သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တိုက်ခိုက်မှု ကျူးလွန်သူကို အကြမ်းဖက်မှုနဲ့စွဲချက်တင်


နယူးယောက်မြို့မှာ စက်ဘီးစီးလမ်းကို ထရပ်ကားနဲ့ဝင်တိုက်သူ Sayfullo Saipov
နယူးယောက်မြို့မှာ စက်ဘီးစီးလမ်းကို ထရပ်ကားနဲ့ဝင်တိုက်သူ Sayfullo Saipov

နယူးယောက်မြို့ Manhattan တောင်ပိုင်းမှာ မနေ့က လူ ၈ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး တဒါဇင်ထက်မနည်း ဒဏ်ရာတွေရရှိခဲ့တဲ့ အငှားယာဉ်နဲ့ ဝင်တိုက်ခဲ့မှုအတွက် Sayfullo Saipov ကို အကြမ်းဖက်မှုနဲ့ တောင်ပိုင်းခရိုင်ရုံးရဲ့ အစိုးရရှေ့နေက ဗုဒ္ဓဟူးနေ့မှာ စွဲချက်တင်လိုက်ပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ နယူးယောက်အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ဒါဟာ IS အကြမ်းဖက်အဖွဲ့နာမည်ကို သုံးပြီးလုပ်ခဲ့တာလို့ ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က အကြောင်းစုံ ပြောပြပေးပါမယ်။

New York မြို့ Manhattan တောင်ပိုင်းမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့လူ ၈ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရှိမှုအတွက် သံသယရှိသူ Sayfullo Saipov ကို တောင်ပိုင်းခရိုင်ရုံးရဲ့ အစိုးရရှေ့နေက အကြမ်းဖက်မှုနဲ့ တရားစွဲဆိုလိုက်တာပါ။ NYPD နယူးရောက် ရဲတပ်ဖွဲ့က ဒုတိယ ရဲမင်းကြီး John Miller ကတော့ တိုက်ခိုက်မှုမှာ သံသယရှိသူ Sayfullo Saipov ဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ ခိုင်းတဲ့အတိုင်း လုပ်ဆောင်ခဲ့ပုံရကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ညတွင်းချင်း စုံစမ်းစစ်ဆေးချက်တွေအရ Saipov ဟာ သီတင်းပတ် အတော်ကြာ ကတည်းက အခုလို လုပ်ဆောင်ဖို့ ကြံစည်နေတဲ့ပုံ ပေါ်နေပါတယ်။ သူဟာ အိုင်အက်စ် အကြမ်းဖက်ဖွဲ့ အနေနဲ့ လုပ်တာဖြစ်ပြီး အခင်းဖြစ်ပွါးရာ နေရာကရတဲ့ ပစ္စည်းတွေ ထဲမှာလည်း ဒီလိုရေးထားတဲ့ စာရွက်ကို တွေ့ပါတယ်။ တိုက်ခိုက်မှုကို ဘယ်လို လုပ်ရမယ်ဆိုတာကို အိုင်အက်စ်အဖွဲ့က ဆိုရှယ်မီဒီယာပေါ်မှာ သူ့နောက်လိုက်တွေကို ညွှန်ကြားထားတဲ့ အတိုင်းသူက အတိအကျနီးပါး လိုက်လုပ်တဲ့ပုံ တွေ့ရပါတယ်”

နယူးယောက် Manhattan တောင်ပိုင်းမှာ အင်္ဂါနေ့က ဖြစ်ပွါးခဲ့တဲ့ လူ ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့မှုအတွက် သံသယရှိသူ Sayfullo Saipov ကို တောင်ပိုင်း ခရိုင်ရုံးက အကြမ်းဖက်မှုနဲ့ တရားစွဲဆိုလိုက်တာပါ။

အခင်းဖြစ်ပွါးရာနေရာမှာ ဗုဒ္ဓဟူးနေ့အထိ မှုခင်းဆေးပညာဆိုင်ရာ ရဲအဖွဲ့တွေ အလုပ် လုပ်နေကြဆဲပါ။ စက်ဘီးသွားလမ်းပေါ်မှာ ရှိတဲ့ စက်ဘီးစီးသူတွေ၊ လမ်းသွား လမ်းလာတွေ အပြင် ကျောင်းကားတစီးကိုပါ ဝင်တိုက်ခဲ့တဲ့ ပစ်ကပ်ထရပ်ကားကို စစ်ဆေးနေကြတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ၈ ယောက် သေဆုံးပြီး လူ ပေါင်း ၂၀ ဒဏ်ရာရခဲ့တယ်လု့ိ နယူးရောက်မီးသတ်တပ်ဖွဲ့ FDNY ကော်မရှင်နာမင်းကြီး Dan Nigro က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မနေ့က အတိုက်ခိုက်ခံရမှုမှာ သေဆုံး ဒဏ်ရာရသူ ၂၀ ရှိပါတယ်။ ၆ ယောက်က နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ကျန် ၁၄ ယောက်ကို ဆေးရုံ ၃ ရုံကို ပို့ပေးခဲ့ရာမှာ ၂ ယောက် ထပ်ပြီး သေဆုံးသွားပါတယ်။ ဒါ့ကြောင့် သေဆုံးသူစုစုပေါင်းက ၈ ယောက်ပါ။ အဲဒီမှာ အမေရိကန် ၂ ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက်ပါပြီး အာဂျင်တီးနားက ၅ ယောက်နဲ့ ဂျာမနီက တယောက် ပါပါတယ်။ ကျန် ၁၂ ယောက်ထဲက ၃ ယောက်ကတော့ ဆေးရုံက ဆင်းသွားပါပြီ။ ဆေးရုံမှာ ရှိနေသေးတဲ့ ၉ ယောက်မှာ ၄ ယောက်က ဒဏ်ရာ သိပ်ပြင်းပေမယ့် အခြေနေက တည်ငြိမ်ပါတယ်။ ကျန် ၅ ယောက်က ဒဏ်ရာတွေ ကလည်း ဆိုးပါတယ်။ ခြေလက် ဖြတ်ပြီးကုသထားရသလို ခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ် မှာနဲ့ ခြေလက်တွေမှာ ဒဏ်ရာရထားသူတွေပါ။ ဒါဟာ ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရစေတဲ့ ဆိုးဝါးကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတခု ဖြစ်ပါတယ်။”

အာဂျင်တီးနားက သေဆုံးသူ ၅ ဦးဟာ ကလေးဘဝကတည်းက သိပ်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အလုပ်အကိုင် အခြေတကျဖြစ်ချိန်မှာ နယူးယောက်မှာ ပြန်ဆုံကြရင်း အတူတကွ သေဆုံးသွားတာဖြစ်ပါတယ်။

နယူးယောက် မြို့တော်ဝန် Bill De Blasio ကတော့ ဒီတိုက်ခိုက်မှုဟာ လူတွေ စိတ်ဓါတ်ပျက်ပြားပြီး ထွက်ပြေးအောင် ကြိုးစားချက်တရပ်မို့ ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်းပြောကြားခဲ့သလို အခု တွက်ထားသလို ဖြစ်မလာတဲ့ အတွက် တိုက်ခိုက်မှုဟာ မအောင်မြင်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ကို ကြောက်အောင်မလုပ်နိုင်သလို ထိတ်လန့်အောင်လည်း ဘယ်နည်းနဲ့မှ မလုပ်နိုင်ပါဘူး။ အခုလုပ်ရပ်က နေ့တဒူဝ လှုပ်ရှားမှုတွေ မလုပ်နိုင်ဘူးလို့ ထင်လာအောင် အပစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထား လုပ်ခဲ့တဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

ဟုတ်ပါတယ်။ နယူးယောက်မြို့သားတွေဟာ ဗုဒ္ဓဟူးနေ့မှာပဲ လုပ်ငန်းခွင်ပြန်ဝင်ကြသလို ပုံမှန်လှုပ်ရှားနေကြတာပါ။

တချိန်တည်းမှာပဲ အမေရိကန် သမ္မတ Donald Trump ကလည်း အခု တိုက်ခိုက်မှု အတွက် အပစ်တင်ရှုတ်ချလိုက်ပြီး အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ဌာနရဲ့ ဗီဇာကံစမ်းမဲ ဖေါက်တဲ့ အစီအစဉ် အဆုံးသတ်အောင် လုပ်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို လာရောက် အခြေချမယ့် လူတွေဟာ နိုင်ငံတိုးတက်အောင်လုပ်မယ့်သူတွေ အန္တရာယ်ကင်းအောင် စောင့်ရှောက်မယ့် သူတွေ ဖြစ်ဖို့ လိုလားတယ်လို့ ပြောပါတယ်။ ကံစမ်းမဲပေါက်လို့ ရောက်လာတဲ့ လူတွေဟာ ဆိုးတဲ့ လူတွေ ဖြစ်နေရင် အကျိုးမရှိဘူးလို့ ပြောပါတယ်။

အခု တိုက်ခိုက်မှုကျူးလွန်တယ်လို့ သံသယရှိသူ အသက် ၂၉ နှစ်အရွယ် Sayfullo Saipov ဟာ ၂၀၁၀ မှာ Uzbek နိုင်ငံကနေ ပြောင်းရွှေ့အခြေချလာသူ ဖြစ်ပါတယ်။ သူဟာ Ohio- Florida နဲ့ New Jersey ပြည်နယ်တွေမှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ အမေရိကန်ကို ရောက်လာချိန်မှာ Ohio ပြည်နယ် Cincinnati မှာ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေမိသားစုနဲ့ အတူနေထိုင်ခဲ့ပြီး Sayf Mortors INC အမည်နဲ့ စီးပွါးရေး လုပ်ခဲ့ကြောင်း ပြည်နယ်မှတ်တမ်းမှာ တွေ့ရသလို အဲဒီကနေ ဖလော်ရီဒါပြည်နယ် Tampa မှာ သွားရောက်နေထိုင်ခဲ့သလို အခု နယူးဂျာစီပြည်နယ် Paterson အရပ်မှာ နေထိုင်သူဖြစ်ပါတယ်။

Bike Path Attack
please wait

No media source currently available

0:00 0:05:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG