သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ ခန့်အပ်ခံ ကန်သံအမတ်သစ် ကျမ်းသစ္စာဆို


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မတ်လ (၂)ရက်နေ့က ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပ။ (သံအမတ်သစ် Scot Marciel (ဝဲ) ကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (ယာ) )
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မတ်လ (၂)ရက်နေ့က ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပ။ (သံအမတ်သစ် Scot Marciel (ဝဲ) ကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (ယာ) )

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ Scot Marciel ဟာ သူ့ရဲ့တာဝန်ကို မတ်လအကုန်မှာ စတင် ထမ်းဆောင်တော့မှာဖြစ် ပါတယ်။ သံအမတ်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မတ်လ (၂)ရက်နေ့က ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel အပါအဝင် အဆင့်မြင့်အရာရှိတွေတက်ရောက်ခဲ့ကြပါတယ်။ အထူး ဧည့်သည်တော်တွေ အဖြစ် မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နဲ့ အတူ မြန်မာသံရုံး တာဝန်ရှိသူတချို့လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံကိုမကြာခင်သွားရောက်တာဝန်ထမ်းဆောင်တော့မယ့် သံအမတ်ကြီးသစ် Marciel ဟာ ပြီးခဲ့သတင်းပတ်က မြန်မာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် NLD အစိုးရသစ်ပေါ်မှာ အမေရိကန် အစိုးရဘက်က မျှော်လင့်ချက်တွေ ရှိနေပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ် ရင်ဆိုင်ရမယ့် အခက်အခဲတွေကို သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိတယ် လို့ ပြောဆိုခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်မထမ်းဆောင်ခင်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဖြစ် ပါတယ်။ ဒါအပြင် ၂၀၁၀-၂၀၁၃ ခုနှစ်ထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်ခဲ့ပြီး ၂၀၀၇-၂၀၁၀ ပြည့်နှစ်ထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး Derek Mitchell ရဲ့သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူရဲ့နှုတ်ဆက်ပွဲ အခမ်းအနားကို မနေ့ကြာသာပတေးနေ့ညက အမေရိကန်သံရုံးမှာကျင်းပခဲ့ပါတယ်။

XS
SM
MD
LG