သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသစ် နဲ့ သတင်းလွတ်လပ်ခွင့်


မြန်မာအစိုးရသစ် နဲ့ သတင်းလွတ်လပ်ခွင့်
မြန်မာအစိုးရသစ် နဲ့ သတင်းလွတ်လပ်ခွင့်

ဒီတပတ် မျက်မှောက်ရေးရာအစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တမ်းတင်ရမယ့် ခေတ်တခေတ်ရဲ့ ပထမဦးဆုံး လွှတ်တော်သစ် အစည်းအဝေး နဲ့ သတင်းမီဒီယာတွေ သတင်းရယူခွင့်မရရှိတာနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်း သတင်းထောက် ကိုကိုဇော်၊ ထိုင်းနိုင်ငံအခြေစိုက် မောင်သာမည တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မြန်မာနိုင်ငံအတွင်းက အယ်ဒီတာတဦးဖြစ်တဲ့ ကိုကိုဇော် ကို မေးချင်ပါတယ်။ အခု မြန်မာနိုင်ငံမှာ လွှတ်တော်အခမ်းအနား ကျင်းပနေပါပြီ။ မြန်မာနိုင်ငံ စစ်အစိုးရသတင်းစာတွေထဲမှာတော့ တကယ် သမိုင်းမှာ မှတ်တမ်းတင်ရမယ့် လွှတ်တော်အခမ်းအနားကြီး စတင်ပြီလို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို လွတ်လပ်တဲ့သတင်းသမားတယောက်အနေနဲ့ ဘယ်လောက်များ ဖော်ပြခွင့်၊ သတင်းရယူခွင့် ရှိပါသလဲ။

ကိုကိုဇော် ။ ။ သတင်းသမားတွေအနေနဲ့တော့ အခုက လွှတ်တော်ထဲဝင်ရောက်ပြီး အစည်းအဝေး ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်ထဲ ဝင်ရောက်ပြီး သတင်းယူဖို့ မပြောပါနဲ့ အခုက ကျနော်တို့ လွှတ်တော်အနားတောင် ကပ်လို့မရတဲ့ အနေအထားပါ။ သတင်းမှာတောင် ရုပ်မြင်သံကြားသတင်း နဲ့ သတင်းစာတွေနဲ့ နိုင်ငံတကာ လွှင့်တဲ့သတင်းတွေအပေါ် နားထောင်ပြီးတော့ ကျနော်တို့ ဝေဖန်သုံးသပ်နေရတာပါ။ ကိုယ်တိုင်ကိုယ်ကျ သတင်းရယူဖို့၊ လက်တွေ့ကျကျ သွားပြီး သတင်းရယူဖို့ဆိုတာ လောလောဆယ် ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ကိုယ့်အနားမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို သူများတွေ ပြည်ပက ပြန်ပြောမှ သိရတယ်ဆိုတဲ့ သဘောပေါ့။

ကိုကိုဇော် ။ ။ ဟုတ်ပါတယ်။ မိုင်ထောင်ချီဝေးတဲ့ ပြည်ပက ပြန်ဝင်လာတဲ့ သတင်းတွေကိုပဲ နားထောင်နေရတဲ့ သဘောဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမညလည်း မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးနေရာကနေ မြန်မာနိုင်ငံကို စောင့်ကြည့်နေတဲ့ သတင်းအယ်ဒီတာတဦး ဖြစ်ပါတယ်။ ဆရာကော ဒီသတင်းကို ဘယ်လောက်အထိ သတင်းယူခွင့်ရပါသလဲ။

မောင်သာမည ။ ။ ကျနော်တို့ကတော့ အဲဒီအထဲက ပို့တဲ့ ပုံလေးတွေ။ အဲဒီ ပုံလေးတွေဆိုတာကလည်း ဘတ်စ်ကားနဲ့ သယ်သွားတာမျိုးလောက်။ သူတို့သွားမယ့် လွှတ်တော်သို့ဆိုတဲ့ ဆိုင်ဘုတ်လေးတွေ ပြနေတာလောက် ဒီလောက်ပဲ ကျနော်တို့လည်း ရတယ်။ တခြားတော့ ကျနော်တို့ ဘာမှတော့ မရဘူး။ တချို့လွှတ်တော်ထဲကနေ ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့ လူတွေကတဆင့် ပြန်ပြီးကြားရတာလေးတွေ ရှိပါတယ်။ အဲဒီလောက်ပါပဲ ကျနော်တို့အနေနဲ့ တိုက်ရိုက်လွတ်ပြီးတော့ လွှတ်တော်ရဲ့ အခင်းအကျင်း၊ လွှတ်တော်ထဲမှာ ပြောကြဆိုကြတာတွေကို ဘယ်လိုမှ တိုက်ရိုက်သတင်းယူလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုကိုဇော် ကို မေးချင်ပါတယ်။ ဒီသတင်းဟာ တကယ့် တိုင်းပြည်ရဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးတခု ဖြစ်တယ်။ နောက်ပြီး သူတို့ကလည်း တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးနေတယ်၊ စေတနာသန့်သန့်နဲ့ လုပ်ပေးနေတယ်ဆိုတာ ဘာကြောင့် လူမသိစေချင်ဘူးလို့ ထင်ပါသလဲ။

ကိုကိုဇော် ။ ။ အဲဒါကတော့ ဘယ်လိုပြောရမလဲ။ အခုကြည့်နေရတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး အဆင့်ဆင့် ကျင်းပနေတာကို ကြည့်ရတာက အရမ်းကို သတိထားစောင့်ရွက်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သတင်းထုတ်ပြန်ပုံနဲ့ လုံခြုံရေးယူထားပုံတွေက လိုအပ်တာထက် ပိုပြီးတော့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် သူတို့က တခုခုကို စိုးရိမ်ကြောင့်ကျပြီး အလွန်သတိထားပြီးတော့ လုပ်နေတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ တကယ်တော့ ပြည်သူ့လွှတ်တော် အစည်းအဝေးဆိုတာ သတင်းစာထဲမှာ ဖော်ပြနေသလိုပဲ တိုင်းပြည်အတွက် အရေးကြီးတယ်။ သမိုင်းမှတ်တိုင်ကြီးတခုဆိုလို့ဆိုရင် ပြည်သူကလည်း ရွေးကောက်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူကို ဘာကြောင့် ဒီသတင်းတွေ မထုတ်ပြန်ရဲတာလဲ။ ကျင်းပပုံတွေ၊ ဆောင်ရွက်နေပုံတွေကို ဘာကြောင့် ပွင့်ပွင့်လင်းလင်း မပြောနိုင်ရမလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဒီတော့ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးဆိုတာ အများကြီး မေးခွန်းထုတ်စရာဖြစ်သလို၊ သံသယဝင်စရာတွေလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုကိုဇော်တို့အနေနဲ့ သတင်းသမားတွေပီပီ အကောင်းလုပ်နေတဲ့သတင်းကို ပြည်သူတွေသိအောင် ငါတို့ပြောပြချင်တယ်ဆိုတဲ့ စေတနာသန့်သန့်နဲ့ သွားပြီးကြိုးစားကြတယ်ဆိုပါတော့ ဒီကိစ္စမှာ ဟန့်တားခြင်း ခံရတာတို့၊ သတိပေးခြင်းတို့ သူတို့လုပ်ပါသလား။

ကိုကိုဇော် ။ ။ ရှိတာပေါ့။ အဲဒီနေ့ကဆိုရင် မဂ္ဂဇင်းဂျာနယ်အသီးသီးက သတင်းယူဖို့ ကြိုးစားကြပါတယ်။ ဖိတ်ကြားမခံရပေမယ့် ရနိုင်မယ့်သတင်းကို ယူဖို့ သွားကြတဲ့အခါမှာ အဲဒီမှာ ပြည်သူ့လွှတ်တော်ဘက်ကိုသွားတဲ့ သူတို့နေပြည်တော်မှာတော့ ကြားပန်းအဝိုင်းခေါ်တာပေါ့ အဲဒီအဝိုင်းထိပ်မှာပဲ လုံခြုံရေးရဲအရာရှိတွေ၊ လုံခြုံရေးတပ်က အရာရှိတွေက တားဆီးပြီး သွားခွင့်မရှိဘူး၊ ယူခွင့်မရှိဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာကို ခံရတယ်။ နောက် ပြည်သူ့လွှတ်တော်သွားတဲ့လမ်းကလည်း ပြည်သူ့လွှတ်တော်တခုပဲ သီးခြားရှိတယ်။ တခြားရုံးအဆောက်အဦးတွေ၊ ဆိုင်တွေ ဘာမှမရှိတဲ့အခါကြတော့ အဲဒီအနားမှာ နေဖို့မဖြစ်နိုင်သလို။ အဲဒီအနားကို ဖြတ်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကြားပန်းအဝိုင်းထိပ်က ပိတ်ထားလိုက်တဲ့အခါမှာ အဲဒီအနားကပဲ လည့်ပြန်လာရတဲ့ အနေအထား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမည ကြားတဲ့အတိုင်းပါပဲ။ ဒါက ဗမာပြည်ထဲမှာရှိနေတဲ့ သတင်းအယ်ဒီတာက ပြောပြတာပါ။ သူတို့အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ။ ဆရာအနေနဲ့ ဘယ်လိုမြင်သလဲ။ ဘာကိုများ ကြောက်နေသလဲ။ တိုင်းပြည်အတွက် အကောင်းလုပ်နေတယ်လို့ဆိုတယ်။ ဒါကို လူသိသင့်တာပဲ။ ဘာကြောင့် အာဏာပိုင်တွေအနေနဲ့ သတင်းဖော်ထုတ်ဖို့ကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ကို ကြောက်နေတာ ထင်ပါသလဲ။

မောင်သာမည ။ ။ ဒီရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်း နိုင်ငံတကာ သတင်းထောက်တို့၊ တကယ့် မီဒီယာကြီးတွေကို လွတ်လပ်ခွင့် ပေးခဲ့တာကို မတွေ့ရဘူး။ နောက်တခါ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာလည်း ရွေးကောက်ပွဲအပေါ်မှာ သိပ်ပြီးတော့ အလေးအနက်ထားပြီးတော့ သတင်းတွေ၊ ဘာတွေ ထုတ်ပြန်တာတို့ အစိုးရဘက်က မလုပ်ခဲ့ဘူး။ ဆိုောတ့ ကျနော်ကမြင်တာကတော့ နိုင်ငံရေးအပြောင်းအလဲကြီးလို့ ပြောနေတဲ့ တိုင်းပြည်အတွက် ကောင်းရာမွန်ရာကို လုပ်နေတယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲကြီးတို့၊ လွှတ်တော်တို့ ဆိုတာတွေကို ပြည်သူလူထုကို လုံးဝစိတ်မဝင်စားစေချင်တဲ့ပုံစံမျိုး ရှိနေတော့ ပြည်သူလူထုက ဒါကြီးကို စိတ်ဝင်စားပြီးတော့ ဒီအပေါ်မှာ တစုံတခုလုပ်လာမှာကို သူတို့က စိုးရိမ်ပုံရှိတယ်။ ဆိုလိုတာကတော့ သူတို့က ကောင်းတယ်လို့ လုပ်ပေမယ့် အဲဒီ ကောင်းတာကို လူသိရှင်ကြား မပြရဲဘူးဆိုတော့ ဒါ တကယ်ကောင်းတာမှ ဟုတ်ရဲလားလို့ ကျနော်တို့က သံသယဖြစ်စရာတွေ အများကြီးရှိတယ်။ ရှိနေတဲ့ လက်ရှိလူတွေထဲကပဲ အာဏာရတဲ့ နေရာတွေယူမယ်။ အစိုးရတွေဖြစ်မယ်။ သမ္မတတွေဖြစ်မယ်။ ဒီလူတွေပဲ ပြန်လုပ်မယ်ဆိုတော့ အဲဒါကို စိတ်မဝင်စားအောင် အဲဒါနဲ့ ပတ်သက်ပြီး သတင်းယူတာမျိုးတွေ၊ သတင်းလွှင့်တာမျိုးတွေ မလုပ်အောင် အတတ်နိုင်ဆုံး တားဆီးနေတယ်လို့ပဲ တွက်မိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုကိုဇော်အနေနဲ့ ဆရာသာမည ပြောသလို သူတို့က ပြည်သူလူထုကို စိုးရိမ်ရလောက်အောင် ပြည်သူလူထုက သူတို့လုပ်နေတာကို စိတ်ဝင်စားမှု အပြည့်အဝ ရှိပါရဲ့လား။ နောက်တခုက ဆရာတို့ ပြည်တွင်းသတင်းသမားတွေအနေနဲ့ သူတို့လုပ်နေတဲ့ သတင်းကို ပုံမှန်အတိုင်းထက် ပိုပြီး ဘာများအလွှဲသုံးစားလုပ် လွှင့်စရာအကြောင်းရှိလို့လဲ။

ကိုကိုဇော် ။ ။ သာမန်ပြည်သူလူထုအနေနဲ့တော့ သိပ်စိတ်မဝင်စားဘူး။ စိတ်မဝင်စားဘူးဆိုတာက ဒီဟာက တကယ်အပြောင်းအလဲ မဟုတ်ဘူး။ ဟန်ပြသက်သက်သာ ဖြစ်တယ်ဆိုတာကို သိထားတယ့်အတွက် အစောကြီးကတည်းက ဒီအခင်းအကျင်းမှာ ဘယ်သူက ဘာလုပ်မလဲ၊ ဘယ်နေရာမှာ ဘယ်သူတာဝန်ယူမယ်ဆိုတာတွေကို အစောကြီးကတည်းက ကြိုတင်အကွက်ချ စီစဉ်ထားတာကို ပြည်သူလူထုက သဘောပေါက်နေတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက ဒီအပေါ်မှာ အများကြီး မမျှော်လင့်ဘူး။ သိပ်ပြီးတော့ အပြောင်းအလဲဖြစ်မယ်လို့ မထင်တဲ့အတွက် စိတ်ဝင်စားမှု လျှော့နည်းခြင်းပါ။ သတင်းသမားတွေအနေနဲ့တော့ အဲဒီလို ပုံဖျက်လို့တော့ မရဘူး။ ဦးကျော်ဇံသာလည်း သတင်းသမားတယောက်ပဲ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ကျနော်တို့ တွေ့ရမြင်ရတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ မြင်တဲ့အတိုင်း ရေးမှာပဲ။ အဲဒီတော့ ခက်တာကဘာလဲဆိုတော့ လက်ရှိ စစ်ခေါင်းဆောင်ပိုင်းက သတင်းလွတ်လပ်ခွင့်ကို မယုံကြည်ဘူး။ နောက်တခုက သတင်းသမားတွေကိုလည်း သူတို့က မယုံကြည်ဘူး။ မယုံကြည်ဘူးဆိုတာက သူတို့ကို မထောက်ခံတဲ့လူတွေ၊ သူတို့ကို တခုခု ဒုက္ခပေးမှာပဲလို့ သူတို့က အမြဲတမ်း တစေခြောက်လန့်တာကို ခံနေရတဲ့လူတွေလိုပေါ့။ သတင်းသမားတွေအနေနဲ့ကတော့ သူတို့မြင်တဲ့အတိုင်း သူတို့တွေ့တဲ့အတိုင်း ရေးမှာပဲ။ တကယ်တော့ အားလုံးသိကြတဲ့အတိုင်း သတင်းစာထဲမှာသာပြောတာ၊ စကားလုံးအဖြစ်သာပြောတာ တရားဝင်ပြည်သူက ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဆိုတာ။ တကယ်တော့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ မဟုတ်တဲ့ အခါကြတော့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှာ မဟုတ်သလို၊ တဦးတယောက်ရဲ့ ညွှန်ကြားမှု့အောက်မှာပဲ ကြိုတင်စီစဉ်ပြီးသာ အစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒါတွေကို မသိစေချင်ဘူး။ ဒါကြောင့်မို့ သတင်းသမားတွေကိုလည်း အဲဒီနေရာ၊ အဲဒီဒေသကို မရောက်စေချင်တဲ့ သဘောပါ။

ဦးကျော်ဇံသာ ။ ။ တဆက်တည်း မေးချင်ပါတယ်။ အခု ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ တူနီးရှား ဖြစ်ပြီးတော့ အီဂျစ်မှာဆို အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ တနည်းအားဖြင့် ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စံနစ်ကို လူထုက ဆန့်ကျင်နေကြတာပါ။ ဆိုတော့ ဒီသတင်းတွေကို မြန်မာပြည်သတင်းလောကမှာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါသလဲ။ အစိုးရသတင်းစာ နဲ့ ပုဂ္ဂလိက သတင်းတွေမှာ ဘယ်လောက်အထိ အတိအကျ ဖော်ပြခွင့်ရပါသလဲ။

ကိုကိုဇော် ။ ။ ကျနော် သတိထားမိသလောက် အစိုးရသတင်းစာရဲ့ နိုင်ငံခြားသတင်းတွေထဲမှာတော့ မတွေ့မိသေးပါဘူး။ ပြည်တွင်းမှာထုတ်တဲ့ ပုဂ္ဂလိကသတင်းတွေမှာတော့ တူးနီးရှားသတင်းတွေတော့ တွေ့ပါတယ်။ ကျနော် သတိမထားမိလို့လားတော့ မသိပါဘူး။ လောလောဆယ် အီဂျစ်သတင်းနဲ့ ပတ်သက်လို့တော့ မတွေ့သေးသလောက်ပါပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာ သူတို့လွှတ်တော် ကျင်းပတဲ့အချိန်မှာ အဲဒီလို ဖြစ်နေတဲ့အတွက် ဖြစ်ကောင်းလည်းဖြစ်မှာပေါ့။ ဒါကတော့ ဆရာဖြေဖို့ မလိုပါဘူး။ ဆရာသာမည ကို မေးပါရစေ။ စောစောက ပြောသလို အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေကို သိပ်ဖော်ပြတာ မတွေ့ရဘူးဆိုတော့ ဆရာ ဘယ်လိုသုံးသပ်ပါသလဲ။

မောင်သာမည ။ ။ ဒါမျိုးကတော့ သူတို့အကြောက်ဆုံးသတင်း ဖြစ်မယ်ထင်တယ်။ အခုန ကျနော်တို့ပြောသလိုမျိုး ဒီရွေးကောက်ပွဲ၊ လွှတ်တော်တို့ကို ပြည်သူလူထု စိတ်ဝင်စားလာမှာကို သိပ်စိုးရိမ်နေတယ်။ နိုင်ငံရေးမှာ ပြည်သူလူထု ပါဝင်လာမှာကို သိပ်စိုးရိမ်နေတယ်။ အဲဒီလို အနေအထားမှာ ပြည်သူလူထုရဲ့ လှုပ်ရှားမှုသတင်းတွေကို ဘယ်ဖော်ပြရဲပါ့မလဲ။ အဲဒီလို သတင်းမျိုးတွေကို သူတို့က တတ်နိုင်သမျှ ပိတ်မှာပဲလို့ ကျနော်ယူဆတယ်။ အီဂျစ်ဆိုရင် ရှေ့ပိုင်းမှာဆို အယ်ဂျားဇီးယားက သတင်းထောက် (၆) ယောက်ကို ဖမ်းပြီးတော့ သူတို့ရဲ့ ကင်မရာတွေကို သိမ်းသွားတယ်။ ဘာတို့ အဲဒါတွေရှိခဲ့တော့ ဟိုမှာလည်း သတင်းလွတ်လပ်ခွင့်ကို မပေးရဲဘူး။ နောက်တခါ အီဂျစ်တို့ဘာတို့ ဖြစ်လာတယ်ဆိုရင် ဒီလိုစပြီး မီးရှို့တဲ့သတင်းက ပြန့်သွားပြီးတော့ လူထုက အုံ့ကြွလာတယ်ဆိုတာမျိုးတွေအထိ ဖြစ်လာတဲ့အခါကြတော့ သူတို့လည်း ဒါမျိုးတွေကို သိပ်ကြောက်မယ်လို့ ထင်တယ်။ အခု ဖြစ်လာမှာကို ကြောက်တာမဟုတ်ဘူးလို့ ထင်တယ်။ အဲဒီလို ဖြစ်တဲ့ ဖြစ်စဉ်အတိုင်းကို သူတို့က ဖော်ပြခဲ့တာမျိုးကို ကျနော်တော့ သတိမထားမိဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး ကိုကိုဇော် ကို တခုမေးချင်တယ်။ အခုလောလောဆယ်မှာ စခစမှာ တခုခု အတိမ်းအစောင်း ဖြစ်သွားမှာကို စိုးရိမ်လို့ မပေးတာလား။ အကောင်းမြင်ကြည့်တာပါ။ တကယ်တော့ သူတို့ လွှတ်တော် process က နည်းနည်း အရှိန်ရလာတဲ့အခါများ သတင်းသမားတွေကို ဒီဟာနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့် ပေးလာမလား။ အင်တာဗျူးလုပ်ခွင့်၊ မေးခွင့်ဆိုခွင့်တွေ။ ကျနော်ကိုယ်တိုင်ကတော့ အမျိုးသားညီလာခံ ကျင်းပချိန်တုန်းက တခါဖိတ်ကြားခြင်း ခံရပြီးတော့ ရောက်ခဲ့ဘူးပါတယ်။ အဲဒီအခါကြတော့ ညီလာခံကိုယ်စားလှယ်တွေကို ကျနော်ကိုယ်တိုင် တွေ့ပြီးတော့ မေးခဲ့တာတွေ အများကြီးရှိပါတယ်။ အဲဒီလိုမျိုး ဖြစ်လာမလား နောက်ဆုံးမှတ်ချက် သိချင်ပါတယ်။

ကိုကိုဇော် ။ ။ အဲဒါတော့ ကျနော်အနေနဲ့ နှစ်ပိုင်း ခွဲပြောပါရစေ။ လောလောဆယ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ၊ အရှိန်ရလာပြီ။ သူတို့လည်း စိတ်ချရတဲ့ အနေအထားရောက်လာရင်တော့ ဆရာဦးကျော်ဇံသာ ပြောသလို သတင်းသမားတွေကို ဖိတ်ကြားပြီး ပြသကောင်း၊ ပြသနိုင်ပါတယ်။ နောက်တပိုင်းက ကျနော်ပြောချင်တာကတော့ လက်ရှိအစိုးရက ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ အဆင့်ဆင့် ကျင်းပတယ်ဆိုတာက သူတို့က တရားဝင်ဖြစ်ဖို့ပဲ။ သူတို့ရဲ့ process ကို ပုံမှန်သွားနိုင်အောင် လုပ်တဲ့ သဘောပါ။ ပြည်သူလူထု သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သတင်းသမားတွေကို ဖိတ်ကြားပြီး ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်နိုင်သည်ဖြစ်စေ မထုတ်ပြန်နိုင်သည်ဖြစ်စေ ဒါက အရေးမကြီးပါဘူး။ တရားဝင်ဖို့ သူတို့သွားနေတဲ့ လမ်းစဉ်မှာ အဆင့်တဆင့်သာ ပြီးမြောက်ဖို့ ဆောင်ရွက်တာဖြစ်တာမို့ ကျနော်တို့က သိပ်ပြီးတော့ ဒီအပေါ်မှာ မျှော်လင့်လို့ မရနိုင်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမည နောက်ဆုံး တိုတိုဖြေပေးပါ။ ဆရာကိုကိုဇော် ပြောသလို သူတို့ဟာ တရားဝင်ဖြစ်စေ၊ သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားချင်လို့ လုပ်တယ်ဆိုတော့ တကယ်ကော လူထုက အယုံအကြည် ရှိလာမလား။ တရားဝင်ဆိုတာဘာလဲ။ သူတို့

မောင်သာမည ။ ။ တရားဝင်မှုဆိုတာကတော့ ရွေးကောက်ပွဲကို ရွေးကောက်ပွဲမှာကတည်းက ကြိုတင်မဲဆိုတဲ့ ဘယ်နားကရောက်လာမှန်းမသိတဲ့ မဲတွေနဲ့ အနိုင်ရတာမျိုးတွေ ရှိနေခဲ့တယ်။ တကယ်တော့ တရားဝင်မှုဆိုတာ သူတို့ဘာသာသူတို့ ဒီလို ရွေးကောက်ပွဲတွေကို ဟန်ပြလုပ်တယ်၊ နောက်တခါ ဒီ constitution အတိုင်းသွားတယ်ဆိုတာမျိုးကို ပြဖို့လောက်ပဲလို့ ထင်တယ်။ ပြည်သူလူထုက အသိအမှတ်ပြုပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေနဲ့ သွားတဲ့ တရားဝင်မှုမျိုးကိုတော့ သူတို့က မျှော်လည်းမျှော်လင့်နိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။

XS
SM
MD
LG