ရက်နေ့ကျရင် တင်သွင်းမှာဖြစ်ပါတယ်။
XS
SM
MD
LG