သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြပြင်ပြောင်းလဲမှု နဲ့ ဖြေရှင်းရမယ့် ပြဿနာများ


ပြပြင်ပြောင်းလဲမှု နဲ့ ဖြေရှင်းရမယ့် ပြဿနာများ
ပြပြင်ပြောင်းလဲမှု နဲ့ ဖြေရှင်းရမယ့် ပြဿနာများ

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုပါသလား။ တိုင်းရင်းသားပြဿနာတွေ သူ့အလိုလို ပြေလည်သွားနိုင်မလား စတဲ့ အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ဂျော့ချ်တောင် (Georgetown) တက္ကသိုလ်က အာရှရေးရာညွှန်ကြားရေးမှူး မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Prof. Steinberg … မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အမေရိကန်ရဲ့ အခုအချိန်အထိ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ အောင်မြင်မှုရတယ်လို့ ထင်ပါသလား။

Prof. David Steinberg ။ ။ သမ္မတဦးသိန်းစိန် လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က အားတက်သရော ထောက်ခံနေတယ်လို့ ထင်ပါတယ်။ ဒါက သိပ်ကောင်းတဲ့လုပ်ရပ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အမေရိကန် လုပ်ရပ်က အောင်မြင်နေတယ်လို့ ထင်ပါသလား။ အခုအချိန်အထိ လုပ်ဆောင်အားပေးနေတဲ့ ကိစ္စတွေ။

Prof. David Steinberg ။ ။ အောင်မြင်မှုဆိုတာ အချက်တခုတည်းကိုကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ အချိန်အတော်ကြာ ဆက်သွားနေတဲ့ ဖြစ်စဉ်ကို ကြည့်ပြီးတော့ ပြောရတဲ့ကိစ္စပါ။ ပြုပြင်ရေးဆိုတာ အစိုးရအတိုင်း အချိန်နဲ့အမျှ လုပ်နေကြတာပါ။ ဒီနေရာ အောင်မြင်မှု၊ ဆုံးရှုံးမှုဆိုတာ ပြောလို့မရဘူး ထင်ပါတယ်။ အခုအချိန်အထိ အင်မတန် ကောင်းမွန်စွာ ရှေ့ကိုတိုးနေပါတယ်။ ဒီ တိုးတက်မှုဟာ ဘက်ပေါင်းစုံမှာ ဆက်ပြီးဖြစ်ထွန်းဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီ တိုးတက်မှုဟာလည်း အမေရိကန်အစိုးရကြောင့် ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်လာခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ ပြောင်းလဲမှုအတွက် sanction ပေးရမယ်၊ ဖိအားပေးမရမယ်ဆိုပြီး ပြောခဲ့တဲ့လူတွေ၊ sanction ဖိအားပေးနေတဲ့ လူတွေကို အမှတ်ပေးစရာ မလိုဘူး။ ကျေးဇူးတင်စရာ မလိုဘူးဆိုတဲ့ သဘောလား။

Prof. David Steinberg ။ ။ ဖိအားပေးဖို့ လိုလားသူတွေကလည်း အမှတ်ယူကြမှာ ဖြစ်သလို၊ ဖိအားပေးရေးကို ဆန့်ကျင်သူတွေကလည်း အမှတ်ယူကြပါလိမ့်မယ်။ ဘယ်ဖက်ကိုမှ အမှတ်မပေးသင့်ပါဘူး။ တကယ် ချီးကျူးရမှာက မြန်မာတွေကိုသာ ဖြစ်ပါတယ်။ သူတို့ဆန္ဒနဲ့ သူတို့ ဆုံးဖြတ်ပြောင်းလဲကြတာ ဒါက သိပ်အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုတော့ အဲဒီ sanction တွေကို ပြန်လည်ရုတ်သိမ်းသင့်ပြီလို့ ထင်ပါသလား။

Prof. David Steinberg ။ ။ ရုတ်သိမ်းသင့်ပါပြီ။ ကျနော်ဟာ ဒီ sanction တွေကို မချမှတ်ခင်ကတည်းက ဆန့်ကျင်ခဲ့ပါတယ်။ လူတိုင်း သိပါတယ်။ ဒါတွေက ချမှတ်ပြီးရင် ရုတ်သိမ်းဖယ်ရှားရ သိပ်ခက်တဲ့ကိစ္စပါ။ ဒီလို ဖြစ်ခဲ့ဘူးတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ အခုတော့ sanction တွေ ပြန်ပြီး ရုတ်သိမ်းရပါတော့မယ်။ ဒါကတော့ အမေရိကန် ပြည်တွင်းနိုင်ငံရေး ပြဿနာ ဖြစ်လာပါပြီ။ အထက်လွှတ်တော် အမတ်ကြီးတွေ ဖြစ်ကြတဲ့ Mitch McConnell, Joseph Lieberman, John McCain စတဲ့ ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို သွားကြလာကြတာတွေ တွေ့ရလို့ ကျနော် ဝမ်းသာပါတယ်။ သူတို့ဟာ အမေရိကန်အစိုးရအနေနဲ့ sanction ရုတ်သိမ်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာ့အရေး စိတ်ဝင်စားတဲ့ လူတွေအထဲမှာ ဆရာကြီးလို sanction ဆန့်ကျင်သူတွေထက် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ဖိအားပေးဖို့ လိုလားတဲ့လူတွေက ပိုများတယ် ထင်ပါတယ်။

Prof. David Steinberg ။ ။ မှန်ပါတယ်။ သဘောတူပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီ လူအများစု တနည်းပြောရရင် sanction လိုလားသူအများစုက ထောက်ပြကြပါလိမ့်မယ်။ အခု ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်မှာ ဟန့်တားတာတွေ၊ ကသိကအောက်ဖြစ်အောင် လုပ်တာတွေ ကြားလာရတော့ ဒါဟာ ဆက်ပြီး sanction ပေးရမယ်ဆိုတာကို ပြသနေတာပဲလို့ ပြောလာကြပါလိမ့်မယ်။ ပြောလည်းပြောနေကြပါတယ်။

Prof. David Steinberg ။ ။ အဓိက အရေးကြီးတာက မြန်မာပြည်သူတွေကို ကူညီဖို့ပါ။ ဒါဟာ တကယ့် အချက်ပါပဲ။ အဲဒီအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ကူညီနိုင်မလဲဆိုတာ မေးစရာပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ က ရှင်းပြတာတွေ ရှိပေမယ့် ကျနော်အနေနဲ့ ပြောရရင် sanction က မြန်မာပြည်သူတွေကို နစ်နာစေပါတယ်။ အခု လက်ရှိမှာ အမေရိကန်ဘက်က sanction ကို တဖြည်းဖြည်းချင်း ရုတ်သိမ်းရမှာပါ။ အမေရိကန်နိုင်ငံရေး ဖြစ်စဉ်အရ ဒီလိုလုပ်နိုင်အောင် ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲကို မျှမျှတတ လုပ်ပေးရပါလိမ့်မယ်။ ဒါကို လူတိုင်း စောင့်ကြည့်နေကြတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ကြားဖြတ်ရွေးကောက်ပွဲကိုပဲ လူတော်တော်များများက အရေးတကြီး ပြောနေကြပါတယ်။ တကယ်တမ်းကြတော့ ဒီ ရွေးကောက်ပွဲက ဘယ်လောက်များ အရေးကြီးလိုလဲ။ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်က စိတ်တိုင်းကြ ဦးစီးထားကြပါပြီ။ ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ နိုင်အုံးတော့ နေရာအားလုံး နိုင်တောင်မှ လွှတ်တော်နှစ်ရပ်ပေါင်းမှ လူ လေးဆယ်လောက်နဲ့ ဘာများအလုပ်ဖြစ်မှာမို့လို့လဲ။

Prof. David Steinberg ။ ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာဟာ နှစ်ပေါင်း(၅၀) အတွင်း ပါလီမန်မှာ လူနည်းစုသဘောထား ထုတ်ဖော်ခွင့် ရရှိရေး ဖြစ်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ လူအများစု မဟုတ်ပါဘူး။ ဒါ မှန်ပါတယ်။ ဒါပေမဲ့ လူနည်းစုရဲ့ ပြောရေးဆိုခွင့်ကို ကြားကြရမှာပါ။ ဒါကြောင့် အရေးကြီးတဲ့ အဆင့်တခုပါ။ ပြီပြည့်စုံပြီလို့ မဆိုနိုင်ပါဘူး။ တခါ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင်လည်း တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာတာကို ကျနော်တို့ သိပ်မြင်ချင်ပါတယ်။ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲဟာ ဆိုးဆိုးဝါးဝါး မသမာမှုတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါကို ပြည်ပက လူတွေလည်း အားလုံးသိခဲ့ကြပါတယ်။ ဒါကြောင့် တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ တကယ်လုပ်ပြတာကို မြင်ချင်နေကြတာပါ။ ဒီ လာမယ့် ရွေးကောက်ပွဲဟာ စမ်းသပ်ခံရမယ့် ပွဲပါ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အစိုးရက တကယ် လုပ်ပေးရင် အမတ်နေရာ လေးဆယ့်လောက် ဖြစ်ပေမယ့် ဒါဟာ တိုးတက်မှုလို့ သတ်မှတ်ကြမှာပါ။ အမေရိကန်အစိုးရကလည်း ပိတ်စို့မှုတချို့ကို လျှော့ပေါ့ပေးဖို့ ပြောလာမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် နိုင်မယ်ဆိုတာကတော့ သေချာပါတယ်။ ဒီလောက် လူထုထောက်ခံမှု ရနေတဲ့ ပုဂ္ဂိုလ် မနိုင်ဘူးဆိုရင်လည်း ဒီ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲဆိုတာ ရှင်းသွားမှာပေါ့။ ဒီလောက်အထိတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဘယ်ညံ့ပါမလဲ။ ဒါပေမဲ့ ဒေါ်စု နိုင်သွားပြီး ပါလီမန်ထဲ ရောက်သွားရင် ဘာများလုပ်နိုင်မလဲဆိုတာကို ကျနော် သိချင်ပါတယ်။ အခုတောင်မှ မဲဆွယ်တဲ့ ခရီးမှာ အတားအဆီးတွေ လုပ်နေကြတယ်ဆိုတော့။

Prof. David Steinberg ။ ။ လွှတ်တော်ရဲ့ သတ်မှတ်ချက်ဘောင်ထဲမှာ သူ ဘယ်လောက် လွတ်လွတ်လပ်လပ် ပြောဆိုလှုပ်ရှားခွင့် ရမလဲဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမဲ့ နိုင်ငံရေးလူထု စည်းဝေးပွဲတွေအတွက် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်ဆိုတာကတော့ မှန်ပါတယ်။ နေရာအတော်များများမှာ ဒီလိုပါပဲ။ လုံခြုံရေး၊ လူထုကျန်းမာရေး စသဖြင့် ကိစ္စတွေ ရှိပါတယ်။ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ သူကို ထောက်ခံသူတွေနဲ့ တွေ့ခွင့်ရမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ လွတ်လပ်မှု ရှိနိုင်သမျှ ရှိတာကို ကျနော် မြင်ချင်ပါတယ်။ သူ့အနေနဲ့တော့ အခါအခွင့်သင့်တိုင်း လွတ်လပ်မှု ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်ကြည့်တယ်လို့ ကျနော် သဘောပေါက်ပါတယ်။ အဲဒီမှာ တခါတခါ အခက်ကြုံတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာကတော့ တိုင်းရင်းသားအရေး ဖြစ်ပါတယ်။ အခု စစ်တပ်အနေနဲ့ တိုင်းရင်းသား တန်တူရေးကို တကယ် သဘောပေါက် နားလည်းတယ်။ တိုင်းရင်းသားတွေကို တကယ် တန်တူအခွင့်အရေးပေးဖို့ဆိုတာ တကယ် လက်ခံလိမ့်မယ်လို့ ထင်ပါသလား။ ဘာကြောင့်လည်းဆိုတော့ ဒီ စစ်တပ်ဟာ ဗိုလ်ချုပ်နေဝင်း လက်ခုပ်ထဲမှာ ကြီးပြင်းလာတဲ့ စစ်တပ်မို့လို့ ဒီ မေးခွန်းကို မေးခြင်းဖြစ်ပါတယ်။

Prof. David Steinberg ။ ။ နည်းနည်း နောက်ကြောင်း ပြန်ကြည့်ရအောင်ပါ။ လွတ်လပ်ရေးအပြီး ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ပြဿနာဖြစ်ပါတယ်။ ဘယ်အစိုးရကမှ ဒီ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဦးနု အစိုးရလည်း ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဗိုလ်ချုပ်နေဝင်း က ဒီပြဿနာကို ပိုဆိုးစေခဲ့ပါတယ်။ နဝတ၊ နအဖ တို့လည်း ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ အခုအခါမှာ မသိမသာလေး ပြောင်းလဲလာတာက ပြည်နယ်လွှတ်တော် ပြည်နယ်ဥပဒေပြုအဖွဲ့ပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဒါဟာလည်း အစပဲ ရှိပါသေးတယ်။ နယ်ခြားစောင့်တပ်အဖြစ် ထားရှိရေးကို အစိုးရက အားပေးတာလည်း အစီအစဉ်ကောင်းဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ရမယ့်ဟာတွေ အများကြီး ရှိပါသေးတယ်။ တိုင်းပြည်တခုလုံး ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာပါ။ အစိုးရက ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အထိတော့ မမျှော်လင့်ပါဘူး။ လျော့ပါးသွားအောင်၊ သက်သာမှုရအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေကို လေးစားသမှုနဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံထဲမှာတော့ လူနည်းစု ယဉ်ကျေးမှုတွေကို ဖော်ပြထားတာကို တွေ့ပါတယ်။ အဲဒီနည်းနဲ့တော့ အလုပ်ဖြစ်မယ် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု ဖွဲ့စည်းပုံမှာပါတဲ့ ပြည်နယ်လွှတ်တော်လောက်ကတော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာလည်း ပါတယ်လို့ ထင်ပါတယ်။ အဓိက ပြဿနာက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်တဲ့အခါမှာ ဗဟိုက အာဏာပိုင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါက အဓိက ပြဿနာ မဟုတ်ဘူးလား။

Prof. David Steinberg ။ ။ ပြဿနာတွေကတော့ အများကြီးပါ။ သံယဇာတတွေ ခွဲဝေမှု၊ ဒေသရန်ပုံငွေ စုဆောင်းနိုင်ခွင့်၊ တိုင်းရင်းသားဒေသက သံယဇာတတွေကို ဘယ်သူက ချုပ်ကိုင်ရမလဲ စသဖြင့် ဒီလို အခက်အခဲတွေက အမြောက်အမြားပါ။ ဒါအပြင် စစ်တပ်အနေနဲ့က လူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် သိပ်မပေးချင်ဘူးဆိုတာလည်း ကျနော် သိပါတယ်။ တိုင်းရင်းသားတွေ ခွဲထွက်မှာကို စစ်တပ်က စိုးရိမ်ပါတယ်။ ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ကို ပိတ်ပင်ထားတာ ကျနော် ထောက်ခံတယ်။ ခွဲထွက်ခွင့်ဟာ မကောင်းပါဘူး။ ဒါပေမဲ့ ပြည်ထောင်စုထဲမှာ ရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကိုတော့ မပိတ်ပင်သင့်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလက်ရှိ ဖွဲ့စည်းပုံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း မပေးထားသလို အခုန ဆရာကြီး ပြောသွားတဲ့ ပိုင်ခွင့်တွေကိုလည်း ဘယ်မှာ ပေးထားလို့လဲ ခင်များ။

Prof. David Steinberg ။ ။ အလုံအလောက်တော့ မပေးပါဘူး။ ဒါပေမဲ့ ပြောဆိုခွင့်တော့ နည်းနည်းလေး ပိုပေးလာပါတယ်။ သူတို့ အလုံအလောက် မပေးတာ၊ ဒါတွေက မပြီးပြတ်သေးတဲ့ ပြဿနာတွေပါ။ ဒီ ဖွဲ့စည်းပုံသစ်နဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ လွတ်လပ်ရေး ရကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာလို့ ကျနော် ပြောခဲ့ပါတယ်။ ဆိုတော့က အစိုးရအနေနဲ့ ဒီ လူနည်းစု ပြဿနာ ဖြေရှင်းရေးအတွက် ဆက်ပြီးလုပ်ရအုန်းမယ်ဆိုတာ သိရှိထားဖို့၊ သိရှိနေဖို့ကိုပဲ ကျနော် မျှော်လင့်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား ဘာသာစကားနဲ့ အခြေခံပညာကိုအဆင့် တခုအထိ သင်ယူနိုင်အောင် လုပ်ပေးသင့်ပါတယ်။ တိုင်းရင်းသားစာပေနဲ့ ရေးသားထားတဲ့ ဘာသာရပ်စာပေတချို့လည်း လိုအပ်ပါတယ်။ သိပ်ကို အရေးကြီးတဲ့ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ မြန်မာ့အရေးမှာ အခုလို အမေရိကန်အစိုးရက ပါဝင်ပတ်သက်လာတယ် ဆိုပါတော့။ အစိုးရက ပါဝင်ပတ်သက်လာမှု ရှိတဲ့အတွက် ဒီ တိုင်းရင်းသားလူနည်းစုတွေရဲ့ ပြဿနာအပေါ်မှာ တစုံတရာ ရိုက်ခတ်မှု ရှိလာလိမ့်မယ် ထင်ပါသလား။

Prof. David Steinberg ။ ။ လူနည်းစုပြဿနာက သိပ်ပြီးအကဲခတ်တဲ့ကိစ္စပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) အတွင်း ပြည်ပနိုင်ငံတချို့က မကျေမနပ် ဖြစ်နေတဲ့ လူနည်းစုတွေဘက်က ရပ်တည်ခဲ့ကြပါတယ်။ ဒီ ပြဿနာဟာ အတိမ်အစောင်း မခံနိုင်တဲ့ ပြဿနာပါ။ ကျနော်ကတော့ ဒါဟာ မြန်မာပြည်သူတွေ ကိုယ်တိုင်ရှင်းရမယ့် ကိစ္စလို့ ထင်ပါတယ်။ လောလောဆယ် နိုင်ငံရေးပြဿနာ ပြေလည်ရင် ပြည်ပက အထောက်အပံ့တွေ ရလာနိုင်ပါတယ်။ ဒီအခါ တိုင်းရင်းသားပြဿနာ ပြေလည်ရေးအတွက်လည်း အထောက်အကူဖြစ်မယ် ထင်ပါတယ်။

XS
SM
MD
LG