သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့သစ်စီမံကိန်း တရုတ်ကြွေးပိမှာ စိုးရိမ်မှုတိုး


ရန်ကုန် မြို့တော်ခန်းမမှာကျင်းပတဲ့ ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ယာ)၊ NYDC CEO ဦးသိမ်းေ၀ ခေါ် Serge Pun (ဝဲ) (Picture- NYDC)
ရန်ကုန် မြို့တော်ခန်းမမှာကျင်းပတဲ့ ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ယာ)၊ NYDC CEO ဦးသိမ်းေ၀ ခေါ် Serge Pun (ဝဲ) (Picture- NYDC)

တရုတ်ဆီက အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်းများစွာ ချေးယူပြီးတည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီး ပေါ်ထွန်းစေမယ့် စီမံကိန်းအဖြစ် တာဝန်ရှိသူတွေဘက်က အခိုင်အမာပြောဆိုနေပေမယ့် နောက်ထပ် မြစ်ဆုံနဲ့ ကျောက်ဖြူ စီမံကိန်းတွေလို တရုတ်အကြွေးထောင်ချောက်ထဲ ရောက်နိုင်တဲ့ ကိန်းဆိုက်နေတယ်လို့ မြန်မာ့စီးပွားရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

တရုတ်ရဲ့အကြွေးနဲ့တည်ဆောက်မယ့် ဘတ်ဂျက်ပေါင်း ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာနဲ့ တရုတ် အကျိုးအမြတ်ဘယ်လို ခွဲဝေယူကြမှာလဲ။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမမှာကျင်းပတဲ့ ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲမှာ ရန်ကုန်မြို့သစ်စီမံကိန်းက ရရှိမယ့် အကျိုးအမြတ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက အခုလို ပြောသွားပါတယ်။

“အခုတည်ဆောက်မယ့် ဧရိယာ ၂၀,၀၀၀ နဲ့တွက်မယ်ဆိုရင် ဧက ၁၆,၀၀၀ ဟာ နိုင်ငံတော်အစိုးရကနေ ရရှိမယ့် မြေဖြစ်ပါတယ်။ ဒီမြေပေါ်ကနေ ပေါ်ထွန်းလာမယ့် အကျိုးအမြတ်တွေ အများကြီးဟာ ရန်ကုန်မြို့ဟောင်းကို အများကြီးကယ်တင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဘတ်ဂျက်တွေ အများကြီးပေါ်လာမှာ ဖြစ်ပါတယ်။ တံတားတွေ၊ လမ်းတွေ၊ ဒါပေမဲ့ ဒီဟာကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလုပ်နေတဲ့ စနစ်ဟာ စနစ်တကျစီမံခန့်ခွဲနိုင်အောင် လုပ်တာဖြစ်ပါတယ်။”

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘယ်လောက်အထိ အလေးအနက်ထားသလဲဆိုတာကိုလည်း ဦးဖြိုးမင်းသိမ်းက အခုလို ပြောသွားပါတယ်။

“တချိန်ချိန်မှာ ဒီမြို့သစ်ကြီး တည်ဆောက်ပြီးပေါ်ထွန်းလာခဲ့တဲ့ အခြေအနေမှာ သမိုင်းမှတ်တိုင် တခုအနေနဲ့ ကျန်ခဲ့မှာဖြစ်ပါတယ်။ ဒီအတွက် ကျနော်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံး အကျဉ်းထောင်ထဲမှာ ၁၅ နှစ်လောက် နေခဲ့တဲ့အချိန်မှာ ကျနော်ရဲ့မျှော်မှန်းချက်ကတော့ ကျနော်တို့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ သမိုင်းတခုအတွက် ကျနော်တို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။”

လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပြည်ထောင်စုအစိုးရဖက်က ပါဝင်ဆောင်ရွက်နိုင်အောင် ဆွေးနွေးနေကြောင်း ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အဓိက အကောင်အထည်ဖေါ်နေတဲ့ NYDC CEO ဦးသိမ်းေ၀ ခေါ် Serge Pun ကတော့ ဒီစီမံကိန်းအတွက် တရုတ်အစိုးရရဲ့ China Communication and Construction Company (CCCC) ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးမှာဖြစ်ကြောင်းနဲ့ အကျိုးအမြတ်တွေ ဘယ်လို ခွဲဝေယူမလဲ ဆိုတာ အဲဒီဆွေးနွေးပွဲမှာ အခုလိုပြောသွားပါတယ်။

“ကျနော်တို့ CCCC ကိုပေးတာ လုပ်ငန်းခြောက်မျိုး။ တံတားနှစ်စင်းရှိတယ်။ လမ်း ၂၆ ကီလိုမီတာရှိတယ်။ ရွာမြို့က ငါးခုရှိတယ်။ စက်မှုဇုန်က 23 Square Kilometer ရှိတယ်။ 13 Square Kilometer ရှိတယ်။ ပြီးတော့ ရေ၊ ရေဆိုး အဲဒီလိုခြောက်မျိုးရှိတယ်။ ခြောက်မျိုးရှိတာကို လိုအပ်တဲ့ငွေက ဒေါ်လာသန်းပေါင်း ၁၆၈၀ လောက်ကျတယ်။ အဲဒီငွေအကုန်လုံး ၁၀၀%ကို သူတို့က ထုတ်ရမယ်။ သူထုတ်ပြီးတော့ သူတာဝန်ယူရမယ်။”

ဒါအပြင် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်တိုင်းအစိုးရဘက်မှာ ပိုက်ဆံမရှိသလို၊ ပိုက်ဆံလည်း ထုတ်မှာမဟုတ်ပဲ တရုတ်ကိုပဲ မြေ ပေးမှာဖြစ်ကြောင်းနဲ့ မြေဈေးနှုန်းကိုလည်း 1 square meter ကို ငါးဒေါ်လာနဲ့ သတ်မှတ်ထားကြောင်း ဦးသိမ်းဝေက အခုလိုပြောပါတယ်။

“ကျနော်တို့က တပြားမှ မထုတ်ဘူး။ သို့သော် ကျနော်တို့က CCCC ဆောက်လုပ်ရေးလုပ်ရမယ့် နေရာတွေ၊ လမ်းတွေ၊ တံတားတွေ၊ ရေစက်တွေအတွက် မြေတွေထုတ်ပေးရမယ်။ မြေတွေထုတ်ပေးတဲ့ အခါမှာ ဒီမြေတွေကို ဈေးတွက်တာကို ကျနော်တို့ ဂျပန်နဲ့ ဖက်စပ်လုပ်တဲ့ သီလဝါစက်မှုဇုန်လိုမျိုး နိုင်ငံတော်အစိုးရ ခွင့်ပြုချက်အရ အဲဒီဈေးက 1 Square Meter ကို ၅ ေါ်လာနဲ့။ အဲဒီဈေးနဲ့ တွက်လို့ရှိရင် စောစောကပြောတဲ့ လုပ်ငန်းတွေ အကုန်လုံးလုပ်ဖို့ လိုအပ်တဲ့ မြေအကုန်လုံးတွက်လိုက်ရင် ကျနော်တို့ ထုတ်တဲ့ တန်ဖိုးက ဒေါ်လာ ၁၄၄ သန်း ပဲရှိတယ်။ သူတို့ ထုတ်တာက သန်း ၁၆၈၀ ရှိတယ်။ သူထုတ်တာနဲ့ ကျနော်တို့ ထုတ်တာ ငွေသားမဟုတ်သော်လည်း တန်ဖိုး တခုရှိတဲ့ မြေထုတ်တော့ ကျနော်တို့ ထုတ်တာက ၈%၊ သူထုတ်တာက ၉၂%။ သူတို့က ငွေသား၊ ကျနော်တို့ ကမြေ။”

“ကျနော်တို့က ဈေးကွက်ပေးမယ့်သူ။ ကျနော်တို့က ၂၅%လိုချင်တယ်။ အဲဒီတော့ CCCC က ၉၂%နှုန်းငွေ ထုတ်ပေမယ့် ၇၅%ပဲ ပိုင်တယ်။ အဲဒီလိုဆိုတော့ မမျှတဘူး။ ကျနော်တို့ မျှတအောင်လုပ်တယ်။ ဘယ်လို လုပ်မလဲဆိုရင် လုပ်ငန်းခြောက်မျိုးကနေ သုံးမျိုးက ပိုက်ဆံရမယ်။ ကျနော်တို့ သဘောတူထားတာက သူရဲ့ ရင်းနှီးငွေရယ်။ အတိုးနှုန်း ၁၃% ရယ်၊ အတိုးနှုန်း အမြတ်ငွေ ပြန်မရခင်မှာ ၁၀၀ ဝင်လို့ရှိရင် သူတို့က ၉၅%ယူ၊ ကျနော်တို့က ၅%ပဲယူမယ်။”

အခုလို မြေဈေးနှုန်း 1 square meter ကို ငါးဒေါ်လာနဲ့ သတ်မှတ်ပေးတာဟာ ကာလပေါက်ဈေးနှုန်းနဲ့ အရမ်းကွာနေတဲ့အတွက် တရုတ်ကို အလကားပေးသလို ဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးကံထွန်းက ပြောပါတယ်။

“ငွေအစား မြေပေးမယ်။ အဲဒီနေရာမှာ 1 square meter ကို ငါးဒေါ်လာဆိုတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါပဲ။ တကယ်ဆိုရင်တောင်မှ မြေပေးပြီးတော့ ပေါက်ဈေးနဲ့ သတ်မှတ်ပြီးတော့ ပေးရမှာလေ။ အခုဟာက ပေါက်ဈေးထက် အများကြီးနည်းတယ်။ မြေတန်ဖိုးဆိုတာ အမြဲတန်း တက်တက်နေတာ။ နှစ်ရှည်လေ တန်ဖိုးတက်လေ။ အဲဒါကို ငါးဒေါ်လာနဲ့ သတ်မှတ်ပြီး ပေးလိုက်တယ်ဆိုရင် အလကားပေးတာနဲ့ တူတူပဲ။ အတိုးရော အရင်းရော နစ်မြှုပ်နေမယ်။ ကိုယ်တွေတင်မဟုတ်ဘူး။ နောက်သားစဉ်မြေးဆက်ပါ ဆိုးကျိုးကြီးကို ခံစားစေမယ့် စီမံကိန်းလို့ မြင်ပါတယ်။ အားလုံးချုံပြောရမယ်ဆိုရင် ဒီစီမံကိန်းက မလုပ်သင့်တဲ့စီမံကိန်း၊ တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိဘူး။”

အတိုးနှုန်းအများကြီးယူပြီး ဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျခံ မြို့သစ်တည်ဆောက်မယ့်အစား လက်ရှိ ရန်ကုန်မြို့ကို ပြုပြင်ပြောင်းလဲရေးအတွက်ပဲ အသုံးပြုသင့်တယ်လို့ မြင်ကြောင်း ဦးကံထွန်းက ထောက်ပြပါတယ်။

အကျိုးအမြတ်ကို တရုတ်က ၇၅% နဲ့ မြန်မာက ၂၅% ခွဲထားတယ်ဆိုပေမဲ့ တရုတ်ကနေ သူတို့ ချေးထားတဲ့ သန်းနဲ့ချီတဲ့ငွေတွေကို အတိုးနဲ့တွက်ယူနေမှာဖြစ်သလို၊ အရင်းနဲ့ အတိုး မရသေးတဲ့ အခြေအနေမှာ တရုတ်ကနေ ရန်ကုန်မြို့သစ်စီမံကိန်းကနေ ရလာမယ့် ငွေရဲ့ ၉၂% အထိယူနေမှာဖြစ်သလို၊ မြန်မာဘက်က အတိုးရော၊ အရင်းပါကျေမှ မြန်မာက ၂၅% ရမယ့်အခြေအနေဖြစ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

အခုလာမယ့် တပတ်၊ နှစ်ပတ်အတွင်း တရုတ်ကုမ္ပဏီ CCCC နဲ့ဆိုင်းထိုးထားတဲ့ အချက်အလက်စာမျက်နှာပေါင်း ၁၀၀၀ ကျော်ရှိတဲ့ စာရွက်စာတမ်းကို အများပြည်သူသိအောင် ထုတ်ပြန်မှာဖြစ်တယ်လို့NYDC CEO ဦးသိမ်းဝေက ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

XS
SM
MD
LG