သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်း ပြဿနာ


စွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းဟာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ကိုင်နေပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတဲ့ အစိုးရဌာနဖြစ်တယ်လို့ ဇွန်လ (၁၄) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှာ ပြောတဲ့မိန့်ခွန်းမှာ ထည့်ပြောသွားတာပါ။ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သတ်မှတ်တဲ့စည်းကမ်းကျင့်ဝတ် Code of Good Practices on Fiscal Transparency ကို လက်မခံမခြင်း မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းနဲ့ လက်မတွဲသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကားပြောသွားခဲ့ပါတယ်။

ဒေါ်စုရဲ့ ဥရောပခရီးစဉ်ကို သတင်းအမှောင်ချတဲ့ အစိုးရသတင်းစာက ILO မိန့်ခွန်းကိုချေပတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒေါ်စုရဲ့ ILO မိန့်ခွန်းအကြောင်း တလုံးတပါဒမှ မဖော်ပြဘဲ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းဟာ ပွင့်လင်းမြင်သာတဲ့စနစ်ကို ကျင့်သုံးပြီး TOTAL နဲ့ Chevron ကုမ္မဏီကြီးတွေနဲ့ (၁၀) နှစ်ကျော် လက်တွဲလုပ်လာခဲ့ကြောင်း ရေးထားတဲ့ဆောင်းပါးကို ဇွန်လ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။ အခုမှ ဒီလိုဖော်ပြတာဟာ စဉ်းစားစရာပါ။

တနင်္သာရီကမ်းလွန် ရတနာနဲ့ ရဲတံခွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ ထိုင်းနိုင်ငံကို ရောင်းစားနေတာ ဆယ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်းရငွေကို ဘယ်သူကမှ မကြေညာတဲ့အတွက် ပြင်သစ် Total ကုမ္မဏီ၊ အမေရိကန် Chevron ကုမ္မဏီနဲ့ ထိုင်း PTI ကုမ္မဏီတွေကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ ထင်ရှားတဲ့ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း (၁၆၀) က ၂၀၁၀ မှာ တောင်းဆိုခဲ့ပါတယ်။ ဓါတ်ငွေ့ရောင်းရတဲ့ ဒေါ်လာငွေကို ဘယ်သူဘယ်လောက်ရတယ်ဆိုတာ အတိအလင်းသိရမှ အလွဲသုံးစားလုပ်မှု ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗမာအစိုးရဆီက ခွင့်ပြုချက်မရလို့ ထုတ်မပြောနိုင်ဘူးလို့ ဒီကုမ္မဏီတွေက အကြောင်းပြန်ပါတယ်။ ဒါကြောင့် ဓါတ်ငွေ့ဒေါ်လာကို ဗမာအစိုးရကို လက်သိပ်ထိုးပေးပြီး တိုးတိုးတိတ်တိတ် ဝေစားမျှစားလုပ်သလို ဖြစ်နေပါတယ်။

ဇွန်လ (၂၀) ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ အမှုထမ်းဟောင်း ကျော်ကျော်လှိုင် ဆိုသူရဲ့ ဆောင်းပါးမှာ ဗမာအစိုးရ ရရှိတဲ့ ဓါတ်ငွေ့ဒေါ်လာပမာဏကိုလည်း ဖော်ပြထားပါတယ်။ ရတနာဓါတ်ငွေ့က နှစ်စဉ်ဒေါ်လာသန်း (၄၈၀) ရတယ်ဆိုတော့ (၁၂) နှစ်မှာ သန်း (၆၀၀၀) လောက်ရမှာ ဖြစ်ပါတယ်။ ရဲတံခွန် က နှစ်စဉ်ဒေါ်လာသန်း (၈၀၀) လောက်ရတယ်ဆိုတော့ ဆယ်နှစ်မှာ သန်း (၈၀၀၀) လောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာအစိုးရလက်ထဲမှာ ဓါတ်ငွေ့ဒေါ်လာ သန်း (၁၄, ၀၀၀) လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီငွေတွေကို စင်္ကာပူမှာ သိမ်းထားတယ်ဆိုတာကိုတော့ ကျော်ကျော်လှိုင်ရဲ့ ဆောင်းပါးမှာ မဖော်ပြပါဘူး။ ၂၀၁၀ မှာ Earth Rights International အဖွဲ့က ခန့်မှန်းထားတာထက် ပိုများနေပါတယ်။ ဓါတ်ငွေ့ဒေါ်လာကို ဘယ်သူကမှ မဖော်ပြတဲ့အတွက် UNOCAL ရေနံကုမ္မဏီကို တရားစွဲတုန်းက အမေရိကန်တရားရုံးမှာ တင်ပြခဲ့တဲ့ စာရင်းဇယားအထောက်အထားကို အခြေခံပြီး Earth Rights International က တွက်ချက်ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားကုမ္မဏီတွေက ရှာဖွေထုတ်ယူပြီး ဗမာအစိုးရနဲ့ ဝေစုခွဲပုံနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာ PhD ပါရဂူဘွဲ့ ကျမ်းတစောင် တင်သွင်းတာတွေ့ရပါတယ်။ Nicola M. Black ဆိုသူက၊ New Zealand နိုင်ငံ Waikato တက္ကသိုလ်မှာ တင်သွင်းတဲ့ကျမ်းပါ။ ကျမ်းအမည်က Blood Money သွေးစွန်တဲ့ငွေ ဖြစ်ပါတယ်။ မြန်မာ့သယံဇာတကို ရှာဖွေထုတ်ယူရောင်းချရာမှာ မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်ရတဲ့အတွက် ဒီလိုငွေမျိုးကို သွေးစွန်းတဲ့ငွေလို့ ခေါ်တာပါ။ မြန်မာ့ရေနံနဲ့ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး စီမံကိန်း (၃) ခုမှာ ပါဝင်သူ တရာကျော်ကို နိုင်ငံပေါင်း (၇) နိုင်ငံက တွေ့ဆုံမေးမြန်းပြီး ရေးသားပြုစုထားတဲ့ကျမ်း ဖြစ်ပါတယ်။ သယံဇာတရောင်းစားနေတဲ့နိုင်ငံမှာ ပြည်သူလူထုဆင်းရဲရပုံကို ပညာရေးလောက ကပါ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

သဘာဝသယံဇာတာ ကြွယ်ဝတဲ့တိုင်းပြည်မှာ တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ အများပြည်သူဆင်းရဲနေရတာကို သယံဇာတကျိန်စာလို့ ခေါ်ကြပါတယ်။ ဖောင်စီးရင်ရေငတ်တဲ့ အဖြစ်ပါ။ သယံဇာတကြွယ်ဝတဲ့အကျိုးကို တိုင်းသူပြည်သားနဲ့ နောင်လားနောင်သားတွေ ခံစားနိုင်ရအောင် ရန်ပုံငွေတည်ထောင်ဖို့ နေပြည်တော်ကိုလာသွားတဲ့ စီးပွားရေးပညာရှင် Dr. Joseph Stiglitz က အကြံပြုထားပါတယ်။ ဒါပေမဲ့ အစိုးရလက်အောက်ခံမဟုတ်တဲ့ လွတ်လပ်သောသီးခြားရန်ပုံငွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတကို လက်ရှိအစိုးရတင် ပိုင်ဆိုင်တာမဟုတ်ပါဘူး။ ပြည်သူလူထုနဲ့ အနာဂတ်မျိုးဆက်တွေကလည်း ပိုင်ပါတယ်။ ဒါကြောင့် သီးသန့်ရန်ပုံငွေထားပြီး တိုးပွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။

IMF ငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၀၇ မှာထုတ်ဝေတဲ့ Resource Revenue Transparency စာအုပ်မှာ သယံဇာတကရတဲ့ငွေကို အတိအလင်းဖော်ပြဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ သယံဇာတကုမ္မဏီတွေ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြည်သူလူထုက ကြည့်ရှုပိုင်ခွင့်ရှိရမယ်လို့လည်း ဆိုပါတယ်။ ငွေကြေးကိစ္စကို အပြည်ပြည်ဆိုင်ရာ စံချိန်အတိုင်း လုပ်ကိုင်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးဌာနလက်အောက်ခံမဟုတ်တဲ့ သီးခြားအဖွဲ့အစည်းက စစ်ဆေးတာကို ခံယူရမယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG