သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ နိုင်ငံသားဖြစ်ရေး အမြင်


ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်း ငြိမ်းချမ်းရေး စင်တာဆွေးနွေးပွဲ တက်ရောက်။ Photo Credit to U Nyo Ohn Myint FB
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်း ငြိမ်းချမ်းရေး စင်တာဆွေးနွေးပွဲ တက်ရောက်။ Photo Credit to U Nyo Ohn Myint FB

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်းက ရခိုင်ဒေသအတွင်း နေထိုင်သူ လူမျိုးခြားတွေကို အသေအချာ စိစစ်ပြီး နိုင်ငံသား
ဖြစ်ထိုက်သူတွေကို အသိအမှတ်ပြုသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ၂ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ နောက်ဆုံးနေ့ မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့အစည်းတွေ နဲ့ မနေ့က တွေ့ဆုံဆွေးနွေး အပြီး အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ဖို့ အလားအလာ များနေတဲ့ ဗိုလ်ချုပ် မောင်မောင်အုန်း က မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားကြတဲ့ ဘင်္ဂလီ လူမျိုးတွေ ထဲက နိုင်ငံသားဖြစ်ထိုက်သူတွေကိုသာ အသေအချာ စိစစ်ပြီးမှ နိုင်ငံသား အဖြစ် အသိအမှတ်ပြုသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ အခုလိုပြောကြားလိုက်ပါတယ်။

"ပြီးခဲ့တဲ့ ကာလတွေမှာ ရခိုင်တိုင်းရင်းသားတွေ ငြင်းတာကတော့ပေါ့နော် ဒီစိစစ်ရေး လက်မှတ်အတုတွေ နဲ့ ရှိနေကြတယ်ဆိုတဲ့ ဟာတွေလည်း သူတို့ပြောကြတယ်။ ဥပမာအားဖြင့် ကမန်လူမျိုးတွေပေါ့၊ တိုင်းရင်းသားဆိုတာ ငါတို့ရဲ့ တိုင်းရင်းသားထဲမှာ တစ်ရာကျော်မှာပါတဲ့ တိုင်းရင်းသားပဲ။ ဒါပေမဲ့ ယနေ့ ကမ့်တွေထဲမှာ ရောက်နေတယ်။ ဘာကြောင့်ရောက်သလဲဆိုတော့ ဘင်္ဂလီပေါ့ တို့ အခုကမ့်ထဲက အဖွဲ့တွေက ခုနက စိစစ်ရေးကဒ်တွေကို ကမန်တွေနဲ့တွဲ နာမည်နဲ့ လုပ်တယ်။ ဒါကြောင့်မို့လို့ ကမန်ဆိုလည်း မယုံဘူးဆိုပြီးတော့မှ ယနေ့ ကမန် တိုင်းရင်းသားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့ ကမ့်ထဲမှာ သွားနေရတယ်။

ဘယ်ဟာ မှန်တယ်။ မှားတယ်ဆိုတာကတော့ ဒါတွေက အချိန်ယူစစ်ဆေးရမယ့် ကိစ္စပေါ့။ ပြန်စစ်လိုက်ရင် အကုန်ပေါ်တာပေါ့။ ဒါကတော့ လဝက ဝန်ကြီးဌာနက လုပ်ရမယ့် အပိုင်း၊ ပြီးခဲ့တဲ့ ဟာတွေကတော့ ကိုယ်က သိပ်မဆွေးနွေးချင်ပါဘူး။ ကိုယ်အခု တာဝန်ထမ်းဆောင်မယ့်အချိန်မှာတော့ နိုင်ငံသားဖြစ်သင့်တဲ့ သူကို ပေးမယ်။ မပေးသင့်တဲ့သူတော့ လုံးဝ မပေးရဘူး။ ဒါကို ကိုယ်တို့ တိတိကျကျ လုပ်ရမယ်။ ဒါ နိုင်ငံအတွက် သိပ်အရေးကြီးတယ်။ မြေမျိုလို့ လူမျိုးမပျောက်ဘူး။ လူမျိုရင် လူမျိးပျောက်မယ်။ ဒီလိုသာဖြစ်ရင် နိုင်ငံတော်မှာ အကြီးမားဆုံး သစ္စာဖောက်မှုပဲ။"

ရခိုင်ဒေသမှာ ပဋိပက္ခတွေပေါ်လာပြီး မငြိမ်မသက်ဖြစ်လာရတာဟာ ဘင်္ဂလီ မူဆလင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက် တစ်ခုအပေါ် အခြေခံခဲ့တာဖြစ်တဲ့အကြောင်း ဒါကိုလည်း သူတို့ ရခိုင်အမျိုးသားပါတီက ဒီဆွေးနွေးပွဲမှာ ထောက်ပြခဲ့ကြောင်း ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က ပြောပါတယ်။

"ဒီဥစ္စာတွေက နိုင်ငံရေး ရည်မှန်းချက်ကြောင့်ဖြစ်တယ်။ နိုင်ငံရေး ရည်မှန်းချက် နောက်မှာ ဘင်္ဂလီတွေက ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေး ဆိုတဲ့ ဦးတည်ချက်နဲ့ သမိုင်းတွေကို ဟိုလိုပြော ဒီလိုပြော ဖြစ်စဉ် မဟုတ်တာတွေကို အဟုတ်ပြန်လုပ်ပြီးမှ နိုင်ငံတကာ Pressure နဲ့လာတဲ့အခါမှာ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေး ဆိုတဲ့ ဦးတည်ချက်ကို ရောက်သွားတာ။ ဘင်္ဂလီအဖြစ်နဲ့ ဥပဒေအရ နိုင်ငံသားဖြစ်စဉ် လမ်းကြောင်းက ဝင်လာမယ်ဆို ကျနော်တို့က လက်ကမ်းကြိုဆိုတယ်။ အဲ့လိုမျိုးဆွေးနွေးပြီးမှ လုံခြုံအေးချမ်း၊ ဖွံ့ဖြိုးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးလိုတယ်ဆိုတာ ကျနော်တို့ ဒီမှာ ဆွေးနွေးကြပါတယ်။"

မြန်မာငြိမ်းချမ်းရေးစင်တာမှာ သောကြာနေ့ပြုလုပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ နိုင်ငံခြားသံအမတ်တွေပါ တက်ရောက်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက နိုင်ငံတကာ NGO တွေဟာ မူဆလင်ဒုက္ခသည်တွေရဲ့ စခန်းတွေကိုသာ ပိုပြီး အကူအညီပေးနေတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ သူဆွေးနွေးခဲ့ကြောင်းပြောပါတယ်။

" ဒီIDP ဆိုတဲ့ ကမ့်တွေဟာ သွားကြည့်လိုက်လို့ရှိရင် အိမ်သာတွေ၊ ရေလောင်း အိမ်သာတွေ၊ တမ့်တွေ၊ ရိက္ခာတွေနဲ့ အောင်မယ် သူက အဆင်ပြေနေတယ်။ ကိုယ်တို့ရဲ့ တကယ့် ရခိုင်တိုင်းရင်းသားအစစ် ရွာတွေမှာ အိမ်သာမရှိဘူး။ မီးမရှိဘူး။ ရေမရဘူး။ တဖက်ရပ်တဲတွေနဲ့ နေရတယ်။ ဆိုတော့ ကိုယ်က UN အဖွဲ့တွေကို ရောက်ရင် ဧည့်သည်တွေကိုခေါ်သွားတယ်။ ကမ့်တွေ ပြ ပြီးရင် အဲ့ဒီ့ရွာတွေကို ခေါ်သွားတယ်။ ခင်ဗျားတို့ကြည့်ပါ။ ခင်ဗျားတို့ပြောတဲ့ IDP တွေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ကြည့် IDP က ကိုယ့်တိုင်းရင်းသားထက် အဆင့်မြင့်နေတယ်။ အဲ့တော့ ခင်ဗျားတို့ လူသားချင်းစာနာတယ်ဆိုတာ ဘယ်လိုကြည့်မှာလဲ။ အိမ်ရှင်ဖြစ်တဲ့ ကိုယ့်တိုင်းရင်းသားတွေက ဆင်းရဲနိမ့်ကျနေတော့မှ ဟုတ်တယ်မဟုတ်လား။ တဖက်နိုင်ငံက လာတဲ့ နိုင်ငံသား မဖြစ်သေးတဲ့သူတွေက ယနေ့ အဆင်ပြေနေတယ် လို့ ပြောရင်လည်း မမှားဘူးပေါ့။ ဆိုတဲ့အခါမှာ ရခိုင်တိုင်းရင်းသားတွေ ခံစားမှု ပေါက်ကွဲတာပေါ့။

ဒီခေတ်ကတော့ ကိုယ်ပြောသလိုလေ ခေတ်ကာလစနစ်ကလဲ ပြောင်းလဲသွားပါပြီ။ အားလုံးက ဒီမိုကရေစီပဲ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာပဲ။ နော် နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက် လျှို့ဝှက်တာကလွဲရင် ကျန်တဲ့ဟာကတော့ လျှိ့ဝှက်စရာ အကြောင်းမရှိဘူး။ ကိုယ်ဘာလုပ်တယ်ဆိုတာကို ပြည်သူတွေ သိရမယ်။"

တကယ်တော့ ဒီဆွေးနွေးပွဲဟာ ၂၀၁၃ခုနှစ်တုန်းက ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ရဲ့အစီရင်ခံစာအပေါ် အခြေခံထားတဲ့ ဆွေးနွေးပွဲဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ဒေသဖွံ့ဖြိုးရေး ဘယ်လိုလုပ်သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ခြောက်ခုကို ချပြဆွေးနွေးကြတာလည်းဖြစ်ပါတယ်။

အဲ့ဒီ့အထဲမှာ ပြည်နယ်လုံခြုံရေးအပိုင်းနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ က တင်ပြခဲ့တဲ့ သဘောထားကို ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။

"ဒီ Action Plan ပေါ့နော် အရေးယူဆောင်ရွက်မယ့် အစီအစဉ်၊ လုံခြုံရေး။ လုံခြုံရေး အပိုင်းလို့ ပြည်ထောင်စုအစိုးရရဲ့တာဝန် ဘာဖြစ်တယ်။ ပြည်နယ် အစိုးရရဲ့တာဝန် ဘယ်လိုဖြစ်သင့်သလဲပေါ့။ ပြီးခဲ့တဲ့ကာလ လုံခြုံရေး ကျိုးပေါက်မှုတွေခဲ့တာ အပေါ်မှာ နောင်မဖြစ်အောင် ပြည်နယ်အစိုးရကို လုံခြုံရေးနဲ့ပတ်သက်လို့ ကွပ်ကဲ စီမံပိုင်ခွင့်တွေ ဘယ်လို အပ်နှင်းထားရမှာလဲ။ အဲ့တာတွေကို ဆွေးနွေးကြပါတယ်။ အဲ့ဒီ့အခါမှာ နယ်စပ်လုံခြုံရေး၊ ခြံစည်းရိုး ကာတာ၊ နောက် ပင်လယ်ပြင် လုံခြုံရေး နယ်စပ်ဒေသမှာရှိတဲ့ နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ တာဝန် လုပ်ပိုင်ခွင့်၊ အဲ့လိုလုပ်ပိုင်ခွင့်အတွက် လိုအပ်တဲ့ ဥပဒေ၊ နယ်စပ်ဒေသတွေမှာ ရှိတဲ့ ကျေးရွာတွေပေါ် မှာ လုံခြုံရေး ဘယ်လိုစိစစ်သွားမလဲ။ ဒါတွေကို အသေးစိတ် နီးပါးလောက် ဆွေးနွေးကြပါတယ်။"

Action Plans လို့ခေါ်တဲ့ အေးချမ်းလုံခြုံဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ခြောက်ခု ထဲမှာ ပြည်နယ်လုံခြုံရေး၊ အရေးပေါ်ကာလ ကိုင်တွယ်မှု၊ ပြန်လည် ထူထောင်နေရာချ ထားရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ဘယ်လို အကောင်အထည်ဖော်သင့်သလဲ။ ဒေသလူမှုစီးပွားဖွံ့ဖြိုးအောင် ဘာတွေ လုပ်ပေးမလဲ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ခု ဟန်ချက်ညီညီ ငြိမ်းချမ်းစွာ ဘယ်လိုနေထိုင်သွားမလဲ စတဲ့ ခေါင်းစဉ်ခြောက်ခု နဲ့ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

XS
SM
MD
LG