သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York သမ္မတလောင်း ပဏာမရွေးကောက်ပွဲ Clinton နှင့် Trump အပြတ်နိုင်ချေရှိ


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ အင်္ဂါနေ့ ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီဘက်က Hillary Clinton နဲ့ ရီပတ်ဘလစ်ကန် ပါတီဘက်က Donald Trump တို့ နှစ်ယောက် အကြီးအကျယ် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပြီး နှစ်ယောက်စလုံး သက်ဆိုင်ရာပါတီတွေရဲ့ သမ္မတလောင်းဖြစ်ရေး လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက် အပြတ်အသတ် အသာစီး ရသွားလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ကောက်ခံထားတဲ့ လူထု စစ်တမ်းတွေအရ နယူးယောက်ရွေးကောက်ပွဲပြီး ဟီလာရီ ကလင်တန်ဟာ အထက်လွှတ်တော်အမတ် Bernie Sanders ကို ရာခိုင်နှုန်း ဆယ်ဂဏန်း ကျော်သွားလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton အနေနဲ့ ပထမဆုံး ဒီမိုကရက်တစ်ပါတီ အမျိုးသမီး သမ္မတလောင်း ဖြစ်လာဖို့ အခွင့်အရေး ပိုပြီး နီးစပ်လာပြီ လို့ တွက်ဆထားကြတာဖြစ်ပါတယ်။ အခု အသံလွှင့်ပြီး နာရီဝက်အကြာမှာ မဲရုံတွေ ပိတ်တော့မှာ ဖြစ်ပါတယ်။

သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းရေး Hillary Clinton အနေနဲ့ ကိုယ်စားလှယ်အရေအတွက် ၁၇၅၈ ယောက် ရရှိထားပြီး၊ Bernie Sanders က ၁၀၇၆ ယောက် ရရှိထားပါတယ်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့ ၂၃၈၃ ယောက် လိုအပ်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မဲရုံတွေမှာ စည်းမျဉ်းနဲ့ မကိုက်ညီတဲ့ အခြေအနေ တချို့ ရှိနေတယ်ဆိုပြီး နယူးယောက် အရာရှိတွေက ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို မေးခွန်းထုတ်ကြပါတယ်။ မဲပြားတွေကို မိတ္တူဖတ်ရာမှာ စက်တွေ ပျက်နေတာ၊ မဲရုံတွေကိုနောက်ကျပြီး ဖွင့်တာနဲ့ မဲစာရင်းတွေမှာ ထောင်သောင်းချီတဲ့ မဲဆန္ဒရှင်တွေမပါဘဲ ကျန်နေတာတွေကို မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

နယူူးယောက်ပြည်သူတွေဟာ ရွေးကောက်ပွဲ ကျင်းပရေး ဘုတ်အဖွဲ့အပေါ် အယုံအကြည် မရှိကြဘူးလို့လည်း မြို့တော် Scott Stringer က ပြောပါတယ်။ ရွေးကောက်ပွဲ ဘုတ်အဖွဲ့အနေနဲ့ အမြဲတစေ စနစ်တကျ မလုပ်နိုင်တာ၊ အမှားအယွင်းတွေနဲ့ ဝရုန်းသုန်းကားဖြစ်နေပြီး အရည်အချင်း ပြည့်မီအောင် မဆောင်ရွက်နိုင်တာတွေကို စုံစမ်းသွားမယ်လို့လည်း ဆိုပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲ စည်းကမ်းနဲ့ မညီညွတ်မှုတွေဟာ ရွေးကောက်ပွဲ ရလဒ်ကိုတော့ ထိခိုက်မယ့် အခြေအနေ မရှိဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG