နယူးဇီလန်နိုင်ငံက ကျောက်မီးသွေးတွင်း တခုရဲ့ အောက်မှာ ဒီကနေ့ ဒုတိယအကြိမ် ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ပြီး နောက်ပိုင်း မြေအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမား ၂၉ ဦးကို ကယ်တင်ဖို့ မျှော်လင့်ချက် မရှိနိုင်တော့ဘူးလို့ နယူးဇီလန် ရဲတွေက ပြောလိုက်ပါတယ်။
Pike River လို့ခေါ်တဲ့ အဲဒီ ကျောက်မီးသွေးတွင်းမှာ ဒီကနေ့ ပေါက်ကွဲမှု ထပ်မဖြစ်ခင် အန္တရာယ်ရှိကြောင်း သတိပေးတဲ့သဘော မီသိမ်းဓာတ်ငွေ့တွေ ထွက်လာခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
ဒီကျောက်မီးသွေးတွင်းထဲမှာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အလုပ်သမား ၂၉ ဦး ပိတ်မိနေခဲ့တာပါ။ အဲဒီနေ့က ပထမအကြိမ် မြေအောက်ထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ကတည်းက ကယ်ဆယ်ရေး လုပ်သားတွေ ကျောက်မီးသွေးတွင်းကို ရောက်ခဲ့ကြတယ် ဆိုပေမဲ့ မြေအောက်က ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ် မရခဲ့ပါဘူး။
မြေအောက်ထဲက ဓာတ်ငွေ့တွေ ထွက်နေလို့လည်း ကယ်ဆယ်ရေးအဖွဲ့ကို မြေအောက်ထဲပို့လို့ မရခဲ့ပါဘူး။
ပိတ်မိနေတဲ့ အလုပ်သမားတွေထဲမှာ ဗြိတိန်နိုင်ငံသား တော်တော်များများနဲ့ သြစတြေးလျ နိုင်ငံသားတွေ ပါဝင်ကြပြီး အသက် ၁၇ နှစ်ကနေ ၆၂ နှစ်အတွင်း ရှိကြတဲ့သူတွေ ဖြစ်ပါတယ်။