သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စင်္ကာပူ အကူအညီ


မြန်မာနဲ့ စင်္ကာပူ အကူအညီ
မြန်မာနဲ့ စင်္ကာပူ အကူအညီ

မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေးအခြေခံနဲ့ ကျွမ်းကျင်တဲ့အလုပ်သမား ပေါ်ထွက်လာဖို့အတွက် အတတ်ပညာပိုင်းမှာ ကူညီဖို့ စင်္ကာပူက သဘောတူလိုက်ပါတယ်။ မကြာမီက သမ္မတဦးသိန်းစိန် စင်္ကာပူကို သွားရောက်စဉ် နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပါတယ်။ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း အင်္ဂလိပ်စာ၊ အိုင်တီအတတ်ပညာ စတဲ့ ဘာသာရပ်တွေမှာ စင်္ကာပူက သင်တန်းလုပ်ပေးပါလိမ့်မယ်။ ၂၀၁၄ မှာ အာဆီယံဥက္ကဌ ဖြစ်လာမယ့် မြန်မာအစိုးရရဲ့ အမှုထမ်းတွေကို အာဆီယံလုပ်နည်းလုပ်ထုံး သင်ပေးဖို့လည်း စင်္ကာပူက တာဝန်ယူထားပါတယ်။ အာဆီယံအစည်းအဝေး (၂၅၀) (၃၀၀) လောက် နှစ်စဉ်ကျင်းပနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေရှိဖို့ လိုတာကို ဗမာအစိုးရ သဘောပေါက်ပုံရပါတယ်။

တကယ်တော့ ဗမာစစ်အစိုးရကို အပယ်ခံဘဝကတည်းက စင်္ကာပူက ကူညီနေတာမို့ စင်္ကာပူကို အားကိုနေတာ အနှစ် (၂၀) ကျော်နေပါပြီ။ ၁၉၈၈ လူထုအုံကြွမှုကြောင့် အကျပ်အတည်းဖြစ်နေတဲ့ စစ်အစိုးရကို ပထမဆုံး လက်နက်နဲ့ငွေကြေး ကူညီသူဟာ စင်္ကာပူပါ။ စစ်ခေါင်းဆောင်တွေကို ဆေးဝါးကုသပေးနေတာလည်း စင်္ကာပူပဲ ဖြစ်ပါတယ်။ ဗမာစစ်အုပ်စု အသိုင်းအဝိုင်းရဲ့ ဒေါ်လာငွေမဲတွေကို ထိန်းသိမ်းစောင့်ရှောက်ရာ နေရာအဖြစ်လည်း စင်္ကာပူကဟာ နာမည်ကြီးပါတယ်။

၂၀၀၇ နှစ်ဆန်းပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စင်္ကာပူအစိုးရဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာမီ လပိုင်းအတွင်းမှာ ကွယ်လွန်သူဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးစိုးဝင်းလည်း ဒီဆေးရုံမှာပဲ ကုသခဲ့ပါတယ်။ စစ်အုပ်စုအသိုင်းအဝိုင်းရဲ့ သားသမီးမြေးမြစ်တွေဟာ စင်္ကာပူမှာ ပညာသင်ကြပါတယ်။ မသမာငွေကြေးနဲ့ တည်ထောင်ထားတဲ့ Asia World ကုမ္မဏီရဲ့ စင်္ကာပူကစီးပွားနဲ့ စင်္ကာပူအစိုးရရဲ့ မြန်မာပြည်က စီးပွားကို ဖော်ပြဖို့ စင်္ကာပူအစိုးရက အမြဲတမ်းငြင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ချီစွန်ယွမ်း မေးမြန်းတာကို စင်္ကာပူအစိုးရက မကျေမနပ်ဖြစ်ပြီး အရေးယူတဲ့အတွက် ၂၀၁၁ အထိ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရပါတယ်။ မြန်မာပြည်က စင်္ကာပူရင်းနှီးမြှပ်နံှမှု တဝက်လောက်ဟာ ဘိန်းမှောင်ခိုဟောင်း လောစစ်ဟန် တည်ထောင်တဲ့ Asia World ကုမ္မဏီနဲ့ ပတ်သက်နေတယ်လို့ အမေရိကန်အစိုးရ အရာထမ်းဟောင်း Robert Gelberd က ပြောပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ချိန်မှာ ၂၀၀၇ ပထမ (၆) လပိုင်းမှာ စင်္ကာပူမြန်မာပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် တိုးပွားလာတယ်လို့ ဆိုနိုင်ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ၂၀၀၇ ဧပြီလအစောပိုင်းမှာ မြန်မာပြည်ကိုလာရောက်ပြီးချိန်ကစပြီး စင်္ကာပူအစိုးရဟာ ဗမာဗိုလ်ချုပ်တွေရဲ့ အကြံပေးအဖွဲ့လို ဖြစ်လာပါတယ်။ ခေတ်နောက်ကျနေတဲ့ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နဲ့ ဗိယက်နမ်ကို အတတ်ပညာပိုင်းမှာ ကူညီဖို့အတွက် စင်္ကာပူအစိုးရက ဒေါ်လာသန်း (၃၀) ရင်နှီးပါတယ်။ ဒီအထဲမှာ ဗမာအစိုးရဝန်ထမ်းကို လေ့ကျင့်ပေးတာလည်းပါဝင်ပါတယ်။ ၁၉၉၆ ကတည်းက စင်္ကာပူ အန်ဂျီအိုတွေ ပါဝင်လာခဲ့တာဖြစ်ပြီး စင်္ကာပူ အန်ဂျီအို ကို အစိုးရလက်အောက်ခံလို့ မြန်မာဘက်က မြင်တာကြောင့် လုပ်ရကိုင်ရတာ အဆင်ပြေကြောင်း သိရပါတယ်။

ဆေးဝါကုသရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး နဲ့ နိုင်ငံတကာရေးရာမှာ စင်္ကာပူအစိုးရက ဗမာအစိုးရကို ရင်းရင်းနှီးနှီး အကူအညီပေးသလို ဝေဖန်အကြံပေးတာမျိုးလည်း ရှိပါတယ်။ စစ်အစိုးရ စီးပွားရေး နားမလည်ကြောင်း စင်္ကာပူမင်းဆရာ လီကွမ်ယု က မကြာခဏပြောတတ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် (၁၄) နှစ် လုပ်ခဲ့သူ စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့ဥက္ကဌ ဂိုချောက်တောင် ၁၀၀၉ ဇွန်လက နေပြည်တော်ကို လာရောက်စဉ်ကလည်း စစ်ခေါင်းဆောင်ပိုင်းကို သတိပေးစကားပြောကြားပါတယ်။ တိုးတက်မှု ဆိတ်သုဉ်းနေရင် စင်္ကာပူအနေနဲ့ ငွေရင်းဆက်လက်မြှပ်နှံဖို့ ခက်ခဲမယ့်အကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာက အာရုံစိုက်နေတာကိုလည်း လျစ်လျူရှုလို့ မဖြစ်ကြောင်း သတိပေးစကားပြောကြားသွားပါတယ်။ ဗမာအစိုးရရဲ့ အခက်အခဲကိုလည်း စင်္ကာပူအစိုးရက သဘောပေါက်ပုံ ရပါတယ်။

သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာငွေသန်းငါးထောင်ကို ဗမာအစိုးရက စင်္ကာပူဘဏ် (၂) ခုမှာ အပ်နှံထားတယ်လို့ Earth Rights International အဖွဲ့က ၂၀၀၉ က ကြေညာပါတယ်။ စင်္ကာပူအစိုးရ တည်ထောင်ထားတဲ့ DBS (Development Bank of Singapore) နဲ့ OCBC (Overseas Chinese Banking Corporation) မှာ သဘာဝဓါတ်ငွေ့ကရတဲ့ ဒေါ်လာငွေတွေကို အပ်နှံထားတယ်လို့ ထုတ်ဖော်ပါတယ်။

DBS ဘဏ်ဟာ အရှေ့တောင်အာရှမှာ ငွေရင်းနှီအများဆုံးဘဏ်ဖြစ်ပြီး မြန်မာနဲ့ ထိုင်းအပါအဝင် နိုင်ငံပေါင်း (၁၅) နိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်ထားပါတယ်။ အင်ဒိုနီးရှားအာဏာရှင် ဆူဟာတို လက်ထက်မှာ မသမာတဲ့နည်းနဲ့ ရယူထားတဲ့ ဒေါ်လာငွေကို စင်္ကာပူမှာ ရင်းနှီးမြှပ်နှံပြီး စည်းစိမ်ခံနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား သန်းကြွယ်သူဌေး (၂) သောင်းနီးပါးဟာ ဒီမိုကရေစီခေတ်ရောက်တော့လည်း စင်္ကာပူမှာ ဇိမ်ခံနေတုန်းပဲလို့ ၂၀၀၆ ခုနှစ်ထုတ် Merrill Lynch ကုမ္မဏီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

မိမိနိုင်ငံမှာ အခွန်မဆောင်ချင်လို့ တိမ်းရှောင်နေတဲ့ အနောက်နိုင်ငံသားသူဌေးတွေ၊ မသမာနည်းနဲ့ ဒေါ်လာတွေရထားလို့ ချမ်းသာနေသူတွေရယ် ပေါင်းလိုက်ရင် စင်္ကာပူမှာ သန်းကြွယ်သူဌေး ငါးသောင်းကျော် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ငွေမဲကို ခဝါချပြီး တရားဝင်အောင်လုပ်တာကို တားမြစ်တဲ့ဥပဒေ စင်္ကာပူမှာရှိပေမယ့် ငွေမဲကို ဘယ်သူကမှ စုံစမ်းစစ်ဆေးနေတာ မဟုတ်တဲ့အတွက် ဒီ ဥပဒေကို ကျင့်သုံးဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်နေပါတယ်။

XS
SM
MD
LG