သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကာကွယ်ရေးလမ်းစဉ်


တရုတ် ကာကွယ်ရေးလမ်းစဉ်
တရုတ် ကာကွယ်ရေးလမ်းစဉ်

နယ်နိမိတ်ပြဿနာလို တရုတ်ပြည်ရဲ့ အခြေခံအကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် အခိုင်အမာ ပြောဆို အရေးယူရမယ်လို့ တရုတ်ခေါင်းဆောင်ပိုင်းက မနှစ်က ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီအပြောမျိုးကို လက်မခံနိုင်ကြတဲ့အတွက် ဒီနှစ်မှာ လေသံပြောင်းပြီး ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးလာတာ တွေ့ရပါတယ်။ ပြည်ပမှာ တရုတ်ကို မယုံသင်္ကာဖြစ်လာပြီး တန်ပြိုင်အရေးယူမှုတွေ တိုးပွားလာတယ်လို့ မတ်လ (၁၃) ရက်နေ့ထုတ် ကာကွယ်ရေး စက္ကူဖြူစာတမ်းမှာ ဖော်ပြထားပါတယ်။ နှစ်ကုန်မှာ ထုတ်နေကျစာတမ်းကို (၃) လနောက်ကျပြီး ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးစာတမ်းမှာ အခန်း (၁၀) ခန်းနဲ့ နောက်ဆက်တွဲ (၈) ခု ပါဝင်ပါတယ်။ (၂) နှစ်တကြိမ် ထုတ်ဝေတဲံ စာတမ်းဖြစ်ပြီး ကာကွယ်ရေးလမ်းစဉ်ကို ဖော်ပြပါတယ်။ ထူးခြားချက်ကတော့ ယုံကြည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဆိုင်ရာ တည်ငြိမ်းရေးကို ရယူဖို့ အခန်း (၉) မှာ ဖော်ပြထားတာပါ။ နိုင်ငံရေးမှာ အပြန်အလှန် ယုံကြည်မှုရယူပြီး စစ်ရေးမှာ ယုံကြည်မှု တည်ဆောက်နိုင်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ အခြေခံအကျိုးစီးပွားနဲ့ လုံခြုံရေးကိစ္စကို ရိုသေလေးစားပြီး တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ စစ်ရေးယုံကြည်မှု တည်ဆောက်မယ်လို့ ဆိုပါတယ်။

မေလ (၁၂) ရက်က နေပြည်တော်ကိုလာသွားတဲ့ တရုတ်စစ်မင်ရှင်အဖွဲ့ကလည်း တရုတ်-မြန်မာ ယုံကြည်မှု ခိုင်မာရေး၊ ဆက်သွယ်ညှိနှိုင်းမှု အားကောင်းရေး။ စစ်တပ်အချင်းချင်းရင်းနှီးရေး စတာတွေကို တင်ပြသွားပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းကို ကျင့်သုံးဖို့ နိုင်ငံပေါင်း (၂၂) နိုင်ငံနဲ့ စီစဉ်ထားတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ နယ်စပ်နဲ့ ကမ်းရိုးတန်းဒေသ ကာကွယ်ရေးမှာ စစ်တပ်အသုံးပြုပုံအကြောင်း အခန်း (၄) မှာ ဖော်ပြထားပါတယ်။ ဒီနေရာမှာ တရုတ်စစ်တပ်နဲ့ ဒေသခံအာဏာပိုင်တွေ ပူးတွဲတာဝန်ယူတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ နယ်စပ်ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ နဲ့ မှောင်ခိုမှုပေါင်း (၄) သောင်းနီးပါးကို ဖြေရှင်းနိုင်ခဲ့ပြီး ဥပဒေမဲ့ ကိုင်ဆောင်တဲ့ သေနတ် (၄) ထောင်နီးပါး ဖမ်းဆီးရမိတယ်လို့လည်း ဖော်ပြထားပါတယ်။

ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးရေးနဲ့ ပူးပေါင်းလုပ်ကိုင်ရေးလမ်းစဉ်ကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ ယူနန်ပြည်နယ် ကုမင်မြို့တော်မှာ လွန်ခဲ့တဲ့ ဇန်နဝါရီလက တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့ပါတယ်။ ယူနန် နဲ့ အရှေ့တောင်အာရှဒေသကို ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ ပိုက်လိုင်း၊ လျှပ်စစ်ဓါတ်လိုင်း စတာတွေနဲ့ ဆက်ထားနိုင်တဲ့အတွက် ကုန်သွယ်မှု တိုးပွားလာပါတယ်။ တရုတ်-အာဆီယံ ဆက်ဆံရေးမှာ ယူနန်ပြည်နယ် အရေးပါနေတာကို ကုမင် အစည်းအဝေးက သက်သေပြနေပါတယ်။ ကုမင် ညီလာခံကျင်းပနိုင်အောင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဖရိက ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ တရုတ်ကို ယုံကြည်လာအောင် စည်းရုံးရာမှာ သံတမန်ရေးရာတင်မကပဲ တရုတ်စစ်တပ်ကလည်း တက်တက်ကြွကြွ လှုပ်ရှားလာတာ တွေ့ရပါတယ်။

မတ်လလယ်ပိုင်းက မေလလယ်အထိ မြန်မာ၊ နီပေါလ်၊ ဗိယက်နမ်၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား ကို ထိပ်တန်း တရုတ်စစ်မစ်ရှင်တွေ စေလွှတ်ပါတယ်။ ဗဟိုစစ်မစ်ရှင်နဲ့ စစ်ဦးစီးဌာနအဆင့် ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ စစ်မင်ရှင်တွေ စေလွှတ်တဲ့အစဉ်အလာ မရှိခဲ့ပါဘူးလို့ တရုတ်အစိုးရ စာနယ်ဇင်းက ဆိုပါတယ်။ စီးပွားရေးနဲ့ စစ်အင်အားကြီးမားလာတဲ့ တရုတ်အန္တရာယ်ကို စိုးရိမ်ပူပန်စရာမလိုကြောင်း ထိပ်တန်းစစ်မင်ရှင်တွေက ရှင်းပြကြပါတယ်။ မြန်မာပြည်ကိုတော့ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်နဲ့ အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ကျာချင့်လင် (Jai Qinglin) ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဗဟိုစစ်မင်ရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီဟိုင်ဟို (Xu Caihou) ခေါင်းဆောင်တဲ့အဖွဲ့ ဧပြီလ နဲ့ မေလမှာ သွားရောက်ပြီး နယ်စပ်ပြဿနာ ပူးတွဲဖြေရှင်းတဲ့ နည်းလမ်းကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာအစိုးရသစ်ဟာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားကြပါတယ်။

ရှေ့နှစ်မှာ တရုတ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်လာရင် ပါတီနိုင်ငံရေး ဗျူရို၊ နိုင်ငံတော်ကောင်စီ နဲ့ ဗဟိုစစ်မစ်ရှင်မှာလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပေမယ့် ကာကွယ်ရေးလမ်းစဉ်မှာ ပြောင်းလဲမယ့် အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ သြဇာခံနယ်မြေ တည်ထောင်ဖို့ စိတ်မကူးကြောင်းနဲ့ စစ်ရေးနယ်ချဲ့ဖို့လည်း မရည်ရွယ်ကြောင်း ကြေညာပြီး မိမိအကျိုးစီးပွားကို ကာကွယ်တဲ့ လမ်းစဉ်ကိုသာ ကျင့်သုံးမယ်ဆိုပေမယ့် ကမ္ဘာအနှံအပြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ သဘောထားကို ရှင်းပြထားတာ မတွေ့ရပါဘူး။

တဖတ်နိုင်ငံက စစ်တပ်နဲ့ ချစ်ကြည်ရင်းနှီးအောင် ကြိုးပမ်းပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရမယ်လို့ ဆိုပါတယ်။ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် စစ်ရေးမှာ ယုံကြည်မှုရအောင်လုပ်တဲ့နည်းဟာ အထိရောက်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရေးမှာ အပြန်အလှန် ယုံကြည်မှု ရှိလာရေးကို တရုတ်ကာကွယ်ရေးစာတမ်းမှာ အတော်လေး အသားပေး ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရေကြောင်းပိုင်နက်နဲ့ ပတ်သက်ပြီး ဂျပန်၊ ဗိယက်နမ်၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေနဲ့ ပြဿနာဖြစ်တာကိုတော့ မဖော်ပြပါဘူး။ ဒါကြောင့် တရုတ်နဲ့ ဗမာစစ်တပ် ဘယ်အတိုင်းအတာအထိ ယုံကြည်မှု တည်ဆောက်နိုင်မယ်ဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတယ်။

XS
SM
MD
LG