ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က အရှေ့ တောင်အာရှ စီမံကိန်း ညွှန်ကြားရေးမှူး Mr. Jim Della-Giacoma ကို ဆက်သွယ်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းသင့်တယ်လို့ ICG (International Crisis Group) နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ အစီရင်ခံစာ ကို သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ICG အစီရင်ခံစာရဲ့  ထောက်ခံတင်ပြချက်တွေမှာ အဓိကအချက်ကတော့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေးကိစ္စဖြစ်တယ်လို့ ထင်ပါတယ်။ ဟုတ်ပါသလား။
Mr. Jim Della-Giacoma ။ ။ ကျနော်တို့ ထောက်ခံတင်ပြထားတာတွေ အတော်များပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေပေါ်ကြည့်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ပြောင်းလဲသင့်တဲ့ အချက်တွေလို့ ထင်ပါတယ်။ ပထမအချက်က ဖွံ့ဖြိုးရေးအစီအစဉ်တွေကို မပိတ်ပင်ဘဲ အတော် မြင့်မား တိုးတက်လာတဲ့အထိ ပေးသင့်ပါတယ်။ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့တွေက နည်းပညာပိုင်ဆိုင်ရာ အထောက်အပံ့တွေကို ရပ်ဆိုင်းထားမယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အထောက်အပံ့တွေ ကိုတော့ ပြန်ပေးသင့်ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ရဲ့  ကုန်သွယ်ရေးကန့်သတ်ချက်တွေကိုလည်း လုံးဝရုတ်သိမ်းရပါလိမ့်မယ်။ ဒီလို ပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တဲ့အတွက် ပြဿနာ ရုတ်တရက် ပြေလည်သွားမယ်လို့ မဆိုလိုပါဘူး။ သာမန်ပြည်သူတွေရဲ့  ဘဝအခြေအနေ တဖြည်းဖြည်းတိုးတက်လာနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေက targeted sanctions - ပစ်မှတ်ထားပြီး အရေးယူတယ်လို့ ဆိုနေကြပါတယ်။ ICG က ထောက်ခံတင်ပြချက်နဲ့ ဘယ်လောက်အကြုံဝင်ပါသလဲ။
Mr. Jim Della-Giacoma ။ ။ အခု သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက သိပ်ကျယ်ပြန့်ပါတယ်။ ကုန်သွယ်ရေး ပိတ်ဆို့မှု၊ မြန်မာအထည်စက်ရုံတွေကို ပိတ်ပင်မှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မှုတွေ။ ဒါတွေဟာ targeted sanctions လို့ခေါ်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှု မဟုတ်တော့ပါဘူး။ သိပ်ကျယ်ပြန့်ပါတယ်။ မြန်မာပြည်သူ သာမန်ပြည်သူလူထုကို ထိခိုက်စေပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အိမ်နီးချင်းတိုင်းပြည်က လူထုရရှိနေတဲ့ အကျိုးစီးပွားမျိုးကို မြန်မာပြည်သူတွေ မရရှိနိုင်ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ targeted မဟုတ်ဘူး။ ပစ်မှတ်ထားအရေးယူမှု မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။
Mr. Jim Della-Giacoma ။ ။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးယူပိတ်ဆို့မှု၊ ကုန်သွယ်ရေး ကန့်သတ်ပိတ်ပင်မှု၊ နိုင်ငံတကာ အေဂျင်စီတွေရဲ့  အထောက်အပံ့ ထိန်းချုပ်မှုတွေဟာ ပစ်မှတ်ထားအရေးယူမှုတွေ မဟုတ်တော့ ပါဘူး။ ဒါတွေဟာ သိပ်ကျယ်ပြန့်ပါတယ်။ သာမန်လူထုကို နစ်နာစေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရတဲ့ အကျိုးခံစားမှုမျိုးကို မြန်မာလူထုမရရှိနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ICG အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ လက်ရှိအခြေအနေကို သုံးသပ်တဲ့အခါကျတော့ အာဏာပြအုပ်ချုပ်မှုက ဆက်လက်ရှိနေသေးတယ်၊ ဘာမှ တိုးတက်တာ မတွေ့ရသေးဘူး၊ ရွေးကောက်ပွဲ ကလည်း အစစ်အမှန်မဟုတ်ဘူးဆိုတာကို အမှန်အတိုင်း သုံးသပ်ရေးသားထားတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ထောက်ခံတင်ပြတဲ့အခါမှာတော့ သိပ်ကိုလျှော့လျှော့ပေါ့ပေါ့နဲ့ အကောင်းမြင်တွေ့ရပါတယ်။ ဒါကြောင့် ဒီ အစီရင်ခံစာဟာ ရှေ့ နောက်မညီညွှတ်ဘူးလို့ ဆိုရင် မှားပါသလား။
Mr. Jim Della-Giacoma ။ ။ နှစ်ပေါင်း (၂၀) ကျင့်သုံးလာတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ရလဒ်ကို ကျနော်တို့ ကြည့်ပါတယ်။ အလုပ်မဖြစ်ဘူးလို့ ကျနော်တို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးအခြေအနေကို မပြောင်းလဲနိုင် ပါဘူး။ အခုအခါမှာ အစိုးရတရပ် ဖြစ်ပေါ်လာပါပြီ။ ဒါကြောင့် ကျနော်တို့က ချည်းကပ်မှုတရပ် တောင်းဆိုပါ တယ်။ ပြည်သူလူထုကို အပြစ်ဒဏ်မခတ်တဲ့ ချည်းကပ်မှုကို ကျနော်တို့ တောင်းဆိုလာခဲ့တာပါ။ နှစ်ပေါင်း များစွာ အလုပ်မဖြစ်ခဲ့တဲ့ ကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တောင်းဆိုတာပါ။ အခုအချိန်ကာတော့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံတွေ မူဝါဒ အပြောင်းအလဲလုပ်ဖို့ အခါအခွင့်သင့်ပြီလို့ ထင်ပါတယ်။ (၃း၅၀)
ဦးကျော်ဇံသာ ။ ။ ICG အနေနဲ့ ဒီလို ထောက်ခံချက်တွေမလုပ်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တင်ပြချက်ကို ထည့်သွင်းစဉ်းစားခဲ့ပါသလား။ စီးပွားရေးပိတ်ဆို့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု၊ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းစေချင်ရင် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် အရင်လုပ်ပါလို့ အန်အယ်လ်ဒီ က အကြံပေးထားပါတယ်။ အဲဒီအချက်ကို လူကြီးမင်းတို့ ထည့်သွင်းစဉ်းစားထားပါသလား။
Mr. Jim Della-Giacoma ။ ။ ဒေါ်အောင်ဆန်းစုကြည် Davos (World Economic Forum) မှာ စကားပြောတုန်းက မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ရင်းနှီမြုပ်နှံမှုလုပ်ဖို့ကိစ္စကို အပြုသဘောနဲ့ ပြောသွားခဲ့ ပါတယ်။ အခု ကန့်သတ်ပိတ်ပင်မှုတွေထဲမှာ သဘာဝပတ်ဝန်းကျင် မပျက်သုဉ်းရေးကို ဦးစားပေးတဲ့ ကုမ္မဏီတွေ၊ လူမှုရေးတာဝန်ယူမှုတွေကို ခေတ်သစ်စံနှုန်းတွေနဲ့အညီ လိုက်နာတဲ့ ရင်နှီးမြုပ်နှံမှုတွေလည်း ပါဝင်နေပါတယ်။ အဲဒီလို ကုမ္မဏီတွေ ရင်းနှီမြုပ်နှံမှုတွေကို လက်ခံသင့်တယ်လို့ ထင်ပါတယ်။ တားဆီး ပိတ်ပင်ခြင်း မပြုသင့်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ရင်းနှီမြုပ်နှံမှုကို ဒေါ်အောင်ဆန်းစုကြည် က အားပေးတဲ့ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အဲဒီ မိန့်ခွန်းထဲက တကယ့် စကားအသုံးအနှုန်းကို လူကြီးမင်း ကိုးကားပြနိုင်ပါသလား။ အဲဒီ Davos မိန့်ခွန်းကို အချို့ က ဒေါ်အောင်ဆန်းစုကြည် က ရင်းနှီမြုပ်နှံမှုတွေကို အလေးအနက် စဉ်းစားကြဖို့ ထောက်ပြတာပဲလို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။
Mr. Jim Della-Giacoma ။ ။ ဟုတ်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကွဲလွဲမှုတွေ ရှိနေကြပါတယ်။ Davos မှာ သူမိန့်ခွန်းပြောပါတယ်။ ကုန်သွယ်ရေးအစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ငွေကြေးပြောင်းလဲမှုအပေါ် ထားရှိတဲ့ ကျယ်ပြန့်တဲ့အရေးယူမှုတွေ ဘာညာမရုတ်သိမ်းသေးသမျှ နိုင်ငံတကာ ရင်းနှီမြုပ်နှံမှုတွေ မလုပ်ဘဲ နေကြဖို့ အားပေးသွားတာပါ။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်တဲ့နေရာမှာ ရှေ့ တန်းကပါဝင်တဲ့ အမေရိကန်က အခု အိုဘားမား လက်ထက်မှာ မြန်မာနိုင်ငံအပေါ် အယူအဆကို နည်းနည်းပြုပြင်တယ်လို့ ဆိုရမှာပါ။ မြန်မာနိုင်ငံဘက်က တိုးတက်မှုတစုံတရာ ပြသလာရင် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်အောင် လုပ်မှာကို အဆင်သင့်ပဲလို့ ပြောဆိုနေပါတယ်။ ဒါဟာ မလုံလောက်ဘူးလား။ တင်းမာတဲ့သဘောကို ပြသ နေဆဲပဲလို့ ဆိုနိုင်ပါသလား။
Mr. Jim Della-Giacoma ။ ။ အမေရိကန် အပါအဝင် sanction ကျင့်သုံးတဲ့ နိုင်ငံအနည်းအကျဉ်းတို့ဟာ မြန်မာနိုင်ငံအပေါ် မူဝါဒချမှတ်ရမှာ ထိရောက်မှုရှိဖို့ထက် တင်းတင်းမာမာ ရှိဖို့ကို ဦးစားပေးနေကြတယ်လို့ ကျနော်တို့ယူဆပါတယ်။ သူတို့ဟာ ပြည်တွင်းဖိအားကို အခြေခံပြီး မူမပြောင်းဘဲ ဆက်လုပ်နေကြတယ် ထင်ပါတယ်။ လက်ရှိ မြန်မာပြည်အခြေအနေကို ကျနော်တို့က ပြောင်းလဲနေပြီးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံဟာ အာဏာပြအုပ်စိုးမှုအောက် နေလာခဲ့ရတာ နှစ်ပေါင်း (၅၀) ရှိလာခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု နဲ့ တခြား အနောက်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ တခြား အာဏာရှင်နိုင်ငံတွေနဲ့ ပျော်ပျော်ကြီး ဆက်ဆံနေကြပါတယ်။ မြန်မာပြည်သူတွေကိုတော့ အဲဒီလိုမျိုး မဆက်ဆံကြပါဘူး။ ဒီအတွက် မြန်မာပြည်သူတွေ နစ်နာကြရပါတယ်။ တခြားနိုင်ငံက သာမန်ပြည်သူတွေရရှိတဲ့ တိုးတက်မှုတွေ၊ အကျိုးခံစားခွင့်တွေ မရရှိကြပါဘူး။ ဒါဟာ မြန်မာနိုင်ငံအပေါ် ဆက်ဆံတာဟာ တခြားနိုင်ငံတွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ မတူလို့ ဖြစ်ရတာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေဟာ မြန်မာပြည်အပေါ် မူပြောင်းရမယ်။ နေပြည်တော်နဲ့ အပြုသဘောဆက်ဆံရမယ်။ sanction သည်သာ တခုတည်းသောနည်းလမ်း တင်းမာသော သဘောထားသည်သာ တခုသောနည်းလမ်းဆိုတာကို ထိုးဖောက်ကြရပါလိမ့်မယ်။ ဒါတွေဟာ အလုပ်မဖြစ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တချို့  ဒီမိုကရေစီလှုပ်ရှားသူတွေက ပြောကြပါတယ်။ Sanction တွေ တင်းကျပ်မှုတွေကို လျှော့ပေးလိုက်ရင် စစ်အစိုးရက သူတို့လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်လိမ့်မယ်။ သူတို့အာဏာကို ချုပ်ကိုင်ရေးအတွက် အသုံးချမယ်။ သူတို့က တရားဝင်အစိုးရဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုတယ်ဟေ့ သူတို့ လုပ်ကြပါလိမ့်မယ်။ ဆိုတော့ အဲဒီလို လုပ်မှာကို စိုးရိမ်တဲ့အတွက် sanction တွေ ဆက်ထား သင့်တယ်လို့ ဒီမိုကရေစီလှုပ်ရှားသူတွေက ဆိုကြပါတယ်။ အဲဒီလို ယူဆနိုင်တဲ့ အထောက်အထားတွေ မရှိဘူးလို့ ထင်ပါသလား။
Mr. Jim Della-Giacoma ။ ။ ကျန် ကမ္ဘာ့နိုင်ငံတွေအပေါ် အမေရိကန်ပြည်ထောင်စုတို့ ကျင့်သုံးနေတဲ့ကိစ္စကို ကြည့်သင့်ပါတယ်။ အဲဒီ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ အောင်မြင်နေပါတယ်။ တွေ့ဆုံဆွေးနွေး နေတယ်၊ ကုန်သွယ်မှုလုပ်တယ်၊ ပြည်ပရင်းနှီမြုပ်နှံမှုတွေ လုပ်ကြတယ်။ ဒီလိုနဲ့ သူတို့ တံခါးဖွင့်စေတယ်။ သာမန်ပြည်သူတွေဆီကို အကျိုးအမြတ်တွေ ရောက်ရှိစေတယ်။ အထီးကျန်ပြစ်ထားတဲ့ မူဝါဒက အလုပ် မဖြစ်ဘူးလို့ ထင်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို ပိုပြီးတော့ အထီးကျန်ဖြစ်စေပါတယ်။ လူထုအတွက် အကျိုးယုတ်စေတယ်။ နိုင်ငံတကာ တိုးတက်မှုတွေကို လက်လွှတ်စေတယ်။ နိုင်ငံတကာ အကူအညီနဲ့ ဆက်နွှယ်ဖြစ်ထွန်းစေမယ့် နိုင်ငံရေးအခြေအနေ တိုးတက်မှုတွေကိုလည်း လက်လွတ်သွား စေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘေးဖယ်ပေးတော့မယ်လို့ ICG အစီရင်ခံစာထဲမှာ ရေးထားတာတွေ့ရပါတယ်။ ဒါ သေချာပါရဲ့ လား။ ကြေညာထားတဲ့ မရှိသေးပါဘူး။
Mr. Jim Della-Giacoma ။ ။ အခု ယန္တယားအသစ်ထဲမှာ သမ္မတအသစ် ရှိနေပါပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အခန်းကဏ္ဍကတော့ စောင့်ကြည့်ရအုံးမှာပေါ့။ လာမယ့်လတွေအတွင်းမှာပါ။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရေးမှာ ရာထူးတစုံတရာမရှိဘဲ ပုဂ္ဂိုလ်ရေး လွှမ်းမိုးကြီးစိုးမှုကလည်း သိပ်အရေးကြီးပါတယ်။ လစ်ဗျားမှာ ကြည့်ပါ။ ကဒါဖီ က သူ့မှာ ဘာရာထူးမှမရှိဘူး၊ ထွက်ပေးစရာ မလိုဘူးလို့ ပြောနေတယ် မဟုတ်ဘူးလား။ အဲဒီတော့ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမျိုးတွေ ရှိနေပါတယ်။
Mr. Jim Della-Giacoma ။ ။ ဒါမျိုးက နိုင်ငံတော်တော်များများမှာ ရှိနေပါတယ်။ အာဏာ အပြောင်းအလဲ လုပ်ရာမှာ မြင်ကွင်းနောက်ကွယ်က လူတွေရှိနေတတ်ပါတယ်။ ကျနော်တို့ ထောက်ခံတင်ပြတာက ဒါကို စောင့်ကြည့်ပြီး လိုက်လျောညီထွေစွာ လိုက်လံပြောင်းလဲဖို့ ဖြစ်ပါတယ်။