သမ္မတဦးဝင်းမြင့်နဲ့ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ၂၀၁၉ နှစ်သစ်အတွက် ဆုတောင်းစကားတွေကို အသီးသီး ပြောဆိုထားကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုအတွက် နှစ်သစ်ဆုတောင်းစကား သီးခြားပြောဆိုတာမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကို နှစ်သစ်ကူးသဝဏ်လွှာပေးပို့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ခေါင်းဆောင်အသီးသီးရဲ့ ဆုတောင်း စကားတွေကို ကိုကျော်ကျော်သိန်းက ကောက်နုတ် စုစည်းပြီး ရန်ကုန်မြို့ကနေ ပေးပို့ထားပါတယ်။
နောင်လာမယ့်နှစ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေမှာ အခွင့်အလန်းကောင်းတွေ ပိုပြီးတော့ ရရှိလာ မယ်ဆိုတာ သတင်းကောင်းပါးအပ်ပါတယ်လို့ သမ္မတဦးဝင်းမြင့်က သူ့ရဲ့ နှစ်သစ်ကူးဆုတောင်းစကားထဲမှာ ပြောသွားပါတယ်။ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းစဉ်တွေမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ လူထုကို ပန်ကြားရင်း နှစ်သစ်ဆုတောင်းစကား ပြောသွားပါတယ်။
"မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ရှေ့ခရီးကို ဆက်လက်တက်ကြွစွာပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြအပ်ပါတယ်ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နှစ်သစ်ဆုတောင်းစကား သီးခြားပြောဆိုတာမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဆီကို နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာ တချို့မှာ ရေးသားဖော်ပြကြပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ အဲဒီသဝဏ်လွှာကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်မှတ် ရေးထိုးထားပြီး “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာအား ချစ်ကြည်ရင်းနှီးစွာ ပေးပို့အပ်ပါသည်။ နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။
ဖြန့်ဝေခြင်းဆိုတာမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအားလုံး၊ အဖွဲ့ဝင်များအားလုံးကို လိပ်မူ ဖော်ပြထားပါတယ်။
ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရဖို့ ဆုတောင်းစကား ပြောထားပါတယ်။
"နှစ်သစ်မှာ တိုင်းရင်းပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အမြန်ဆုံးရရှိပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ အဘက်ဘက်က မြင့်မားတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ တိုင်းရင်းသားပြည်သူများအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။"
ဒုတိယသမ္မတ ၂ ဦးဟန်နရီ ဗန်ထီးယူရဲ့ ဆုတောင်းစကားမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုတာကို ထည့်သွင်း ဆန္ဒပြုသွားပါတယ်။
" ၂၀၁၈ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၉ နှစ်သစ်ကို စတင်ရောက်ရှိချိန်မှာ တိုင်းရင်းသားမိဘညီအကိုမောင်နှ်မများအားလုံး မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးပါတဲ့ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အားကြိုးမာန်တက် ဆက်လက် အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆန္ဒပြအပ်ပါတယ်။"
ဒီကနေ့အချိန်ကာလဟာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ကာလ ဖြစ်တယ်ဆိုတာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သူ့ရဲ့ ဆုတောင်းစကားထဲမှာ အလေးထားပြောသွားပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရာ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးဖို့ အလွန် အရေးကြီးပါတယ်လို့ ဦးတီခွန်မြတ်ကပြောပြီး ဆုတောင်းစကားဆိုထားပါတယ်။
"လွှတ်တော်များအနေဖြင့်လည်း တိုင်းရင်းသားပြည်သူများအတွက် တရားမျှတတဲ့ဥပဒေများပေါ်ပေါက်စေရန် ကိုယ်စွမ်းညဏ်စွမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မိမိတို့အားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး အတူလက်တွဲတည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။"
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အပြန်အလှန် တည်မှီလျက်ရှိပြီး ငြိမ်းချမ်းခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အာဃာတ အမုန်းတရားတွေ၊ အတ္တမာနတွေကို စွန့်ပယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းမှာ အစွဲကင်းစွာနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုက်တွန်းရင်း ဆုတောင်းစကား ပြောပါတယ်။
"တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရဆိုသလို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံသားများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ခြင်းရွှင်လမ်းဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံပြီး သာယာချမ်းမြေ့သောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနဲ့ ဘာသာတရားတိုင်းရဲ့ အဆုံးအမတိုင်းကို အစဉ်နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ် ဆုတောင်းစကားမှာတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စတာတွေနဲ့ပတ်သက်လို့ သီးခြား ဖော်ပြ ပြောဆိုသွားတာမပါဘဲ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ရိုးရိုးရှင်းရှင်းပဲ နှုတ်ခွန်းဆက်သပြီးတော့ ဆုတောင်းစကားပြောထားပါတယ်။
" လူသားအားလုံးဟာ မိမိတို့ဘဝ တိုးတက်ဖို့အတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံးဟာလည်း အေးအေးချမ်းချမ်းနဲ့ နေထိုင်စားသောက်လိုတဲ့ ဆန္ဒရှိကြပါတယ်။ ဒီလူသားအားလုံးရဲ့ ဆန္ဒ ပြည်စုံစေဖို့အတွက် ကျနော်တို့ တပ်မတော်အနေနဲ့ မိဘပြည်သူများအားလုံးနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါစေကြောင်း ကျနော်တို့ ပြောကြားလိုပါတယ်။ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာပါစေကြောင်း ထပ်မံဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
ဒီဆုတောင်းစကားတွေအားလုံးကို အစိုးရနဲ့ တပ်မတော်ရဲ့ ဒီကနေ့ထုတ် သတင်းစာတွေအားလုံးနဲ့ တရားဝင် အင်တာနက်စာမျက် နှာတွေမှာ အပြည့်အစုံဖော်ပြထားသလို ရုပ်သံလွှင့်ဌာနတွေကလည်း ထုတ်လွှင့်ပေးပါတယ်။