သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ နှစ်သစ်ဘာသာရေးဆုတောင်း


ဒီနေ့ဟာ ၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ မကြာခင်မှာ နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၁၆ ခုနှစ်ကို ကူးပြောင်းတဲ့ မင်္ဂလာနှစ်သစ် အချိန်အခါသမယ ကျရောက်တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံ အသီးသီးက မြို့ကြီးတွေမှာ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်နေကြချိန်မှာ အမေရိကန်နိုင်ငံရောက် မြန်မာ ဘာသာရေး ခေါင်းဆောင်တွေကလည်း နှစ်သစ်အတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုရဲခေါင် က တင်ပြထားပါတယ်။

၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး၊ အတိုက်အခံပါတီက အမတ်နေရာ အများစု အနိုင်ရခဲ့တာလိုမျိုး အရေးကြီးတဲ့ အပြောင်းအလဲတွေ ကြုံခဲ့ရပါတယ်။ လာမယ့် ၂၀၁၆ ခုနှစ်မှာလည်း အနိုင်ရပါတီက ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးတာ အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပိုမိုကောင်းမွန်ခိုင်မာတဲ့ အပြောင်းအလဲတွေ ဆက်လက် ဖြစ်ထွန်းဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

အခုလို နှစ်တစ်နှစ် ကုန်ဆုံးသွားတိုင်း အတိတ်က သင်ခန်းစာယူသလို၊ ပစ္စုပ္ပန်မှာ လမ်းမှား မရောက်အောင် သတိမူပြီး ရှေ့ဆက်သွားဖို့ လိုတယ်လို့ အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဂျိမ်းစ်တောင်းမြို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးနန္ဒာဝံသက နှစ်သစ်အတွက် ဆုတောင်းသြဝါဒ မြွက်ကြားလိုက်ပါတယ်။

“ဦးဇင်းတို့ ဗုဒ္ဓဘာသာက အချိန်ကာလကို လက်ခံထားတဲ့ ဘာသာတရားဖြစ်တယ်။ အချိန်ဟာ အင်မတန်မှ တန်ဖိုးရှိတယ်။ အချိန်ကာလတွေ ပြောင်းတိုင်းပြောင်းတိုင်း ရောက်ရှိနေတဲ့ ပစ္စုပ္ပန်အချိန်ကာလမှာ နောက်ကို ပြန်ကြည့်ပြီးတော့ ရှေ့ကို သတိထားပြီးတော့ အခု ပစ္စုပ္ပန်လျှောက်နေတဲ့လမ်းကို မမှားမိဖို့က အင်မတန်မှ အရေးကြီးတယ်။ မဇ္ဈိမပဋိပဋာလမ်းစဉ်အတိုင်း လျှောက်မယ်ဆိုလို့ရှိရင် ဦးဇင်းတို့ အနာဂတ်ဟာလည်းပဲ ဦးဇင်းတို့ တောက်ပြောင်တဲ့ အနာဂတ်ဖြစ်လာမှာပါ။ လူသားတယောက်ပဲဖြစ်ဖြစ်၊ လူသားတယောက်ရဲ့ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်၊ မိမိတို့ နေထိုင်တဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ မိမိတို့နေထိုင်တဲ့ ကမ္ဘာကြီးပဲဖြစ်ဖြစ် ပစ္စုပ္ပန်အချိန်မှာ လမ်းမမှားဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဦးဇင်းတို့က ဒုက္ခတွေအများကြီး မခံစားချင်ဘူးဆိုရင် မိမိတို့ အတိတ်က မှားတဲ့အရာတွေကို သင်ခန်းစာယူပြီးတော့ ပစ္စုပ္ပန်မှာ အဲဒီအမှားကို အမှန်ဖြစ်အောင် လုပ်ကြရပါမယ်။ အဲဒါကြောင့်မို့လို့ ဒီ ၂၀၁၆ ခုနှစ်မှာ ဘုန်းကြီးအနေနဲ့ကတော့ နောက်ကိုပြန်ကြည့်၊ ရှေ့ကိုသတိထား၊ လမ်းမမှားစေနဲ့ ဆိုပြီးတော့ သြဝါဒပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံ ကန်တကီပြည်နယ်က မြန်မာ ကက်သလစ် သင်းအုပ်ဆရာ Father Timothy ကလည်း နှစ်သစ်မှာ သာယာငြိမ်းချမ်းပြီး တည်ငြိမ်ဖွံ့ဖြိုးတဲ့ ကမ္ဘာမြေဖြစ်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

“နှစ်သစ်ကူးဆုတောင်းကတော့ ဘုရားရှင်ယေရှုကနေပြီးတော့မှ လောကလူသားများအားလုံးကို စိတ်နှလုံးကို နူးညံ့စေဖို့၊ သိမ်မွေ့စေဖို့၊ နှိမ့်ချခြင်း ပါရမီအားဖြင့် တယောက်နဲ့တယောက် ကူညီဖြည့်ဆည်း ပံ့ပိုးပေးလို့ရှိရင် စစ်မက်တွေ ရန်ငြိုးရန်စတွေ ဖျက်လိုဖျက်ဆီးဆိုတဲ့ မကောင်းတဲ့ စိတ်ထားတွေက ပပျောက်သွားမှာ ဖြစ်ပါတယ်။ နှစ်သစ်မှာ Father ဆန္ဒပြုတာကတော့ ဘုရားရဲ့ အပြည့်စုံဆုံး အကြွင်းမဲ့ပေးဆပ်တတ်တဲ့ ချစ်ခြင်းမေတ္တာ၊ ပြည့်ဝဆုံးသော အသေခံခြင်းအားဖြင့် တယောက်ကိုတယောက် ရိုင်းပင်းကူညီပြီးတော့မှ ပံ့ပိုးဖြည့်ဆည်းပေးခြင်းအားဖြင့် သာယာသော၊ ငြိမ်းချမ်းသော၊ အေးမြသော၊ တည်ငြိမ်သော၊ ဖွံ့ဖြိုးသော လူသားများရဲ့ ကမ္ဘာဖြစ်ပါစေလို့ ဆန္ဒပြု ဆုတောင်းပေးပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေ ရပ်တန့်ပြီး၊ ငြိမ်းချမ်းရေး ရဖို့ဆိုရင် စာရွက်ပေါ်မှာ လက်မှတ်ထိုးရုံတင်မဟုတ်ဘဲ၊ နှလုံးသားတိုင်းမှာ ဘုရားရှင်ရဲ့ ချစ်ခြင်း မေတ္တာနဲ့ လက်မှတ်ရေးထိုးမှသာလျှင် ပြည့်ဝတဲ့ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ Father Timothy က ပြောကြားလိုက်ပါတယ်။

“စစ်မက်ဖြစ်နေတဲ့ ပြည်တွင်းစစ်ဒေသတွေမှာတော့ တကယ့်တကယ်မှာတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုရင် စာရွက်ပေါ်မှာတင် လက်မှတ်ထိုးတာ မဟုတ်ဘဲနဲ့ နှလုံးသားတိုင်းမှာ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာဘောပင်နဲ့ ဘုရားရဲ့ ခွင့်လွှတ်ခြင်းစာရွက်ပေါ်မှာ လက်မှတ်ထိုးမှသာလျှင် တကယ့် ပြည့်စုံပြည့်ဝတဲ့ ငြိမ်းချမ်းခြင်းဆိုတာ ရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ စစ်မက်ဖြစ်တာ၊ တိုက်ခိုက်မှု ကင်းမဲ့တာကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို့ မခေါ်ပါဘူး။ ခွင့်လွှတ်ခြင်း၊ အကြွင်းမဲ့ ဆေးကြောသန့်စင်လိုက်တဲ့ ခွင့်လွှတ်ခြင်း ကိုယ့်မှာ အာဃာတ ရန်ငြိုးရန်စ မထားတော့တဲ့ မရှိတော့တဲ့ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားတွေနဲ့ ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင်တော့ ဒါမှသာလျှင် ဘုရားပေးတဲ့ ဘုရားလိုလားတဲ့ ပြည့်စုံပြည့်ဝတဲ့ ငြိမ်းချမ်းခြင်းမျိုးဖြစ်မှာ။ အဲ့သလိုမျိုး ဘုရားပေးတဲ့ အပြစ်အနာအဆာ မရှိတော့တဲ့ ခွင့်လွှတ်ခြင်းနဲ့ ပြည့်စုံသော လူသားတိုင်းရဲ့ နှလုံးသားတိုင်းမှာ လူသားတိုင်းရဲ့ ဘဝထဲမှာ လူသားတိုင်းနေထိုင်တဲ့ နေရာဒေသ တိုင်း၊ ပြည်နယ် တနိုင်ငံလုံးမှာ ပြည့်စုံစွာ သက်ရောက်ပါစေလို့ Father ဆုတောင်းတဲ့ သတင်းစကားလေး ပေးချင်ပါတယ်။”

လာမယ့်နှစ်သစ်မှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး မဇ္ဈိမပဋိပဋာ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ်နဲ့ ဆက်လက်လျှောက်လှမ်းဖို့ လိုတဲ့အကြောင်း ဘာသာရေးခေါင်းဆောင်တွေက နှစ်သစ်အတွက် သတင်းစကား မြွက်ကြားခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG