သုံးရလွယ်ကူစေသည့် Link များ

ယူနန်-ကချင် နယ်စပ်ဒေသမှာ မတည်မငြိမ်ဖြစ်နေရင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို

ထိခိုက်မှာ သေချာပါတယ်။ ကေအိုင်အို - ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာအစိုးရတို့ အပစ်အခတ် ရပ်စဲခဲ့တဲ့ (၁၇) နှစ်အတွင်းမှာ ယူနန်-မြန်မာ ကုန်သွယ်ရေး အရှိန်အဟုန်နဲ့ တိုးပွားလာပါတယ်။ အခု ကေအိုင်အို ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာနယ်ခြားမြို့ လေးဟာ ၁၉၉၄ ခုနှစ်မတိုင်မီက လူဦးရေ ၁ ထောင်လောက်သာရှိတဲ့ တောရွာကလေးတရွာသာ ဖြစ်ပါတယ်။ အခုတော့ လိုင်ဇာဟာ လူဦးရေ ၅ သောင်းကျော်ရှိတဲ့ ခေတ်မီနယ်စပ်မြို့ ကလေး တမြို့ ဖြစ်နေပါတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ ဆက်နေတဲ့ တရုတ်ပြည်နယ်တွေ တိုးတက်ဖွံ့ဖြိုးရေးမှာ နယ်စပ်ကုန်သွယ်ရေးဟာ အဓိက အခန်းကပါဝင်တယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး မြှင့်တင်ဖို့ ၁၉၉၂ ခုနှစ်အစောပိုင်းက ဘေဂျင်း နဲ့ ကူမင်မှာ ကြေညာပြီး (၂) နှစ်အကြာ ၁၉၉၄ ခုနှစ်မှာ KIO နဲ့ ဗမာအစိုးရ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်က သဘာဝ သယံဇာတတွေကို ထုတ်ယူဖို့ တရုတ်ကုမ္ပဏီတွေကို အခွင့်အလမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ လိုင်ဇာ၊ မူဆယ်၊ လွယ်ဂျေ၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီတွေဟာ အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းတွေ ဖြစ်လာပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာစစ်အစိုးရတို့ အပစ်အခတ်မရပ်စဲမီ တနှစ်အလို ၁၉၉၃ ခုနှစ် မှာ ယူနန်ပြည်နယ် ယင်ဂျန်မြို့ က လိုင်ဇာအထိ ကားလမ်းဖောက်လုပ် ပြီးစီးတာကိုကြည့်ရင် လိုင်ဇာကို တံခါးပေါက်အဖြစ် တရုတ်က သဘောထားတာ သိသာပါတယ်။ အပစ်အခတ် ရပ်စဲပြီးတဲ့ နောက်ပိုင်း လိုင်ဇာ-မြစ်ကြီးနား ကားလမ်းကို KIO က ဆောက်တဲ့အတွက် အရင် (၃) ရက်ကြာတဲ့ ခရီးကို (၃) နာရီနဲ့ သွားနိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့အတူ ယူနန်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန်နဲ့ တိုးတက်လာပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး ကုန်သွယ်ရေးပြပွဲကို နယ်စပ်မြို့တွေမှာ နှစ်စဉ်ကျင်းပပြီး နယ်စပ်ကုန်သွယ်ရေး အဆက်မပြတ် တိုးတက်ရှင်သန်နေအောင် ကြိုးပမ်းကြပါတယ်။

သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုရိုင်း၊ ကျောက်မျက်ရတနာ၊ ရာဘာစတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ စားကုန်ပစ္စည်းတွေကို မြန်မာဘက်က တင်ပို့ပြီး စက်မှုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်၊ ဆေးဝါးနဲ့ နေ့စဉ်သုံးကုန်ချောပစ္စည်းတွေကို တရုတ်ဘက်က တင်သွင်းပါတယ်။ KIO ရဲ့  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီကို အများဆုံး အသုံးပြုပါတယ်။ အပစ်အခတ် မရပ်စဲမီက လိုင်ဇာမှာ အဆောင်အဦး (၄/၅) ခုသာ ရှိပါတယ်။ ယူနန်ကို သစ်တင်ပို့မှု အရှိန်ကောင်းနေချိန် လိုင်ဇာမှာ အဆောက်အဦးတွေ မှိုလိုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အခုတော့ လိုင်ဇာဟာ ကချင်၊ မြန်မာ၊ ရှမ်း နဲ့ တရုတ်တွေ စီးပွားရှာတဲ့ ကချင်ပြည်နယ်ရဲ့  အထူးစီးပွားရေးနယ်မြေ ဖြစ်နေပါပြီ။

မြန်မာဟာ ယူနန်ရဲ့  အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပါတယ်။ ယူနန်ရဲ့  နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနဲ့ ကုန်သွယ်တာ (၈၀) ရာခိုင်နှုန်းဟာ ယူနန်-ကချင် နယ်စပ်ဖြစ်ပါတယ်။ ဒါကြောင့် KIO နဲ့ ဗမာအစိုးရ တိုက်ခိုက်ကြလို့ နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်လာတဲ့အတွက် အများဆုံး နစ်နာဆုံးရှုံးသူဟာ ယူနန်ပြည်နယ် ဖြစ်ပါလိမ့်မယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ (၅၀) ရာခိုင်နှုန်းကျော်ဟာ နယ်စပ်ကုန်သွယ်ရေးပါ။ မြန်မာပြည်ထဲဝင်တဲ့ ကားလမ်း (၇) လမ်းကိုလည်း ယူနန်ဘက်မှာ ဆောက်လုပ်ပြီး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရာမှာ အများဆုံး ကန်ထရိုက်ရသူဟာ ယူနန် အစိုးရဖြစ်ပါတယ်။ တရုတ်ပို့ကုန်-သွင်းကုန် ဘဏ်ကြီးက ငွေထုတ်ပေးပြီး ယူနန်အစိုးရက လုပ်ငန်းအကောင်အထည် ဖော်ပါတယ်။

နေပြည်တော်ကို မီးပေးနေတဲ့ ပေါင်းလောင်းရေအားလျှပ်စစ်ကို အစအဆုံး တာဝန်ယူ တည်ဆောက်ပေးသူဟာ ယူနန်ပြည်နယ်အစိုးရ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရဲရွာ၊ ရွှေလီ၊ ဧရာဝတီ စတဲ့ နေရာတွေမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ ဗမာနဲ့ တရုတ်အစိုးရတို့ သဘောတူကြပါတယ်။ ဧရာဝတီနဲ့ သံလွင်မှာ ရေကာတာ (၂၀) ကျော်နဲ့ ရေအားလျှပ်စစ် စက်ရုံတွေ တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ ဗမာအစိုးရက ရည်ရွယ်ပါတယ်။ မြစ်ကြီးနားမြို့ အနီးက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ အကြီးဆုံးဖြစ်လို့ ဒေသခံ တိုင်းရင်းသားတွေ နေရာဖယ်ပေးရတဲ့အပြင် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲတဲ့ဒဏ်ကိုပါ စတင် ခံစားနေကြရပါတယ်။ မိမိတို့ အိုးအိမ်နဲ့ ယဉ်ကျေးမှုဓလေ့တွေကို အန္တရာယ်ပြုလာတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဒေသခံတွေက အတိအလင်း ကန့်ကွက်ကြပါတယ်။

မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ ကချင်ခေါင်းဆောင် (၁၂) ဦးက ၂၀၀၇ မှာ ဗိုလ်ချုပ်ကြီး သန်းရွှေ ဆီကို စာရေးမေတ္တာရပ်ခံခဲ့ကြပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ကလည်း မြစ်ဆုံဆည်ကြောင့် စစ်ဖြစ်နိုင်ပုံကို တရုတ်သမ္မတဆီကို စာရေးပြီး အကြောင်းကြားထားခဲ့ပါတယ်။ ယူနန်-ကချင် နယ်စပ် တည်ငြိမ်ရေးမှာ ယူနန်ပြည်နယ် စီးပွားရေး၊ ကချင်အမျိုးသားရေး နဲ့ ဗမာအစိုးရ အာဏာပြနိုင်ရေး စတာတွေ ဆက်စပ်နေတာမို့ စစ်ဖြစ်ပြီဆိုရင် သက်ဆိုင်သူအားလုံး အနည်းနဲ့အများ ဆုံးရှုံးနစ်နာကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG