သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန် သေနတ်ဥပဒေ ပြင်မည်


ပစ်ခတ်မှု ဖြစ်ပွားအပြီး Maskid al Noor ဗလီ အရှေ့မှာ ရဲတပ်ဖွဲ့ တားဆီးထားပုံ (မတ်၊ ၁၅၊ ၂၀၁၉)
ပစ်ခတ်မှု ဖြစ်ပွားအပြီး Maskid al Noor ဗလီ အရှေ့မှာ ရဲတပ်ဖွဲ့ တားဆီးထားပုံ (မတ်၊ ၁၅၊ ၂၀၁၉)

နယူးဇီလန်နိုင်ငံရဲ့ သေနတ်နဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်မယ်လို့ ဒီကနေ့ စနေနေ့မနက်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန် Jacinda Ardern ကပြောဆိုခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံ Christchurch မြို့ မူဆလင်ဗလီ ၂ ခုမှာ မနေ့က ပစ်ခတ်မှု ဖြစ်ပွားလို့ လူပေါင်း ၄၉ ယောက် ထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၂၀ လောက်လည်း အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နောက် အခုလို ပြောဆိုခဲ့တာပါ။

သေနတ်သမားမှာ သေနတ်စုစုပေါင်း ၅လက် ရှိခဲ့ပြီး ဒါတွေအားလုံးဟာ တရားဝင်ရယူထားတာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒီလုပ်ရပ်ကို အင်မတန်ဆိုးရွားတဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် သူက သုံးနှုန်းပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်သူအဖြစ် သံသယရှိသူ ၂၈ နှစ်အရွယ် အမျိုးသားတဦးကို လူသတ်မှုနဲ့ ဆွဲချက်တင်ထားပြီး ဒီကနေ့ စနေနေ့မှာ ရုံးထုတ်ဖို့ရှိပါတယ်။

ဒီလူရဲ့နာမည်ကို ရဲတပ်ဖွဲ့က ထုတ်မပြောပေမဲ့လည်း နယူးဇီလန် ရုပ်သံ TVNZ ကတော့ ဒီလူဟာ သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်၊ Grafton မြို့က Brenton Tarrant ဆိုသူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ကလည်း သံသယရှိသူ သေနတ်သမားဟာ သြစတြေးလျ နိုင်ငံသားဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ လက်ယာစွန်း အကြမ်းဖက်ဝါဒီ အဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ လူဦးရေ ၅ သန်းရှိတဲ့ နယူးဇီလန်နိုင်ငံမှာ မူဆလင်တွေက နိုင်ငံ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတာဖြစ်ပါတယ်။ နယူးဇီလန်မှာ အခုလိုအဖြစ် မျိုး မရှိခဲ့ဖူးတာကြောင့်လည်း နိုင်ငံသားတွေက တအံ့တသြ ဖြစ်နေကြပါတယ်။

နယူးဇီလန်ရဲ့ လူ့အခွင့်အရေး ကော်မစ်ရှင်ကလည်း ဒီအကြမ်းဘက်မှုကို အပြစ်တင်ရှုတ်ချပြီး ထိခိုက် သေဆုံးရသူတွေအတွက်လည်း အလေးအနက် စိတ်မကောင်း ဖြစ်ရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

Christchurchနဲ့ နယူးဇီလန်က မူဆလင် အသိုင်းအဝိုင်းနဲ့အတူ နယူးဇီလန် ရဲ့လူ့အခွင့်အရေးကော်မစ်ရှင်က အတူရှိနေမှာဖြစ်ပြီး အမုန်းတရားအတွက် နယူးဇီလန်မှာ နေရာမရှိကြောင်း၊ နယူးဇီလန် နိုင်ငံသားတွေ အတူတကွ သွေးစည်းညီညွတ်ကြရေးကိုလည်း တောင်းဆိုကြောင်း လူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။

နယူးဇီလန် သေနတ်ဥပဒေ ပြင်မည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG