နယူးဇီလန်နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်တခု လှုပ်ခဲ့တဲ့အတွက် လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး အခြေခံ အဆောက်အအုံတွေ အတော်ပျက်စီးသွားခဲ့ပေမဲ့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။
နယူးဇီလန်နိုင်ငံ၊ တောင်ကျွန်းက Christchurch မြို့မှာ ဒီကနေ့ စနေနေ့ မနက် အရုဏ်တက်ချိန် မတိုင်ခင်လေးမှာပဲ ပြင်းအား ၇ ဒဿမ ၁ ရှိတဲ့ ငလျင် လှုပ်ခတ်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမြို့မှာ လှုပ်ခတ်ခဲ့ဖူးတဲ့ ငလျင်တွေထဲမှာ ဒုတိယ အားအကောင်းဆုံး ဖြစ်တဲ့ အခုငလျင်ကြောင့် အိပ်နေတဲ့လူတွေ ကြောက်လန့်တကြားနဲ့ လမ်းတွေပေါ် ထွက်ပြေးခဲ့ကြပါတယ်။
ငလျင်ကြီးနဲ့ နောက်ဆက်တွဲ လှုပ်ခတ်တာတွေကြောင့် မြေအောက် သဘာ၀ ဓာတ်ငွေ့လိုင်းတွေ၊ ရေနဲ့ မိလ္လာလိုင်းတွေ ပျက်စီး ကုန်ပါတယ်။ အပြင်းအထန် တုန်ခါလှုပ်ခတ်တာတွေကြောင့် တံတားတွေ ပျက်စီးကုန်ပြီး လျှပ်စစ် ဓါတ်အားလိုင်းတွေနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။
ဒါပေမဲ့ အပြင်းအထန် ဒဏ်ရာရသူ ၂ ယောက်ပဲရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ တယောက်က မီးခိုးခေါင်းတိုင် ပြုတ်ကျရာကနေ ဒဏ်ရာ ရခဲ့တာဖြစ်ပြီး နောက်တယောက်ကတော့ လွင့်စင်ထွက်လာတဲ့ မှန်ကွဲစတွေကြောင့် ဒဏ်ရာရခဲ့တာပါ။