သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ မြန်မာပြည်


နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ မြန်မာပြည်
နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ မြန်မာပြည်

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အစိုးရက ဘူးကွယ်ငြင်းဆန်နေတာဟာ တကယ်ပဲမရှိလို့လား။ အစိုးရက ဘာကြောင့်ငြင်းဆန်နေတာလဲ။ နိုင်ငံရေးအကျဉ်းသား ပပျောက်ရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတဲ့အပေါ် နိုင်ငံရေးအကျဉ်းသား ကိုသက်ထွန်း၊ လူ့အခွင့်အရေးရှေ့နေ ကိုမင်းလွင်ဦး တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီတပတ် ကျနော် ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အာဏာပိုင်တွေက ငြင်းဆိုနေတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အကုန်လုံးပြောနေကြတယ်။ အစတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတယ်။ အကုန်လုံး လွှတ်ပေးကြပါလို့ တောင်းဆိုနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွှတ်လိုက်ပြီပေါ့။ အခုတော့ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးလို့ စစ်အစိုးရက ပြောနေတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားကွန်ယက်အဖွဲ့က ကုလသမဂ္ဂကို စာရေးတာတွေ့ပါတယ်။ ဒါ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောနေတာကို နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတဲ့ အကြောင်း ကုလသမဂ္ဂ အသိအမှတ်ပြုပေးဖို့။ ကျနော်ထင်တယ် ကုလသမဂ္ဂကတော့ အသိအမှတ်ပြုနေပြီသာလို့ ထင်ပါတယ်။ ဒါကိုတော့ နောက်တပိုင်း ဆွေးနွေးတာပေါ့။ ပထမဦးဆုံးကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ အဘိဓာန်တွေ၊ dictionary တွေထဲမှာ လူတယောက်ဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် သို့တည်းမဟုတ် နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့် ထောင်ကျခံနေရတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားလို့ dictionary ထဲမှာ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ အဲဒီစကားအပြင် တရားဥပဒေအကြောင်းအရ နိုင်ငံရေးအကျဉ်းသားဆိုတာကို တခြားတနည်းနဲ့ ဖွင့်ဆိုချက်ရှိပါသလား။

ကိုမင်းလွင်ဦး ။ ။ ကျနော်တို့ ဥပဒေမှာတော့ နိုင်ငံရေးအကျဉ်းသားရယ်လို့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ဥပမာအားဖြင့် နိုင်ငံရေးဥပဒေပုဒ်မတွေနဲ့ အရေးယူခြင်းခံရတယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် နိုင်ငံရေးအကျဉ်းသားရယ်လို့ ယခင်က သတ်မှတ်ခဲ့တာ ရှိပါတယ်။ အဲဒီလို သတ်မှတ်ခဲ့တဲ့ ကိစ္စရပ်တွေမှာ နိုင်ငံတကာကနေပြီးတော့ ဗမာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုလို့ရှိရင် အစောကပြောတဲ့ အရေးပေါ် စီမံမှု အက်ဥပဒေ၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ ဥပဒေ၊ မတရားအသင်း အက်ဥပဒေ စတာတွေနဲ့ အရေးယူထားတဲ့ ကိစ္စရပ်တွေက ဒီနိုင်ငံရေးမှုတွေနဲ့ ပတ်သက်နေတဲ့အတွက် အစိုးရအနေနဲ့ စစ်အစိုးရအနေနဲ့ ငြင်းပယ်နိုင်ဖို့ အတော်ခက်ခဲတဲ့ အခက်အခဲဖြစ်တယ်။ အဲဒါကြောင့် နောက်ပိုင်းတွေမှာ သူတို့က ဒီအရေးပေါ် စီမံမှု အက်ဥပဒေ၊ နောက် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ အက်ဥပဒေ၊ အသင်းအဖွဲ့ အက်ဥပေဒ စတာတွေနဲ့ အရေးယူတာကို မလုပ်တော့ဘဲနဲ့ တခြားပြစ်မှုပြစ်ဒဏ်တွေ များများပေးနိုင်တဲ့ ပုဒ်မတွေကို ပြောင်းပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူလာတာကို တွေ့ရပါတယ်။ ဒီဥစ္စာကလည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းကနေ စပြီးတော့ ဒီလိုမျိုး စစ်အစိုးရက ပြောင်းလဲပြီး အရေးယူလာတယ်ဆိုတာကို သတိထားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အရေးပေါ် စီမံချက်အက်ဥပဒေ၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးသူများ အန္တရာယ်မှ ကာကွယ်တဲ့ အက်ဥပဒေ၊ နောက်တခါ မတရားအသင်း အက်ဥပဒေ။ အဲဒီဟာတွေနဲ့ အရေးယူခဲ့တုန်းကတော့ နိုင်ငံရေးအကျဉ်းသမားလို့ သုံးခဲ့ပါသလား။

ကိုမင်းလွင်ဦး ။ ။ အာဏာပိုင်တွေကလည်း အဲဒီတုန်းကလည်း နိုင်ငံရေးအကျဉ်းသားရယ်လို့ သီးသန့် မသုံးခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် အကျဉ်းထောင်လက်စွဲထဲမှာ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခံစားခွင့်နဲ့ ပတ်သက်တဲ့ ခံစားခွင့်တွေကို ပေးရမှာဖြစ်တယ်။ ဒါတွေကို မပေးချင်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားရယ်လို့ သူတို့သတ်မှတ် ဖော်ပြထားတာကို ကျနော်တို့ သုံးနှုန်းတာကို မတွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါက ဥပဒေအကြောင်းအရ ရှေ့နေတယောက်ရဲ့ ရှင်းပြချက်ပေါ့။ ဆိုတော့ တကယ်တမ်း နိုင်ငံရေးလုပ်လို့ အဖမ်းခံခဲ့ရတယ်။ ထောင်ကျခံခဲ့ရတဲ့ ပုဂ္ဂိုလ်တယောက်ကို မေးပါရစေ။ အဲဒါကတော့ ကိုသက်ထွန်း ဖြစ်ပါတယ်။ စောစောက ကိုမင်းလွင်ဦး ပြောတာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေနဲ့ ၂၀၀၅ နောက်ပိုင်းမှာ အရေးယူတာကို တခြားပြစ်မှုဆိုင်ရာတွေနဲ့ အရေးယူလာတယ်ဆိုပါတယ်။ ကိုသက်ထွန်း က ၈၈ နောက်ပိုင်း မကြာခင်မှာ အဖမ်းခံခဲ့ရတယ် ထင်ပါတယ်။ ဘယ်လိုကိစ္စတွေနဲ့ အဖမ်းခံခဲ့ရတယ်ဆိုတာကို အနည်းငယ် ပြောပြပါ။ နိုင်ငံရေးအကျဉ်းသားလို့ ခေါ်ဝေါ်သမုတ်ခြင်း ခံခဲ့ရပါသလား။

ကိုသက်ထွန်း ။ ။ တချို့နေရာတွေမှာတော့ အတိအကျကြီး သက်သေပြပါဆိုရင် ပြင်ပကိုထုတ်ပြီး ပျံနိုင်တဲ့ သက်သေတော့နည်းတယ်။ သို့သော် ကျနော်က ၁၉၈၈ မတ်လမှာ စပြီး ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကတည်းက စပြီး သပိတ်မှောက်ကျောင်းသားတယောက်အနေနဲ့ အဖမ်းခံရတယ်။ နောက်တခါ ၁၉၈၉ မှာ ဒုတိယအကြိမ် အဖမ်းခံရတယ်။ ပထမတကြိမ် အဖမ်းခံရတဲ့ ၈၈ ခုနှစ်မှာလည်း သူတို့ ကျနော်တို့ကျောင်းသားတွေကို ပြန်လွှတ်တဲ့အချိန်၊ စစ်ကြောရေးလုပ်တဲ့အချိန် အဲဒါတွေရှိတယ်။ စစ်ကြောရေးလုပ်တဲ့အချိန်မှာလည်း မင်းတို့တတွေဟာ နိုင်ငံရေးအရ ဆူပူမှု၊ ဘာကြောင့်လုပ်တာလဲဆိုတဲ့ အသုံးအနှုန်းတော့ရှိတယ်။ သူတို့ဘက်က ထောက်လှမ်းရေးတွေကိုယ်တိုင် သုံးနှုန်းတဲ့အသုံးအနှုန်း။ သို့သော် ပြင်ပမှာတော့ အဲဒီ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးဆူပူမှု၊ နိုင်ငံရေးလှုပ်ရှားမှုဆိုတဲ့ စကားလုံးတွေကို ထုတ်ပြပါဆိုရင် သူတို့အာဏာပိုင် လက်ထဲမှာပဲ ဖိုင်တွေရှိတဲ့အတွက်ကြောင့် ကျနော်အနေနဲ့ ထုတ်ပြဖို့တော့ ခက်တယ်။ ဒါပေမဲ့ နောက်တခါ ကျနော်တို့ကျောင်းသားတွေကို ပြန်လွတ်တဲ့အခါမှာ ၈၈ မှာလည်း သူတို့အာဏာပိုင်တွေ၊ အကျဉ်းဦးစီးက ညွှန်းချုပ်တို့အစ အများကြီးပဲ လာပြီး မိန့်ခွန်းပြောတယ်။ အဲဒီ မိန့်ခွန်းတွေထဲမှာပါတယ်။ နိုင်ငံရေးအရ မသမာသူတွေက ဆူပူတဲ့၊ လှုံဆော်တယ်။ မင်းတို့ကျောင်းသားတွေ မပါပါနဲ့။ နိုင်ငံရေးအရ ဖြစ်တည်မှု။ နိုင်ငံရေးအရ အခြေခံတယ်ဆိုတာကိုတော့ တကယ်တမ်းမှာ သူတို့ရဲ့ အသုံးအနှုန်းတွေ၊ စကားတွေမှာတော့ ရှိတယ်။ နောက်တခါ ကျနော် ၈၉ အဖမ်းခံရတယ့်အချိန်မှာလည်း ထို့နည်းလည်းကောင်း မင်းဘာကြောင့်လုပ်တာလဲ။ ဒီနိုင်ငံရေး မကျေနပ်မှုတွေ၊ ဆူပူမှုတွေ ဘာကြောင့်ပါဝင်သလဲ။ နောက်ဆုံး ပြန်လွတ်တဲ့အချိန်မှာပဲ နိုင်ငံရေးအရ ဆူပူလို့၊ ဆူပူမှု အကြမ်းဖက်မှုတွေ မလုပ်ဖို့။ နိုင်ငံရေးအရ လက်နက်ကိုင်ပြီး သူတို့ကို ပြန်ပြီး ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆက်သွယ်မလုပ်ဖို့။ ဒါမျိုးတွေကို ကျနော်တို့ လက်မှတ်ထိုးရတယ်။ သူတို့နဲ့ ဆွေးနွေးရတာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ၈၉ နောက်ပိုင်းမှာ အဖမ်းခံရတာ ကိုသက်ထွန်းက လူ့ဘောင်သစ်ပါတီခေါင်းဆောင်အနေနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်နော်။

ကိုသက်ထွန်း ။ ။ ဟုတ်ကဲ့ ၈၉ မှာ လူ့ဘောင်သစ်ပါတီ ခေါင်းဆောင်တယောက်အနေနဲ့ အဖမ်းခံရတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီပါတီက တရားဝင်တည်ထောင်တဲ့ ပါတီမဟုတ်ဘူးလား။

ကိုသက်ထွန်း ။ ။ တရားဝင်နိုင်ငံရေးပါတီပါ။

ဦးကျော်ဇံသာ ။ ။ အဲဒါ ဘာကြောင့် ဖမ်းပါသလဲ။

ကိုသက်ထွန်း ။ ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ တာဝန်ယူနေတဲ့ စစ်တပ်တွေပါ လှည့်တယ်။ တွေ့တဲ့လူ၊ သူတို့ မသင်္ကာဘူးဆိုရင် အကုန်ဖမ်းသွားတာ။ နောက်မှ သူတို့က အမှားအမှန်ကို ရှင်းလင်းတာ။ အဲဒီအတွက် အရင်ဆုံး သူတို့ မကျေနပ်တာ။ သို့တည်းမဟုတ် မသင်္ကာတာ တွေ့သမျှကို အကုန်ဖမ်းတယ်။ ဥပဒေအရ လုံခြုံမှုတော့ ကျနော်တို့ လက်ထဲမှာ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကိုမင်းလွင်ဦး ခင်များ ကိုသက်ထွန်းပြောတဲ့အတိုင်းဆိုရင် သူက တရားဝင်နိုင်ငံရေး လုပ်နေလျက်နဲ့ အဖမ်းခံခဲ့ရတယ်။ ဒါအပြင် ကျောင်းသားတွေလည်း နိုင်ငံရေးလုပ်လို့ဖမ်းတယ်။ အာဏာပိုင်တွေ ပြောတဲ့အထဲမှာလည်း နိုင်ငံရေးထဲမှာ မပါဖို့၊ ဘာညာပြောတယ်ဆိုတော့ နိုင်ငံရေးသမားအဖြစ်တော့ လက်ခံတယ်။ သူတို့သိတယ် ဒီလူတွေက နိုင်ငံရေးအကျဉ်းသားဆိုတာကို အာဏာပိုင်တွေ စိတ်ထဲမှာသိနေတယ်။ သို့ပေမယ့်လည်း နိုင်ငံတကာကို နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ပြောတာဟာ ကိုမင်းလွင်ဦး ပြောသလို နိုင်ငံရေးအကျဉ်းသား အဆင့်အတန်းကို ထောင်ထဲမှာ အဲဒီအခွင့်အရေး မပေးချင်လို့ သက်သက်ပဲလား။ သို့တည်းမဟုတ် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် တမင်တကာ ဒီလို နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ငြင်းတာလား။ ဘယ်လိုသဘောရပါသလဲ။

ကိုမင်းလွင်ဦး ။ ။ အဲဒါကတော့ ဦးကျော်ဇံသာ ပြောတဲ့အတိုင်း နှစ်မျိုးစလုံး ဖြစ်နိုင်တယ်။ ပထမဦးဆုံးကတော့ နိုင်ငံရေးအကျဉ်းသားဖြစ်ရင် နိုင်ငံရေးအကျဉ်းတွေရဲ့ အဆင့်အတန်းနဲ့အညီ ထားရမှာဖြစ်တယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ရှိနေရင် အုပ်ချုပ်သူ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျဉ်းလို့ နိုင်ငံရေးလွတ်လပ်ခွင့်၊ ပြောဆိုခွင့်၊ စည်းရုံးခွင့်တို့ မရှိလို့ ဒါတွေဖြစ်ပေါ်လာတယ် ဆိုတာကို နိုင်ငံတကာက လက်ညိုးထိုး ပြောကြမှာဖြစ်တယ်။ ဒါကြောင့်လည်း သူတို့က နိုင်ငံတကာကို နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ အရေးယူတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေတွေ ချိုးဖောက်တဲ့လူတွေပဲ ရှိပါတယ်ဆိုပြီး အကြောင်းပြနေတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသက်ထွန်း ရော ဘယ်လိုသဘောရသလဲ။ နိုင်ငံတကာကို သူတို့ အဲဒီလို ပြောနေလို့ရော နိုင်ငံတကာက ယုံပါသလား။ ကျနော် အစောကပြောခဲ့သလို နိုင်ငံရေးအကျဉ်းသားများကွန်ယက် က ကုလသမဂ္ဂကို တိုင်တယ်။ ကုလသမဂ္ဂကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိတယ်ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာ မဟုတ်ဘူးလား။

ကိုသက်ထွန်း ။ ။ သူတို့ ပါးစပ်က ဘယ်လောက်ငြင်းငြင်း ဒီ ၅ (ည)၊ ၁၀ (က)၊ ၁၇ (၁) (၂)။ နောက်ဆုံးတခါတရံမှာ သူတို့ ဘယ်လိုလိမ်ညာပြီးတော့စွဲစွဲ။ ပုံနှိပ်အက်ဥပဒေ ၁၇ (၂၀) တို့ဘာတို့ ဘယ်လိုပဲစွဲစွဲ အဲဒီလူတွေဟာ ထောင်ထဲမှာ သီးခြားနေရာမှာ နေရတယ်။ ဘယ်တော့မှ တခြားရာဇဝတ်သားတွေနဲ့ ရောနှောပြီးထားတာ၊ ပြုတာမရှိဘူး။ ဆက်ဆံတာလည်း သီးခြားခွဲပြီး ဆက်ဆံတယ်။ ထားတာလည်း သီးခြားခွဲပြီး ဆက်ဆံတယ်။ အဲဒါက လိမ်ညာလို့မရတာက နိုင်ငံတကာက လာတဲ့ အဖွဲ့အစည်းတွေလည်း သိတယ်။ ထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ အဲဒီလိုမျိုးပဲ သုံးတယ်။ နိုင်ငံရေးပုဒ်မနဲ့ ရောက်လာတဲ့လူတွေ၊ နိုင်ငံရေးသမားတွေ။ တခါတရံ ထောင်အာဏာပိုင်တွေဖက်က မကျေနပ်လို့ ပြောတဲ့လူ၊ မကြိုက်လို့ပြောတဲ့လူ အဲဒီလူမျိုးကတော့ “မင်းတို့ကွာ နိုင်ငံရေးနဲ့ ဆူပူတဲ့ကောင်တွေ ဘာမှမဟုတ်ဘူး တိုင်းပြည်ဖျက်တဲ့ကောင်တွေ” လို့ ပြောတယ်။ သို့သော် ဘယ်လိုပဲပြောပြော နိုင်ငံရေးပြစ်မှုပြစ်ဒဏ်အဖြစ် သီးခြားကို ထားတာရှိတယ်။ ကျနော်ဆိုရင် မြင်းခြံထောင်မှာ ကိုးနှစ်လောက် နေခဲ့ဖူးတယ်။ အဲဒီအတွက် မြင်းခြံထောင်မှာ ၅ (ည) တိုက်ဆိုပြီး နိုင်ငံရေးပုဒ်မနဲ့ ဖြစ်တဲ့လူတွေအများစုကိုပဲ ထားတယ်။ ကျန်တဲ့ criminals ဆိုတာ အလုပ်သမားအဖြစ်လာတဲ့လူပဲရှိတယ်။ အဲဒီအတွက် တကယ့်လက်တွေ့မှာတော့ သူတို့ပြောနေတဲ့ နိုင်ငံရေးအကျဉ်းသမားမရှိဘူးဆိုတာက ရှိလျက်နဲ့ - ဗမာစကားအရဆိုရင် ဗြောင်လိမ်ဗြောင်စား လုပ်နေတယ်လို့ ယူဆလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုကြားရတာကတော့ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုဆိုရင် သီးခြားထားရုံတင်မကဘူး။ ရာဇဝတ်အမှုနဲ့ ထောင်ကျနေတဲ့လူတွေရတဲ့ အခွင့်အရေးကိုမှ မပေးဘူး။ နိုင်ငံရေးအကျဉ်းသားဆိုရင် ပိုပြီးရန်ငြိုးဖွဲ့ နှိမ်တယ်ဆိုတာကို ကြားသိရပါတယ်။

ကိုသက်ထွန်း ။ ။ ဟုတ်တယ်။ ရာဇဝတ်သားတွေအပေါ်တော့ ပုံမှန်ပဲ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေမှာ ထောင်ထဲမှာနေတဲ့အချိန်မှာ ကျနော်တို့ တခါတရံ ကောင်းနေတဲ့အချိန်ကာလတွေရှိတယ်။ အဲဒါက ပြင်ပနိုင်ငံရေး၊ နိုင်ငံတကာ နိုင်ငံရေး ထိစပ်နေတာနဲ့ သက်ဆိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင် ကျနော်တို့ အခြေအနေလေးတွေက ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဥပမာ ၂၀၀၀ ပတ်ဝန်းကျင် ၂၀၀၁၊ ၂၀၀၂ ပတ်ဝန်းကျင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်။ နောက်တခု သူတို့ တိုင်းရင်းသားတွေနဲ့ ပြန်လည် ငြိမ်းချမ်းရေးယူမလိုလို ဘာလိုလို။ အဲဒီလို ကာလတွေမှာ နိုင်ငံရေးကို ဖော့လိုက်တဲ့အတွက် ထောင်ထဲမှာ ဖိနှိပ်ရက်စက်မှုတွေ နည်းနည်းလျော့သွားတယ်။ အဲဒီလို မဟုတ်တဲ့ကာလတွေမှာတော့ ကျနော်တို့ လူမဆန်အောင် ဆက်ဆံခံရတယ်။ ရက်ရက်စက်စက် ရိုက်နှက်ခံရတယ်။ ကျနော်တို့ကို ဘဝပျက်အောင်၊ သေအောင်သတ်တဲ့ နည်းလမ်းတွေအထိ ကျင့်သုံးတာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကိုမင်းလွင်ဦး နိုင်ငံရေးအကျဉ်းသားတွေ ဘယ်အချိန်မှာ ပပျောက်နိုင်မလဲ။ အစစ်အမှန်ကတော့ နိုင်ငံရေးပြဿနာ ပြေလည်မှ ဒီကိစ္စ ပပျောက်မှာပေါ့။ အစိုးရက ဒီကိစ္စ၊ ဒီလူတွေကို သဘောထားအမြင်မှန် ဖြစ်လာမှ။ အဲဒါကလည်း နိုင်ငံရေးအားဖြင့် ပြေလည်မှ သူတို့စိတ်ထဲမှ ဖြစ်မှ။ တခြားနည်းနဲ့ ဘယ်လိုနည်းနဲ့ ပျောက်နိုင်စရာ ရှိပါသလဲ။

ကိုမင်းလွင်ဦး ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ပျောက်သွားနိုင်တဲ့ကိစ္စကတော့ ပြောမယ်ဆိုရင်တော့ နိုင်ငံတကာ လူ့အခွင့်အရေး စံတွေထဲက အနှိမ့်ဆုံး စံ (၃) ချက်ကို ခွင့်ပြုပေးဖို့လိုတယ်။ အဲဒါကတော့ ဘာလဲဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့် ခွင့်ပြုရမယ်။ လွတ်လပ်စွာ စုရုံးခွင့် ခွင့်ပြုရမယ်။ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်ကို ခွင့်ပြုရမယ်။ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို ခွင့်ပြုရမယ်။ ဒါတွေကို ခွင့်ပြုနိုင်တယ် ဆိုရင် စောစောကပြောတဲ့ အကျဉ်းသားတွေ အတော်နည်းပါးသွားမယ်ဆိုတာကို တွေ့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကလည်း ပုဒ်မတွေ ဘယ်လိုပဲကွဲနေပါစေ မိမိရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့် စတဲ့ အခွင့်အရေးတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့လူက အများစုဖြစ်တယ်။ ဒါတွေကြောင့် လူ့အခွင့်အရေး ကောင်စီအပါအဝင် ကုလသမဂ္ဂက လက်ခံထားတာက အစောက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စီးတန်းလှည့်လည်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ အရေးယူခံထားရတဲ့ လူတွေက နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်။ ဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုပြီး အစိုးရကို ဖိအားပေးပြောဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသက်ထွန်းရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်မျှော်လင့်ချက် ထားနိုင်ပါသလဲ။

ကိုသက်ထွန်း ။ ။ အခုန ဦးကျော်ဇံသာ ပြောသလိုပဲ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးပုံသဏ္ဍာန်တွေကို တကယ်ကောင်းမွန်တဲ့ ပြောင်းလဲမှု၊ တိုးတက်မှု မရှိဘဲနဲ့ နိုင်ငံရေးအကျဉ်းသား ပျောက်သွားဖို့ဆိုတာ မလွယ်ဘူး။ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော လက်ရှိ သူတို့အရပ်သားအစိုးရအဖြစ် အုပ်ချုပ်တယ်ဆိုပြီး ပုံသဏ္ဍာန်ပြောင်းပေမဲ့လည်း တကယ်တမ်းမှာ နိုင်ငံရေးစနစ်တွေ၊ နိုင်ငံရေးဝန်းကျင်တွေ ပြောင်းလာတာ မဟုတ်ဘူး။ တိုးတက်လာတာ မဟုတ်ဘူး။ အဲဒီအတွက် ဆက်ပြီး ရှိနေဦးမှာပဲ။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ရာထူးလက်ခံမိန့်ခွန်းထဲမှာတော့ အယူအဆမတူတဲ့လူတွေ၊ အမြင်မတူတဲ့လူတွေဟာ ရှိတတ်စမြဲဖြစ်တယ်။ သူတို့နဲ့ ပူးတွဲပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့ အဆင့်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။ အဲဒီတုန်းကတော့ လူတိုင်းအားတတ်စရာ၊ မျှော်လင့်ချက်တရပ်အဖြစ် ထားခဲ့ကြပေမယ့် အခုအချိန်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေကလည်း ဆက်လက်ရှိနေဆဲ။ ဒါအပြင် အကျဉ်းသားအခွင့်အရေးတွေ ဆုံးရှုံးလို့ အစာငတ်ခံတိုက်ပွဲဝင် ဆန္ဒပြနေကြသူတွေတောင် ရှိလာချိန်ဖြစ်ပေမဲ့လည်း သမ္မတဦးသိန်းစိန် အစိုးရကတော့ တုတ်တုတ်မျှ မလှုပ်သေးဘူး ဆိုတာ တွေ့နေရပါတယ်။ ဒါကြောင့် ဦးသိန်းစိန် ပြောခဲ့တဲ့ မျှော်လင့်ချက်စကားတွေဟာ လေထဲမှာ အငွေ့ပျံသွားလေသလားလို့ ပြောရမလို့ ဖြစ်နေကြောင်းပါ။

XS
SM
MD
LG