သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-မြန်မာ မြီရှင်မြီစား ဆက်ဆံရေး


မြန်မာအစိုးရအကြီးအကဲ ဂျပန်ပြည်သွားတိုင်း ကြွေးကိစ္စမပါရင် မပြီးသလို ဖြစ်နေပါတယ်။ စစ်ပြီးခေတ် မြန်မာ-ဂျပန် ဆက်ဆံရေးဟာ မြီရှင်မြီစား ဆက်ဆံရေးဖြစ်ပါတယ် စစ်လျှော်ကြေးနဲ့ ODA (Official Development Assistance) အစိုးရဖွံ့ဖြိုးရေး အကူအညီဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အဓိကပါဝင်ပါတယ်။ ချမ်းသာတဲ့အစိုးရက ဆင်းရဲတဲ့ ဖွံ့ဖြိုးစနိုင်ငံကို ပေးတဲ့အကူအညီကို ODA လို့ ခေါ်ပါတယ်။ ODA အကူအညီ နှစ်မျိုးနှစ်စား ရှိပါတယ်။ တိုက်ရိုက်အကူအညီနဲ့ သွယ်ဝိုက်တဲ့အကူအညီ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက တဆင့်ပေးတာဟာ သွယ်ဝိုက်တဲ့အကူအညီပါ။ ဂျပန်အစိုးရက ဗမာအစိုးရကိုပေးတဲ့ ODA ဟာ တိုက်ရိုက်အကူအညီ ဖြစ်ပါတယ်။ တိုက်ရိုက်အကူအညီပေးရာမှာ ချေးငွေ (loan) နဲ့ ထောက်ပံ့ငွေ (grant) ဆိုပြီး နှစ်မျိုးရှိပြန်ပါတယ်။ ချေးငွေကို ပြန်ဆပ်ရမှာဖြစ်ပေမယ့် ထောက်ပံ့ငွေကို ပြန်ဆပ်စရာ မလိုပါဘူး။

ပထမတော့ စစ်လျော်ကြေးပေးအဖြစ် ဂျပန်အစိုးရဆီက ထောက်ပံ့ငွေတွေ ရရှိခဲ့ပါတယ်။ စစ်လျော်ကြေး ကုန်ဆုံးသွားတဲ့အခါမှာ ODA အကူအညီနဲ့ ငွေထုတ်ချေးပါတယ်။ လောပီတ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ စစ်လျော်ကြေးပေးတဲ့အနေနဲ့ ဂျပန်ကုမ္မဏီက တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ပြန်ဆပ်ရမယ့်အကြွေးက အမေရိကန်ဒေါ်လာသန်း (၆၀၀၀) ကျော်ရှိပါတယ်။ ဒီအထဲ ဒေါ်လာသန်း (၃၇၀၀) ကို လျှော်ပစ်လိုက်မယ်လို့ ဦးသိန်းစိန်ရဲ့ ဂျပန်ပြည် (၅) ရက် ခရီးမှာ ဂျပန်အစိုးရ ပြောပါတယ်။ ၂၀၀၃ ဧပြီမှာ အရင်းရောအတိုးပါ ပေးဆပ်ရမယ့် ဒေါ်လာသန်း (၁၅၀၀) ကို ဗမာအစိုးရ ဆပ်စရာမလိုတော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း တိုးပွားခဲ့တဲ့ အကြွေးဒေါ်လာသန်း (၂၂၀၀) ကို မြန်မာက ပြန်ဆပ်ရမှာ ဖြစ်ပေမယ့် မြန်မာ့ပြုပြင်ရေးအစီအစဉ်ကို တနှစ်ပူးတွဲစောင့်ကြည့်ပြီးရင် ဒီအကြွေးကိုလည်း လျှော်ပစ်မယ်လို့ ဂျပန်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါတောင်မှ ဂျပန်အစိုးရကို ဗမာအစိုးရပေးဆပ်ရမယ့် အကြွေးဟာ အရင်းရောအတိုးပါ ဒေါ်လာသန်း (၂၃၀၀) ကျော် ကျန်နေပါသေးတယ်။ ဒီငွေတွေဟာ နှစ်တိုချေးထားတာဖြစ်လို့ အတိုးနည်းနည်းနဲ့ နှစ်ရှည်ပြန်ဆပ်နိုင်အောင် စီစဉ်သွားမယ်လို့ ဆိုပါတယ်။

ဂျပန်ရဲ့ ကူညီထောက်ပံ့မှုကြောင့် စစ်အစိုးရခေတ်မြန်မာပြည် ဖွံ့ဖြိုးတိုးတက်လာတာ မဟုတ်ပေမယ့် ဂျပန်ပစ္စည်းနဲ့ အရင်းအနှီးကို အားကိုးလာတာတော့ ထင်ရှားပါတယ်။ စီးပွားရေးချွတ်ခြုံကျပြီး ၁၉၈၈ အရေးတော်ပုံဖြစ်တော့မှ ဂျပန်က ODA စီမံကိန်းကို ခေတ္တရပ်နားလိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂျပန်အကြွေး ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီနေပါပြီ။ အကြွေးမဆပ်နိုင်တဲ့ ဗမာအစိုးရကို အခွင့်သင့်တာနဲ့ ငွေချေးဖို့ စိတ်စောနေသူဟာ ဂျပန်အစိုးရဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂျပန်ကုမ္မဏီတွေပါ အကျိုးခံစားရလို့ပါ။ ODA ဖွံ့ဖြိုးရေးအကူအညီပေးရာမှာ ဘယ်ပုံဘယ်နည်းနဲ့ ပေးတယ်ဆိုတာကို လေ့လာဖို့ လိုပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Keizai Kyoryoku လမ်းစဉ်အရ ဂျပန်ကုမ္မဏီတွေကတဆင့် အကူအညီပေးတာဖြစ်တဲ့အတွက် ODA ငွေချေးမှုဟာ ဂျပန်အကျိုးစီးပွားကို မြှင့်တင်ရာ ရောက်နေပါတယ်။

ဂျပန်ပစ္စည်း အများဆုံးတင်သွင်းခဲ့တဲ့ မြန်မာပြည်ဟာ တရုတ်ပစ္စည်း အများဆုံးတင်သွင်းတဲ့နိုင်ငံ ဖြစ်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဗမာအစိုးရကို ငွေအများဆုံးချေးသူဟာ တရုတ်အစိုးရပါ။ ဗမာအစိုးရရဲ့ ကြွေးရှင်ကြီး ဂျပန်ရဲ့နေရာကို တရုတ်ကယူလိုက်ပါတယ်။ ဒါကြောင့် ဂျပန်-မြန်မာ စီးပွားရေး ပူးတွဲကောင်းမွန်ရေးဖြစ်ပြီး၊ ဒုတိယက စွမ်းရည်မြှင့်တင်ရေး၊ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို အထောက်အကူဖြစ်တဲ့ အခြေခံ အဆောက်အအုံနဲ့ သက်ဆိုင်ရာစနစ်တွေကို ကောင်းမွန်အောင်ပြုလုပ်ဖို့ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ဘဝ ကောင်းမွန်ရေးအစီအစဉ်မှာ စိုက်ပျိုးလယ်ယာမြှင့်တင်ရေး၊ တိုင်းရင်းသားဒေသ ကူညီထောက်ပံ့ရေး၊ ပြည်သူ့ကျန်းမာရေး နဲ့ ဘေးအန္တရာယ် ကာကွယ်ရေးတွေ ပါဝင်နေပါတယ်။ လူ့အဖွဲ့အစည်းကို အထောက်အကူပြုဖို့ လုပ်ရည်ကိုင်ရည် တိုးတက်အောင် ဂျပန်က ကူညီဖို့ ရည်ရွယ်ပါတယ်။ ဘဏ္ဍာရေးစနစ် ပြုပြင်ရေး၊ အထူးစီးပွားရေးဇုန် ဥပဒေရေးဆွဲရေး၊ လူ့စွမ်းရည် တိုးတက်ဖွံ့ဖြိုးရေး၊ ပညာရေး စတာတေါမှာ ဂျပန်က ကူညီဖို့ ရည်ရွယ်ပါတယ်။ သီလဝါဆိပ်ကမ်း တိုးချဲ့ရေးအပါအဝင် မဟာ ရန်ကုန်ရေမြောင်းစနစ် နဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ဖို့ ရည်ရွယ်ပါတယ်။ ဘီလူးချောင်း ရေအားလျှပ်စစ်အမှတ် (၂) ကို ပြုပြင်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။ ပြည်သူ့အကျိုးကို ရည်ရွယ်တာဟာ လက်ရှိ ODA ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။

ဒါပေမဲ့ လွတ်လပ်တဲ့ အရင်းရှင်စနစ် ရှင်သန်တိုးတက်လာတာနဲ့ ဒေါ်လာငွေရှိတာဟာ ခြားနားပါတယ်။ ရေနံထွက်တဲ့ အာရပ်နိုင်ငံတွေမှာ ရေနံရောင်းလို့ရထားတဲ့ ဒေါ်လာတွေ အများကြီးရှိပေမယ့် ပညာမတတ်သူများပြီး လုပ်ငန်းရှင် လူတန်းစားနည်းပါးတာမို့ လွတ်လပ်တဲ့ အရင်းရှင်စနစ် မရှင်သန်နိုင်တာလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေမှာ ငွေရှိပေမယ့် ဒီမိုကရေစီနဲ့ လွတ်လပ်မှုမရှိတာဖြစ်ပါတယ်။ သံယဇာတ ရောင်းရငွေနဲ့ နိုင်ငံခြားထောက်ပံ့ငွေတွေရတိုင်း တိုးတက်ဖွံ့ဖြိုးတာ မဟုတ်ကြောင်း သမိုင်းက သက်သေပြနေပါတယ်။

XS
SM
MD
LG