သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး သံတမန် မြန်မာ ၁၀ ရက် ခရီးစတင်


မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး သံတမန် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး သံတမန် Yanghee Lee

မြန်မာနိုင်ငံဆိုင်ရာ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် Ms Yanghee Lee ဟာ မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေပြီ ဒီကနေ့မှာတော့ ဘာသာစုံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အင်းစိန်ထောင်ကိုလည်း သွားရောက် ပြီး နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Ms Yanghee Leeရဲ့ မြန်မာနိုင်ငံ ပထမနေ့ ခရီးစဉ်သတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ယန်ဟီ လီ မြန်မာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့ကို ဗုဒ္ဓဟူးနေ့ ညပိုင်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၁၇ရက်နေ့ကနေ ၂၆နေ့အထိ ၁၀ရက်ကြာ ခရီးစဉ် ပထမနေ့မှာ ရန်ကုန်မြို့မှာ အဓိက တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေတွေကို ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

"မနက်ကတော့ ဘာသာစုံခေါင်းဆောင်တွေအဖွဲ့ပေါ့နော်။ အဲ့တာ မြို့တော်ခန်းမမှာ တွေ့ပါတယ်။ ပြီးတော့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်နဲ့ သွားတွေ့ပါတယ်။ အဲ့ဒီ့ကနေပြီးတော့ အခု အင်းစိန်ထောင်မှာရှိတဲ့ အကြီးအကဲတွေနဲ့ရော ဒီအကျဉ်းသားတွေနဲ့ရော နိုင်ငံရေး အကျဉ်းသားတွေနဲ့ရော တွေ့ပါတယ်။ လောလောဆယ်တော့ အဲ့လောက်ပါပဲ။ ကျနော်တို့ အင်းစိန်ထောင်က အခုပဲ ထွက်လာပြီး အခု ရုံးသွားပါမယ်။ "


ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့နဲ့ ဒီမနက် ၈နာရီကနေ ၉နာရီထိ မြို့တော်ခန်းမ မှာ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာတွေကိုတော့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ သံအမတ်ကြီးဟောင်း ဦးလှမောင်က အခုလို ပြောပြပါတယ်။

"ဒီမှာတော့ Political Stability ဖြစ်အောင်လုပ်ဖို့လိုတယ်ဆိုတာ Maintain လုပ်နေတာပေါ့နော်။ နှစ်ပေါင်းများစွာ Political Stability နိုင်ငံရေး တည်ငြိမ်မှု မရှိခဲ့လို့ Economic Development မှာ နောက်ကျနေတာရှိတယ်။ အဲ့ဒီ့ သဘောလေးတွေကို ရှင်းပြတယ်။ နောက် အခုဖြစ်နေတဲ့ Conflict လေးတွေ လည်း နည်းနည်းပါးပါး ပြောပြတာပေါ့လေ။ ဒီလောက်ပါပဲ။ ဒီ့ပြင်တော့ သိပ်ပြီး မစ္စတာ ကင်တာနား ဟိုတုန်းက မေးတာ၊ ဖြေတာ ပြုတာ မရှိပါဘူး။ မိတ်ဆက်ပေးတဲ့ သဘောပါပဲ။ တစ်ယောက်နဲ့တစ်ယောက်။"

Ms Yanghee Lee ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ ၁နာရီ နီးပါးတွေ့ဆုံပြီး တွေ့ဆုံစဉ်မှာတော့ နှစ်ဖက် ဆွေးနွေး တင်ပြခဲ့ တာတွေကို ကော်မရှင်ရဲ့အတွင်းရေး ဦးစစ်မြိုင်က အခုလို ပြောပါတယ်။

" အဓိကကတော့ ကျနော်တို့ ကော်မရှင် ဖွဲ့စည်းပုံနဲ့ ဆောင်ရွက် ချက်တွေ ပြော ပါတယ်။ နောက် ဥပဒေ ပြဋ္ဌာန်းမှုကို ကျနော်တို့ ရှင်းပြပါတယ်။ နောက် တိုင်စာတွေ ဆောင်ရွက်မှုတွေ ရှင်းပြပါတယ်။ နောက် ကွင်းဆင်းဆောင်ရွက်မှု အချို့ကို ကျနော်တို့ ရှင်းပြပါတယ်။ နောက် ကျနော်တို့ အခြား အစီရင်ခံစာ ဆောင်ရွက်ချက်တွေကို သူ့ကို တင်ပြပါတယ်။ သီးခြားဆွေးနွေးတာတော့ မရှိပါဘူး။

သူ့အနေနဲ့တော့ ပွင့်လင်းမှုနဲ့ ကျနော်တို့ အပြန်အလှန် နားလည်မှုနဲ့ ဆောင်ရွက် ချင်တယ် ဆိုတဲ့ သူ့သဘောထားလေးကို ပြောပါတယ်။ သူလည်း ဒါပထမဆုံး အခေါက်ဆိုတော့လေ မိတ်ဆက်မှုနဲ့ သိချင်တာလေးတွေ သတင်းအချက်အလက်လေးတွေ လေ့လာတဲ့သဘော အဲ့လိုမြင်ပါတယ်။"

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ် အတွင်းမှာတော့ ကချင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက် မှာ ဖြစ်သလို၊ အစိုးရ တာဝန်ရှိသူတွေနဲ့ အဓိကအတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။ ခရီးစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

မြန်မာ နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Equality Myanmar ရဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေအပြင် လယ်ယာမြေကိစ္စတွေနဲ့ အမျိုးသမီးနဲ့ ကလေး အခွင့်အရေးတွေကိုလည်း အလေးထားသင့်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ လယ်ယာမြေကိစ္စတွေ၊ ဖမ်းဆီးခံထိနေတဲ့သူတွေရဲ့ အကြောင်းအရာ ကိစ္စတွေ က တော်တော်အရေးကြီးနေပါတယ်။ ဒါက သူ့အနေနဲ့ တကယ့်ကို လုပ်ဆောင်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ နောက်တခါ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးနဲ့ပတ်သက်တဲ့ အခြေအနေကလည်း သူတို့မှာ ပိုမို ထိခိုက်နိုင်တဲ့ အတွက် အမျိုးသမီးနဲ့ ကလေး ရှု့ထောင့်ကလည်း လေ့လာသင့်တဲ့ အခြေအနေလို ကျနော်ထင်ပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Leeက ၁၀ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG