လာမယ့် ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ယုံကြည်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နာယကကြီး ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည်တွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ပြီး ဒီမိုကရေစီအပြောင်းအလဲ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေရဖို့ မျှော်လင့်တာတွေလည်းရှိပါတယ်။ လာမယ့် နှစ်သစ်အတွက် နိုင်ငံရေးအင်အားစုတွေရဲ့ မျှော်လင့်ချက်တွေ နဲ့ မျှော်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်း၊ မြန်မာ့ဒီမိုကရေစီရေးသမိုင်းအတွက်တော့ ၂၀၁၅ ခုနှစ်ဟာ အလွန်ကိုထူးခြားတဲ့နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး၊ လာမယ့်နှစ်မှာ အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ သီးခြားတွေ့ဆုံတာတွေအပြင် ၊ အရင် စစ်ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံတဲ့အထိပါဖြစ်လာခဲ့ပြီး၊ တိုင်းပြည်မှာကောင်းတဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့နာယကကြီး ဦးတင်ဦးကတော့ လာမယ့် နှစ်သစ်ကူးအတွက် သူ့ရဲက မျှော်လင့်ချက်ကို ဗွီအိုအေကို အခုလို ပြောပါတယ်။
“ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်မှာ ၊ ရိုးရိုးသားသား စေတနာသန့်သန့်လေးနဲ့ လုပ်ကြအုံးမယ်ဆိုရင်တော့ သူ သမ္မတဖြစ်ကိုဖြစ်မယ့် အနေအထားပါပဲ။ ဒီလိုမှမဟုတ်ဘဲနဲ့ သူတို့ သတ်မှတ်ထားတဲ့အတိုင်းသွားရအုံးမယ်ဆိုရင်တော့ ကြာရှည်တာမျိုးဖြစ်မယ်။ နောက်ပြီး အဆုံးသတ်တော့လည်း ဒီဟာပဲ ရောက်လာပြီးတော့ ဒါအောင်မြင်တာပဲဖြစ်မှာပါပဲ။ ဒီတော့ အဲဒီလိုဖြစ်မယ့် အတူတူတော့ တခါတည်း ချောချောမွေ့မွေ့ နဲ့ သဟဇာတဖြစ်သွားဖို့အတွက် ဖြစ်ရင်တော့ ၊ တခါတည်းလုပ်နိုင်တဲ့ အနေအထားရှိနေတဲ့ဟာတွေကို ဝိုင်းဝန်းပြီးတော့ လုံးပန်းကြရမယ့် စိတ်ကောင်းစေတနာတွေကို တဘက်နဲ့ တဘက်ပြသပြီး ဆောင်ရွက်သွားကြမယ်၊ ရိုးသားပွင့်လင်းမြင်သာပြီးတော့ ကျနော်တို့အစဉ်အမြဲပဲ ငြိမ်းချမ်းတဲ့နည်းကိုသွားမယ်ဆိုရင် ပိုပြီးတော့ ဝမ်းသာစရာကောင်းပါတယ်။
ကိုရန်နိုင် ။ ။ ဘဘ (ဦးတင်ဦး) ကိုယ်တိုင်ကရော ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ မျှော်လင့်ထားလား။
ဦးတင်ဦး ။ ။ မျှော်လင့်တာတင်မကဘူး။ ကျနော်က ဖြစ်မယ်ကို ထင်တာ၊ ဖြစ်မယ်လို့ကိုး ယုံကြည်တာ။ ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်မယ်လို့ကို ယုံကြည်တယ်။ ”
ဒါ့အပြင် အတိတ်ကဖြစ်ရပ်တွေကို သင်ပုန်းချေပြီး၊ အနာဂတ်မှာ တိုင်းပြည်ကောင်းဖို့အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ - လာမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့အတွက် မျှော်လင့်တယ်လို့ ပြောပါတယ်။
“ကျနော်ဆုတောင်းတာကတော့ ၊ ကျနော်တို့ မျှော်မှန်းတဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးရအောင်ရယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်အောင်မြင်မြင်ဖြစ်ပါစေ။ ဆက်ပြီးတော့ တိုင်းသူပြည်သားတွေလည်း မြင်ရချင်တဲ့ ဒီမိုကရေစီအရသာလေးလည်း မြန်မြန်ရပါစေ။ အားလုံးလည်း၊ ရှိနေတဲ့ အစိုးရရယ်၊ တက်လာမယ့် အစိုးရရယ်၊ တိုင်းရင်းသားပါတီတွေ အားလုံးပေါင်းပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ရနိုင်ပါစေလို့ ကျနော်ဆုတောင်းပါတယ်။”
ဒါ့အပြင် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ စုစည်းပြီး ပါတီကြီးတခုဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားဖို့ မျှော်မှန်းထားတယ်လို့လည်း ဦးခွန်ထွန်းဦးကပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးကတော့ - လာမယ့် နှစ်သစ်မှာ အားလုံး မျှော်မှန်းထားတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နိုင်တော့မှာဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ သူကပြောပါတယ်။
“ကျနော်ကတော့ ကျနော် ပုဂ္ဂိုလ်ရေးဆိုတာထက်ကို ကျနော်တို့ ၁၉၈၈ကတည်းက မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီအပြောင်းအလဲကို ရွေးကောက်ပွဲရလဒ်ကြောင့်မို့လို့ ဒီတခါတော့ ကျနော်တို့ မြင်တွေ့ပြီဆိုတဲ့ ပီတိနဲ့ပဲ နှစ်သစ်ကို ကျနော်တို့ ဖြတ်သန်းမှာပါ ။ ဘာကြောင့်လဲဆိုတော့ ၉၀ တုန်းက ကျနော်တို့ ရွေးကောက်ပွဲ အနိုင်ရခဲ့တယ် အဖတ်မတင်ခဲ့ဘူး ၊ အကောင်အထည် ပေါ်မလာခဲ့ဘူး ဒီတခေါက်တော့ ကျနော်တို့ အရေးပါတဲ့ ခေါင်းဆောင်တွေကြားထဲမှာလည်း ထိတွေ့ဆွေးနွေးမှုတွေ ရှိထားပြီးတော့ အာဏာလွှဲပြောင်းရေး ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆင့်တဆင့်ကိုတော့ ရောက်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါကိုယ်၌က ဖြတ်သန်းခဲ့တာတွေအားလုံးအတွက် ကျနော်တို့ ပြန်ကြည့်ပြီးတော့ ကျဆုံးသွားတဲ့ ထိခိုက်နစ်နာသွားတဲ့ ဘဝပျက်သွားတဲ့ ရဲဘော်တွေကိုယ်စား ကျနော်တို့ ပီတိဖြစ်ပါတယ်။”
သို့သော်လည်း ၂၀၁၆ ခုနှစ်ဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက် အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ရောပြွန်းနေတဲ့ နှစ်တနှစ်ဖြစ်လာဖို့ရှိတဲ့၊ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ပြီး ထောင်ချောက်တွေကို သတိကြီးကြီးရှောင်ရှားနိုင်မယ်ဆိုရင်တော့ ၊ အပြောင်းအလဲကို မျက်ဝါးထင်ထင်မြင်လာရဖို့ မျှော်လင့်တယ်လု့ိ ပြောပါတယ်။