သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ် အလားအလာ


ပြည်တွင်းစစ် အလားအလာ
ပြည်တွင်းစစ် အလားအလာ

စစ်အစိုရက အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပုံကို အပြည်ပြည်ဆိုင်ရာက အာရုံစိုက်နေတုန်းမှာ အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (Shan State Army –SSA) တို့ မကြာခဏတိုက်ပွဲဖြစ်နေပုံကို သျှမ်းသံတော်ဆင့် က သတင်းပေးပို့နေတာ နှစ်လလောက် ရှိနေပါပြီ။ ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အနောက်ဘက် SSA ထိန်းချုပ်ထားတဲ့ အပစ်ရပ်နယ်မြေမှာ တိုက်ပွဲဖြစ် နေတာပါ။ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းရယ်၊ လာရှိုး၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့ဒေသတွေမှာ တိုက်ပွဲပျံ့နှံ့နေကြောင်း ဧပြီလ (၅) ရက်နေ့က မြေပုံနဲ့တကွ ဖော်ပြပါတယ်။ အပစ်အခတ်မရပ်တဲ့ SSA (တောင်ပိုင်း) KNU နဲ့ အခြားတိုင်းရင်းသားတပ်ဖွဲ့တွေကို အစိုးရတပ်က စစ်ဆင်နေတာကတော့ နှစ်နဲ့ ချီနေပါပြီ။

အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် မလုပ်ချင်ကြတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ အောက်တိုဘာလက သောင်းကျန်သူ၊ သူပုန်အဖွဲ့လို့ အစိုးရက စွပ်စွဲထားပေမယ့် ထိုးစစ်ဆင်တာမျိုးတော့ မလုပ်သေးဘူးလို့ ဧပြီလ (၁၇) ရက်ထုတ် KNG ကချင်သတင်းမှာ ဖော်ပြထားပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က နယ်စပ်ဒေသနဲ့ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဧပြီ (၂၃) ရက်နေ့က ပြောသွားပါတယ်။ တဖက်နိုင်ငံကို အထင်ကြီးပြီး အားကိုးတဲ့စိတ်ဓါတ်ကွယ်ပျောက်ပြီး ဗမာအစိုးရကို ယုံကြည်စွာ ဆက်ဆံလာအောင် လုပ်ရမယ်လို့လည်းဆိုပေမယ့် လက်တွေ့အခြေအနေက တခြားစီဖြစ်နေပါတယ်။

အင်အားနည်တဲ့ တိုင်းရင်းသားအဖွဲ့လေးတွေထဲမှာ လက်နက်ချလိုက်ရသူတွေရှိသလို အစိုးရလက်အောက်ခံ နယ်ခြားစောင်အဖွဲ့အဖြစ် အသွင်းပြောင်းလိုက်ရသူတွေလည်း ရှိပါတယ်။ အချင်းချင်းမသင့်မတင့်ဖြစ်ပြီး ပြိုကွဲပျက်စီးသွားရတဲ့ အဖွဲ့တွေရှိသလို အစိုးရရဲ့ ကြံ့ဖွံ့ပါတီနဲ့ ပူးပေါင်းသွားသူလည်း ရှိပါတယ်။ ဒါပေမဲ့ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေကတော့ အစိုးရရဲ့ နယ်ခြားစောင့်တပ် စီမံကိန်းကို လက်မခံကြပါဘူး။ အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလမှာ လမ်းပမ်းး ဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် အစိုးရတပ်တွေအဖို့ လှုပ်ရှားရတာ ပိုပြီးလွယ်လာပါတယ်။ အစိုးရနဲ့ ပူးပေါင်းတဲ့ တိုင်းရင်းသားတပ်ဖွဲ့ကို ရှေ့တန်းကတိုက်ခိုင်းပြီး အစိုးရတပ်ကနောက်ပိုင်းက အမြောက်နဲ့ပစ်ပြီး စစ်ကူးပေးတဲ့နည်း သုံးလာတာတွေ့ရတယ်လို့ သျှမ်းသံတော်ဆင့်က ဆိုပါတယ်။

အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲတဲ့ ကရင်ငြိမ်းချမ်းရေးအုပ်စု (၄) စု ပေါ်လာပေမယ့် အင်အားအကြီးဆုံး KNU တပ်ဖွဲ့ကတော့ တိုက်ပွဲဝင်နေတုန်း ဖြစ်ပါတယ်။ မိမိလွတ်လပ်မှုကို လက်နက်နဲ့ ကာကွယ်တဲ့ အစဉ်အလာ ကြီးမားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေဟာ စေ့စပ်ဆွေးနွေး အဖြေရှာရေးမူကို လက်ကိုင်ထား ကြပါတယ်။ တရုတ်နဲ့ အခြားအစိုးရတွေကလည်း တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းတဲ့နည်းလမ်းကိုပဲ ထောက်ခံ အားပေးကြပါတယ်။ ဒီလို လူကြိုက်များတဲ့နည်းကို ဂရုမစိုက်လို့ မဖြစ်တာမို့ အစိုးရတပ်ကလည်း တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းပြီး စစ်အင်အားတိုးချဲ့နေပါတယ် ဒါကိုကြည့်ရင် စစ်ရေးအရ ဖြေရှင်းတာကိုပဲ အစိုးရ စိတ်ထက်သန်တာ ထင်ရှားပါတယ်။ အပစ်ရပ်ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ပြီး တနှစ်ခွဲအကြာမှာ SSA (မြောက်ပိုင်း) ကို အစိုးရတပ်က ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ဆွေးနွေးဖို့ ကမ်းလှမ်းပြီး စစ်တပ်တွေလှုပ်ရှားနေတာကို SSA မြောက်ပိုင်းက လက်မခံပါဘူး။ တိုးချဲ့နေရာယူထားတဲ့ အစိုးရတပ်တွေကို ရုတ်သိမ်းပြီး တိုက်ပွဲများကြောင့် နစ်နာဆုံးရှုံးရတဲ့ ဒေသခံပြည်သူ လူထုကို အစိုးရတပ်က လျော်ကြေးပေးဖို့ နဲ့ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ အကြောင်းပြန် ထားတယ်လို့ SSA အရာရှိတဦးကပြောကြောင်း သျှမ်းသံတော်ဆင့်ရဲ့ ဧပြီလ (၇) ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ အစိုးရအမြောက်တပ်ကို အချက်အချာနေရာတွေမှာ စခန်းချပြီး ပစ်ခတ်တဲ့နည်းနဲ့ တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ SSA ရှမ်းတပ်ဖွဲ့တွေက ပြောက်ကျားစစ်ဆင်ရေးနဲ့ တုံ့ပြန် နေတာကြောင့် အစိုးရစစ်ဆင်ရေးဟာ ခရီးမတွင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အနှစ် (၃၀) ကျော် တိုက်ပွဲဖြစ်နေပြီးတဲ့နောက် အနှစ် (၂၀) ကျော် အပစ်အခတ်ရပ်စဲထားတဲ့ ရေရှည် ပြည်တွင်းစစ်ကို တာစူနေပုံရပါတယ်။ လွန်ခဲ့တဲ့ မတ်လ (၁၃) ရက်နေ့က မိုင်းရှုးမြို ပနယ်ကို အင်အား (၃၅၀၀) ကျော်ရှိတဲ့ တပ်ရင်း (၂၀) ကို စေလွတ်ပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ကြောင်း ရှမ်းလူမှုရေးရေးအဖွဲ့ (၆) ဖွဲ့က ဧပြီလ (၁၁) နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ အလွန်စိုးရိမ်စရာ အခြေအနေ ဖြစ်နေ တဲ့အတွက် မြန်မာ၊ အင်္ဂလိပ်၊ ရှမ်း၊ ထိုင်း၊ တရုတ်စတဲ့ ဘာသာစကား (၅) မျိုးနဲ့ ထုတ်ပြန်ထားပါယတ်။

လွန်ခဲ့တဲ့ မတ်လအတွင်း အစိုးရတပ်နဲ့ ကေအန်ယူ တပ်ဖွဲ့အကြား တိုက်ပွဲတရာကျော် (၁၂၃) ဖြစ်ပွါးခဲ့ကြောင်း ကေအန်ယူ က သတင်းထုတ်ပြန်ပါတယ်။ အစိုးရတပ် ထိုးစစ်ဆင်တဲ့ဒေသတွေမှာ ပေါ်တာဆွဲ၊ မုဒိမ်းကျင့်၊ လုယက်၊ သတ်ဖြတ်တဲ့ဒဏ်ကို ဒေသခံအရပ်သားတွေ ခံကြရပါတယ်။ ဒီအတောအတွင်း ဒေသခံ ကရင် ပြည်သူ (၈) သောင်းကျော်က အရပ်သားတွေကို တိုက်ခိုက်တဲ့ အစိုးရစစ်ဆင်ရေးကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန် ကို အကူအညီတောင်းထားပါတယ်။ ဒီလို ကရင်အရပ်သားတွေ လက်မှတ်ထိုးထားတဲ့ ပန်ကြားလွှာကို ပေးပို့နိုင်အောင် ကေအန်ယူ က စီစဉ်ပေးကြောင်း သိရပါတယ်။

XS
SM
MD
LG