သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NY ရဲအရာရှိနှစ်ဦး ပစ်သတ်ခံရ


ပစ်သတ်ခံရသူ ရဲအရာရှိနှစ်ဦးရဲ့ ရုပ်ကလာပ်တွေကို Woodhull ဆေးရုံမှ သယ်ဆောင်လာစဉ်။ (ဒီဇင်ဘာ ၂၁၊ ၂၀၁၄)
ပစ်သတ်ခံရသူ ရဲအရာရှိနှစ်ဦးရဲ့ ရုပ်ကလာပ်တွေကို Woodhull ဆေးရုံမှ သယ်ဆောင်လာစဉ်။ (ဒီဇင်ဘာ ၂၁၊ ၂၀၁၄)

မနေ့က စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယေက်မြို့မှာ နေ့ခင်းကြောင်တောင် ရဲကားထဲမှာထိုင်နေတဲ့ ရဲအရာရှိ နှစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် အမေရိကန်သမ္မတ Barack Obama က ရှုတ်ချပြောဆိုလိုက်ပါတယ်။

ရဲစွမ်းသတ္တိရှိတဲ့ ရဲအရာရှိနှစ်ယောက် ဒီနေ့ည သူတို့ကိုချစ်ခင်သူတွေ၊ မိသားစုတွေနဲ့တွေ့ဖို့ အိမ်ကိုပြန်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီဆုံးရှုံးမှုအတွက် တရားမျှတမှုအဖြေ ရှာဖွေလို့ ရနိုင်မှာမဟုတ်ဘူးလို့ Hawaii မှာ အပမ်းဖြေအနားယူနေတဲ့ အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ Wenjaian Liu နဲ့ Rafael Ramos တို့ကို Brooklyn ရပ်ကွက် Bedford Stuyvesant ဧရိယာထဲ ရဲကားပေါ်မှာထိုင်နေတဲ့အချိန်မှာ အသက် ၂၈ နှစ်အရွယ် Ismayyil Brinsley ဆိုတဲ့ လူငယ်က သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားကတော့ ရဲတွေကိုပစ်ခတ်ပြီးတဲ့နောက် မီးရထားဘူတာကို ပြေးသွားပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။

ရဲအရာရှိနှစ်ယောက်ဟာ အလွယ်တကူပဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါလို့ နယူးယောက်ပြည်နယ် ရဲမင်းကြီး Williom Bratton ကပြောခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခဲ့သူ Brinsley က online စာမျက်နှာပေါ်မှာ ရဲတွေကို ဆန့်ကျင်တဲ့၊ ပြင်းထန်တဲ့အရေးအသားတွေလုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီပစ်ခတ်လုပ်ကြံမှုဟာ ပြောမထွက်နိုင်လောက်အောင် လူမဆန်လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ရှေ့နေချုပ် Eric Holder ကပြောဆိုပါတယ်။

နယူးယောက်မြို့မှာ လက်နက်မဲ့လူမည်း Eric Garner ကို လူဖြူရဲအရာရှိတွေက လည်ပင်းချုပ်ဖမ်းဆီးရာက အသက်ဆုံးသွားခဲ့တဲ့အတွက် လက်စားချေမယ်လို့ Brinsley က online စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လက်နက်မဲ့ လူမည်းတစ်ယောက်ကို လူဖြူ ရဲအရာရှိတွေသတ်ဖြတ်လိုက်တယ်ဆိုတဲ့အမှုမှာ တရားရုံးစစ်ဆေး အရေးယူမှုလုပ်ဖို့မလိုကြောင်း တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပြီး နယူးယောက်ခ်အပါအဝင်အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ တင်းမာမှုတွေရှိနေချိန်မှာ အခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ရဲအရာရှိနှစ်ဦးက အာရှနဲ့စပိန် အမေရိကန်တွေဖြစ်ပြီး သေနတ်သမား Brinsley က အာဖရိကန် အမေရိကန်လူမျိုးဖြစ်ပါတယ်။

XS
SM
MD
LG