သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် ဗုံးခွဲသူကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်


လွန်ခဲ့တဲ့ ၃ ရက်တုန်းက နယူးယောက်မြို့နဲ့ New Jersey ပြည်နယ်တို့မှာ ဗုံးတွေ ထောင်ထားခဲ့သူလို့ မသင်္ကာခံရသူ အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသား Ahmad Khan Rahami ကို အမေရိကန် အရာရှိတွေက အကြမ်းဖက်မှုဆိုင်ရာ ရဇဝတ်မှုပုဒ်မနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။

Rahami အပေါ် တင်ထားတဲ့ စွဲချက်တွေထဲမှာ လူအများအပြား သေစေနိုင်တဲ့ လက်နက် အသုံးချမှုလည်း ပါဝင်ပါတယ်။

New Jersey ပြည်နယ်အတွင်း ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်သွားပြီးတဲ့နောက် လူသတ်ရန် ကြိုးစားမှု ၅ မှုနဲ့ အသက် ၂၈ နှစ်အရွယ် Rahami ကို အစိုးရရှေ့နေတွေက တနင်္လာနေ့တုန်းက စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးစဉ် ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ဆေးကုသမှု ခံယူနေတာမှာ အခုတော့ နာလန်ထူလာနေပြီ ဖြစ်ပါတယ်။

Rahami ရဲ့ လှုပ်ရှားမှုတွေဟာ အကြမ်းဖက်နှုနဲ့ ဆက်နွယ်မှု ရှိမရှိ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စောင့်ကြည့်ခဲ့ပေမယ့် စုံစမ်း စစ်ဆေးမှု အပြည့်အ၀ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ FBI ပြည်ထောင်စုစုံစမ်းရေးဗြူရိုက အင်္ဂါနေ့မှာ ဝန်ခံပြောကြားပြီးနောက် သူ့ကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်ကြောင်း ပြောဆိုမှု ထွက်ပေါ်လာတာပါ။

Rahami အနေနဲ့ အစွန်းရောက်တွေနဲ့ ထိစပ်မှုရှိနိုင်ကြောင်း ဖခင်ဖြစ်သူရဲ့ အသိပေး ပြောကြားချက်အပေါ် အခြေခံပြီး သူ့ကိစ္စကို ၂၀၁၄ ခုနှစ်တုန်းက ချင့်ချိန် ဆုံးဖြတ်ခဲ့ကြောင်း FBI က ပြောပါတယ်။

၂၀၁၄ ခုနှစ်က Rahami ကို FBI က စောင့်ကြည့်စဉ်ကာလတုန်းက သူနဲ့ ညီအကိုတော်သူ တဦးကို ဓားနဲ့ ထိုးခဲ့မှုနဲ့ အကျဉ်းချခံနေရတဲ့အချိန် ဖြစ်ပါတယ်။

XS
SM
MD
LG