သုံးရလွယ်ကူစေသည့် Link များ

အနုပညာရှင်တို့ရဲ့ နှစ်သစ်မျှော်မှန်းချက်


လာမယ့် ၂၀၁၆ နှစ်သစ်မှာ မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်စဲပြီး၊ ငြိမ်းချမ်းတဲ့ဘ၀ကို ပြည်သူတွေရရှိ ခံစားနိုင်စေဖို့ပြည်တွင်းက ထင်ရှားတဲ့ အနုပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ ၂၀၁၆ အတွက် သူတို့ရဲ့ နှစ်သစ်ကူး သန္နိဌာန်ကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

ဂီတနယ်မှာ ထင်ရှားတဲ့ တေးရေးဆရာ အဆိုတော်တဦးလည်းဖြစ်တဲ့ ဆောင်းဦးလှိုင်ကတော့ တိုင်းပြည်မှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ပြီး ၊ မတရားမှုတွေ ဆက်ရှိလာရင် ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ နှစ်သစ်ကူး သံဓိဌာန် ချမှတ်ထားသူဖြစ်ပါတယ်။

“ကျနော်တို့ရဲ့အတွေ့အကြုံအရ ဖြတ်သန်းမှုအရ မျှော်လင့်တာကတော့ ၂ မျိုးဖြစ်လာနိုင်တယ်။တမျိုးကတော့ချောချောမွေ့မွေ့အာဏာလွှဲပြောင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အာဏာရပြီးတော့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး စနိုင်တဲ့ အနေအထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီအနိုင်ရပြီဆိုရင် ဒီ လာဘ်ပေးလာဘ်ယူတွေ ပပျောက်သွားမလား။ မပပျောက်ဘဲနဲ့ ဆက်ရှိလာရင်လည်း ကျနော်တို့တိုက်တွန်းလှုံ့ဆော်မှုတွေ ဆက်လက် လုပ်သွားမယ်။ ဒါပေမယ့် ကျနော်တို့မျှော်လင့်တာကတော့ အမေ ဒေါ်အောင်ဆန်းစုကြည် လုပ်ပိုင်ခွင့်အာဏာရရင်တော့ ကျနော် ခုနပြောတဲ့အတိုင်း တိုင်းပြည်သူပြည်သားအများစုက စိတ်ချမ်းသာ မှုတော့ ကာလတိုအတွင်းမှာ စတင်ရရှိခံစားရမယ်လို့တော့ ကျနော် ယုံကြည် မျှော်လင့်တယ် ပေါ့နော်။ နောက်တချက်ကတော့ အာဏာလွှဲပြောင်းမှုဟာ အဆင်ပြေချောမွေ့ခြင်းမရှိပဲနဲ့ အချိန်ဆွဲတာတို့ နောက်ရွေးကောက်ပွဲရလဒ်ကို အကောင်ထည်ဖော်မှုမရှိဘူးဆိုရင်တော့ ကျနော်တို့ရဲ့ အနုပညာ စွမ်းအားနဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ နိုင်ငံရေးအတွေ့အကြုံလေးတွေနဲ့ပဲဖြစ်ဖြစ် မတရားမှုတွေကို ဆက်လက်တွန်းလှန် သွားမှာပဲဗျ။”

ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ မြန်မာပြည်တွင်း စစ်ပွဲတွေရပ်စဲပြီး၊ အေးချမ်းသာယာလာစေဖို့ ဆုတောင်းပေးနေပါတယ်။

“နှစ်သစ်ကူးမှာကျမတို့တိုင်းပြည် နိုင်ငံတော်သစ်ကြီးနဲ့ အေးချမ်းသာယာဖွံ့ဖြိုးဖို့အတွက် မျှော်လင့်ချက် ရောင်ခြည်တွေလည်း အများကြီးသန်းလို့ရပြီ။ အမေရဲ့ ဦးဆောင်မှုမှာလည်း ပြည်သူပြည်သားအားလုံးက ညီညွတ်စွာ အမှိုက်ကောက်တာလေးက စလို့ အမေ့စကားနားထောင်ပြီးအားလုံးသွားနေကြတာ။ အဲဒီတော့ ကျမတို့ တိုင်းပြည်က အမေပြောသလိုပဲ နောက် ၁၀ နှစ်အတွင်းမှာ ဒီ Asia မှာတော်တော်လေးကို ထိပ်တန်းရောက်တဲ့တိုင်းပြည်ဖြစ်ကိုဖြစ်ရမှာပေါ့။ ကျမတို့ကတော့ ကိုယ်ကျရာနေရာ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကနေပြီးတော့မှ အမေအပါအ၀င်၊ အမေပြီးတော့ နောက်ဆက် တိုင်းပြည်အတွက် တကယ် ကောင်းအောင်လုပ်တဲ့ ဘယ်ခေါင်းဆောင်ကောင်းနောက်မှာမဆို ကျမတို့ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားမှာပါ။ ကိုယ်တက်နိုင်တဲ့ ဖက်ကနေ အတက်နိုင်ဆုံးကူညီမှာပါရှင့်။ ကျမတို့ နိုင်ငံကတော့ အမြန်ဆုံး ငြိမ်းချမ်းပါစေ။ စစ်ပွဲတွေလည်းအမြန်ဆုံးရပ်နိုင်ပါစေ။ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူပြည်သားများအားလုံး အေးချမ်းသာယာဝပြောပါစေလို့လည်း ဆုတောင်းပါတယ်ရှင်။”

ဟာသ သရုပ်ဆောင် ဒါရိုက်တာတဦးလဲဖြစ်သူ ဇာဂနာ(ခေါ်)ဦးသူရ ကတော့ ပြည်သူတွေ စားဝတ်နေရေးပြေလည်စေဖို့နဲ့ တိုင်းရင်းသားဒေသ တွေမှာ ငြိမ်းချမ်းရေး အမြန်ရလာစေဖို့ နှစ်သစ်ကူး ဆန္ဒပြုလိုက်ပါတယ်။

“တိုင်းပြည်အတွင်းမှာဖြစ်စေချင်တာကတော့ တိုင်းသူပြည်သားတွေ လက်တလော ရင်ဆိုင်နေကြတာကစားဝတ်နေရေးပြေလည်မှုက အရေးအကြီးဆုံးပဲ နဲ့တူတယ်။ အဲဒီဟာကိုအတက်နိုင်ဆုံးပြေလည်နိုင်မယ့် အခြေအနေကောင်းလေးတွေ အခွင့်အရေးကောင်းလေးတွေကို ကျနော်တို့ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ၂၀၁၆ ကိုမျှော်လင့်ထားတယ်ပေါ့လေ။ နောက်တခု အရေးကြီးတဲ့ ကိစ္စကတော့ ကျနော်တို့ အနုပညာလောကပေါ့နော်။ အနုပညာလောကလူတွေ သူတို့ရဲ့အတွေးအခေါ်တွေ တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်တယ်။ တတိယ တချက်ကတော့ တိုင်းရင်းသားတွေကြားထဲမှာ နားလည်မှုတွေရပြီးတော့ ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ယုံကြည်နေတယ်။ ၂၀၁၆ ကိုတော့ ကောင်းတဲ့အမြင်နဲ့ပဲ ကြိုဆိုတယ်။

ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူရှင်ကတော့ လွှတ်တော်နဲ့လူထုအကြား ပေါင်းကူးပေးမယ့် ပရဟိတအဖွဲ့ကို ဖွဲ့စည်းလည်ပတ်သွားဖို့စိတ်ကူးထား သူပါ ။

“NLD ပါတီမှာလဲကျမ ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့ အနုပညာနဲ့ ပတ်သက်ပြီး ကျမရဲ့ ပရော်ဖက်ရှင်နယ်ဘ၀က ပြောရရင် သုံးနှစ် လောက် ၀ိုးတိုးဝါးတား ပြန်ဖြစ်သွားတယ်ပေါ့လေ၊ အဲဒါကြောင့် ဒီဇန်န၀ါရီ ၁၆ မှာ ဇာတ်ကားတွေရိုက်ဖို့အတွက် စပြီးတော့ ပြင်ဆင်ထားတယ် ပေါ့လေ။ ဒါပေမယ့် အစိုးရသစ်ဖြစ်ပြီးတဲ့နောက်မှာ Register တင်ပြီးတော့ဖွဲ့ဖို့ ပရဟိတ အဖွဲ့တခုရှိတယ်။ ပြည်သူအခြေပြု လွှတ်တော်ရေးရာ အထောက်အကူပြု ပရဟိတအဖွဲ့ဆိုပြီးတော့။ အဓိကကတော့ ပြည်သူတွေ လွှတ်တော်အကြောင်း ကောင်းကောင်းသိဖို့ရယ်၊ လွှတ်တော် အမတ်တွေကို ကိုယ်တွေ ဘာအတွက် တင်မြှောက်ထားတာလဲ၊ သူတို့ကို ဘယ်လိုမျိုးခိုင်းမလဲပေါ့လေ ပွင့်ပွင့်လင်းလင်း ပြောရင်တော့။ ပြီးတဲ့ခါ လွှတ်တော်တွင်းမှာ ကိုယ်တွေရဲ့ဒုက္ခတွေကို ဘယ်လိုတင်ပြမလဲ၊ နောက်ဥပဒေ ရေးဆွဲတဲ့အခါ ပြည်သူတွေဟာ ဘယ်လိုဝင်ရောက် ပတ်သက်ရမလဲပေါ့၊ ဒီအဖွဲ့အနေနဲ့ကကျတော့ ကျမတို့က NLD အောက်ကမဟုတ်ဘူး လွတ်လပ်သော ပရဟိတအဖွဲ့၊ ဘယ်ပါတီမဆို တိုင်းပြည်အတွက် တကယ်စေတနာထားတဲ့သူ မှန်သမျှ ကျမတို့အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်လို့ရမှာပေါ့။ အဲဒါလေးကတော့ ကျမဒါ ရှေ့ဆက်လုပ်မယ့် ပရဟိတအဖွဲ့လေးပေါ့လေ”

၂၀၁၆ ခုနှစ်မှာ ပြည်တွင်းစစ်ရပ်စဲပြီး တရားဥပဒေစိုးမိုးရေးတွေ ရှိလာစေဖို့ ဆုတောင်းပေးသူကတော့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းပါ။

“နှစ်သစ်ကူးပြီဆိုလို့ရှိရင်တော့ အကောင်းဆုံးကို မျှော်လင့်ကြတာပါပဲ။ ကျနော်တို့ နိုင်ငံအနေနဲ့လဲ အပြောင်းလဲလေးတခု ဖြစ်လာတဲ့ အခါကျတော့ နှစ်သစ်မှာ ကျနော်တို့နိုင်ငံသားများ အဓိကလိုအပ်နေတဲ့ တန်းတူညီမျှရေး ပြည်တွင်းစစ်များ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး တရားဥပဒေစိုးမိုးရေး ဒီအရေးတွေပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ် ခင်ဗျ။ မည်သည့်အစိုးရတက်တက် မည်သည့် ပုဂ္ဂိုလ်များ အုပ်ချုပ်သည်ဖြစ်စေ ပြည်သူ့အတွက် နစ်နာမယ် ထိခိုက်မယ်ဆိုလို့ရှိရင် ပြည်သူ့ဖက်ကရပ်တည်ဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျား”

မြန်မာပြည်သူတွေအပါအဝင် ကမ္ဘာ့ပြည်သူတွေပါအကြမ်းဖက်မှုကို ရှောင်ပြီး အေးချမ်းတဲ့စိတ် မွေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သူကတော့ အဆိုတော် မီမီဝင်းဖေပဲ ဖြစ်ပါတယ်။

“နှစ်သစ်မှာတော့ မမီက မိသားစုကိစ္စဆိုရင်တော့ အဖေနဲ့အမေကို ပိုပြီးတော့ ၂၀၁၅ ထက်ပိုပြီး ၂၀၁၆ မှာအချိန်ပေးမယ်လို့ ဆုံးဖြတ်ထား ပါတယ်။ တိုင်းပြည်ကိစ္စ ဆိုလို့ရှိရင်တော့ ဟို လိုအပ်တဲ့နေရာက ပါမယ်လို့ဆုံးဖြတ်ထားပါတယ်။ မမီက ၂၀၁၆အတွက် ဆုတောင်းပေးချင် တာကတော့ ကိုယ့်မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အပါအဝင်ပေါ့နော်၊ ကမ္ဘာကလူတွေအားလုံး အကြမ်းဖက်တဲ့ စိတ်ဓါတ်တွေ ပျောက်ဆုံး ပြီးတော့ပေါ့နော်၊ ငြိမ်းချမ်းတဲ့စိတ် အေးချမ်းတဲ့စိတ် မွေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ အဲလို စိတ်ဓါတ်တွေ တိုးပွားပါစေလို့ တကမ္ဘာလုံးအတွက် ဆုတောင်းပေးပါတယ်”

၂၀၁၆ ခုနှစ်အတွက် မြန်မာအနုပညာရှင်တွေရဲ့မျှော်လင့်ချက်တွေကို စုစည်းတင်ပြခဲ့တာပါ။

XS
SM
MD
LG