သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့မူယစ်ဆေး ပြဿနာ


မြန်မာနိုင်ငံရဲ့ ၂၀၁၁ မူယစ်ဆေးထုတ်လုပ်မှု အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နှစ်စောင် လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Austria နိုင်ငံ Vienna မြို့ အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC – United Nations Office on Drugs and Crime က ၂၀၁၁ Myanmar Opium Survey ကို ထုတ်ဝေခဲ့ပါတယ်။ Vienna မြို့ အခြေစိုက် INCB – International Narcotics Control Board အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့က ၂၀၁၁ နှစ်လည် အစီရင်ခံစာ ထုတ်ပါတယ်။ အာရှနဲ့ ဗမာ့ပြဿနာကို စာမျက်နှာ (၇၁) ကနေ ((၉၁) အထိ အကျဉ်းချုပ် ဖော်ပြထားပါတယ်။

UNDOC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးဟာ မြန်မာအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေးဌာန၊ သစ်တောဌာနတို့နဲ့ ပူးတွဲပြီး မူးယစ်ဆေးစစ်တမ်း ကောက်ယူတယ်လို့ ဆိုပါတယ်။ ဒေသခံ အမှုထမ်း (၁၄၇) ယောက်ရဲ့ ကွင်းဆင်းလေ့လာချက် နဲ့ ဂြိုလ်တုက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီး ရေးသားထားကြောင်း ဖော်ပြပါတယ်။ မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးမှု ဆက်တိုက်တိုးပွားနေတာ (၅) နှစ်ရှိပြီလို့ ဆိုပါတယ်။ ၂၀၁၁ မှာ ဘိန်းစိုက်ပျိုးမှု (၁၄) ရာခိုင်နှုန်း တိုးပွားလာပါတယ်။ (၆) နှစ်လောက် ကျဆင်းလာခဲ့ပြီးမှ ၂၀၀၇ ကစပြီး ဆက်တိုက် တိုးပွားလာတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ဘိန်းပမာဏရဲ့ (၉၀) ရာခိုင်နှုန်းဟာ ရှမ်းပြည်က ထွက်တာဖြစ်ပါတယ်။ ကျန်တဲ့ (၁၀) ရာခိုင်နှုန်းက ကချင်ပြည်နယ်က ထွက်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု (၂၀) ရာခိုင်နှုန်းလောက် တိုးပွားလာပြီး အရှေ့ပိုင်းဒေသမှာ တိုးပွားမှုမရှိဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိးတဲ့နယ်မြေ အများဆုံးတိုးပွားလာပြီး (၃၀) ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကေအိုင်အို၊ ကချင်လွတ်မြောက်ရေးအဖွဲ့က ၂၀၁၀ အောက်တိုဘာလကစပြီး မူးယစ်ဆေးတိုက်ဖျက်ရေး အထူးစီမံချက် အကောင်အထည်ဖော်နေကြောင်း သိရပါတယ်။ ဘိန်းစိုက်ခင်းတွေ တိုးပွားလာလို့ (၅) ရာခိုင်နှုန်း အထွက်တိုးလာတဲ့အတွက် လွန်ခဲ့တဲ့နှစ်က ဘိန်းစိမ်းတန်ချိန် (၆၀၀) ကျော်ထွက်တယ်လို့ ခန့်မှန်းပါတယ်။

၂၀၁၁ မှာ ဘိန်းစိုက်ပျိုးတဲ့ အိမ်ထောင်စုပေါင်း နှစ်သိန်းခွဲကျော် ရှိတယ်လို့ ခန့်မှန်းပါတယ်။ ရှမ်းပြည်နယ်မှာ စစ်တမ်းကောက်ယူတဲ့ ကျေးရွာတွေထဲမှာ (၃၄) ရာခိုင်နှုန်းဟာ ဘိန်းစိုက်ကြတယ်လို့ သိရပါတယ်။ တအိမ်ထောင်မှာ ဧကဝက်လောက် ဘိန်းစိုက်ပါတယ်။ အာဖဂန်မှာ ဘိန်းစိုက်သူ နှစ်သိန်းနီးပါးသာ ရှိပေမယ့် တအိမ်ထောင်မှာ တဧကကျော် စိုက်ပျိုးတာမို့ မြန်မာထက်ပိုပြီး အထွက်များနေတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးရတဲ့ အကြောင်းရင်းတွေထဲမှာ ရိက္ခာဝယ်ဖို့ငွေရအောင် စိုက်ပျိုးသူက အများစုဖြစ်နေပါတယ်။ ဘိန်းစိုက်တဲ့ တောင်သူလယ်သမားတွေဟာ ဝင်ငွေပိုရပါတယ်။ ဘိန်းတဧကစိုက်ရင် ကျပ် (၂၂) သိန်းလောက် ဝင်ငွေရနိုင်ပြီး စပါးတဧကစိုက်ရင် သုံးသိန်းခွဲသာ ရနိုင်တာမို့ ဘိန်းစိုက်သူဟာ စပါးစိုက်သူထက် ဝင်ငွေ (၉) ဆ ပိုရပါတယ်။ ဘိန်းစိုက်ခင်းကြီးတွေကို တိုင်းရင်းသားတပ်ဖွဲ့ ပြည်သူ့စစ်နဲ့ အစိုးရတပ်တွေ ချုုပ်ကိုင်ရာဒေသမှာသာ တွေ့နိုင်ပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ဒေသမှာ လူဦးရေ (၁) ရာခိုင်နှုန်းကျော်ဟာ ဘိန်းကိုစားသုံးပါတယ်။ မစိုက်တဲ့ဒေသမှာတော့ ဘိန်းစိုက်သုံးသူ သုည ဒဿမ ငါး ရာခိုင်နှုန်းသာ ရှိပါတယ်။ ကချင်ပြည်နယ်မှာ အများဆုံး စားသုံးကြတယ်လို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူရာမှာ ဘိန်းခင်းဖျက်ဆီးမှုကို လေ့လာစစ်ဆေးတာမျိုး မလုပ်ပါဘူး။ အစိုးရစာရင်းဇယားအရ လွန်ခဲ့တဲ့နှစ်က ဘိန်းဧက (၂) သိန်းနီးပါး ဖျက်ဆီးခဲ့တဲ့ အလုပ်ရုံးလေးတွေ တောကြိုးတောင်ကြားမှာ ရှိပေမယ့် ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါတယ်။ ဘိန်းဖြူချက်လုပ်ရာမှာ လိုအပ်တဲ့ ဓာတုပစ္စည်းကို ထိုင်းနဲ့လာအိုက တင်သွင်းပါတယ်။ ဒါကြောင့် ဘိန်းဖြူချက် လျှို့ဝှက်စခန်းလေးတွေဟာ ရှမ်းပြည်နယ်မှာ အများဆုံးရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ အစိုးရအမှုထမ်းတွေနဲ့အတူ ရိုက်တာသတင်းထောက်က (၅) ရက် လေ့လာရေးခရီးထွက်တဲ့အခါမှာ သုံးနှစ်အတွင်း ဘိန်းပပျောက်ရေးစီမံကိန်း အကောင်အထည်ဖော်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်ထောင်စု နှစ်သိန်းခွဲကို ဘိန်းမစိုက်အောင် လုပ်နိုင်ဖို့အတွက် ဒေါ်လာသန်း ငါးရာကျော်လိုတယ်လို့ ဗမာအစိုးရက တွက်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီသာရမယ်ဆိုရင် ၂၀၁၄ မှာ ဘိန်းပြဿနာ နိဂုံးချုပ်ဖို့ အာမခံနိုင်တယ်လို့ သမ္မတအကြံပေး ဦးစစ်အေး က ပြောပါတယ်။ သမိုင်းကြည့်ရင် နိုင်ငံခြားအကူအညီရသည်ဖြစ်စေ မရသည်ဖြစ်စေ သုံးနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု နိဂုံးချုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို ဘိန်းလုပ်ငန်းက ရန်ပုံငွေထောက်ပံ့နေတာမို့ ဘိန်းပပျောက်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ဆက်စပ်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမရှိရင် မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ဟာ မဖြစ်နိုင်သလောက်ပါ။ ထိုင်းနိုင်ငံမှာ ဒေါ်လာသန်းတထောင် အကုန်ခံပြီး အနှစ် (၃၀) ကျော် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလုပ်တော့မှ အောင်မြင်ပါတယ်။ ဒါတောင် ထိုင်းနိုင်ငံမှာ နှစ်စဉ် ဘိန်းတန်ချိန် (၅) တန်လောက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

XS
SM
MD
LG