သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး တရုတ်အစိုးရ ဘာကြောင့် ရေငုံနှုတ်ပိတ်နေ


ကချင်အရေး တရုတ်အစိုးရ ဘာကြောင့် ရေငုံနှုတ်ပိတ်နေ
ကချင်အရေး တရုတ်အစိုးရ ဘာကြောင့် ရေငုံနှုတ်ပိတ်နေ

~ ပြန်လည်ထုတ်လွှင့် ~

အခုရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်တွေက ကချင်လွတ်မြောက်ရေးတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတချို့က စိုးရိမ်မကင်း ပြောဆိုလာကြပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခနယ်မြေနဲ့ အနီးကပ်ဆုံး တည်ရှိနေတဲ့ တရုတ်နိုင်ငံကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကို တွေ့ရပါတယ်။ ကိုးကန့်ဒေသကို မြန်မာစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်တုန်းကတော့ အသည်းအသန် ဝင်ရောက်စွက်ဖက် ပြောဆိုဟန့်တားခဲ့တဲ့ တရုတ်အစိုးရဟာ ဒီတကြိမ်မှာ ဘာကြောင့် ရေငုံနှုတ်ပိတ်နေပါသလဲ။ ဒီအခြေအနေအပေါ် တရုတ်နိုင်ငံရောက် မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်နေသူ ဒေါက်တာဒေါ်လှကျော်ဇောနဲ့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဦးအောင်ဝါတို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ KIO နဲ့ မြန်မာအစိုးရတို့ ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ပထမဦးဆုံး ဦးအောင်ဝါ ဒီပြဿနာ ဘယ်တုန်းက စသလဲဆိုတာကို အကျဉ်းချုံးလေး ပြောပြပါ။ အခြေခံအကြောင်းရင်းတွေတော့ အများကြီး ရှိတယ်။ ဘာကြောင့် ဒီလိုလတ်တလော ဖြစ်လာရသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို နအဖ အစိုးရကနေ အခုလက်ရှိ အစိုးရက change ဖို့၊ သိမ်းပိုက်ဖို့ အခြေအနေက စခြင်းဖြစ်ပါတယ်။ အဓိကတော့ ဒီနေရာဟာ KIAရဲ့ စစ်ရေးအရ အရေးကြီးတဲ့ ဒေသဖြစ်တယ်။ တပ်မဟာ (၃) နဲ့ တပ်မဟာ (၄) (၅) နယ်စပ်နားက ဖြတ်မယ့် နယ်မြေတခုဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိ အစိုးရက ဒီနေရာကို ထိန်းချုပ်ဖို့ကိစ္စကနေ ဖြစ်လာခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တဘက်နဲ့တဘက် မကျေမနပ် ဖြစ်နေတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို KIO က လက်မခံတဲ့ ကိစ္စက အကြောင်းရင်းခံဖြစ်နေတာပေါ့။

ဦးအောင်ဝါ ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စက ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ရှိနေပါသလဲ။ နည်းနည်းလေး ပြောပါ။

ဦးအောင်ဝါ ။ ။ ၂၀၀၉ ကနေ နအဖ စစ်အစိုးရကနေ KIA၊ KIO ကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖို့ ဖိအားပေးလာတယ်။ အဲဒီအချိန်ကနေ စပြီးမှ KIA ခေါင်းဆောင်တချို့နဲ့ စစ်တပ်လက်အောက်ငယ် အများအားဖြင့်တော့ ဒီဟာကို လက်မခံဘူး။ ဒါကြောင့် ဒီကနေ တင်းမာလာပြီး တော့ အခုလို စစ်ဖြစ်ပွားလာတဲ့အခြေအနေအထိ ဖြစ်လာခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာ ဒေါ်လှကျော်ဇောကို မေးချင်တာကတော့ တရုတ်နိုင်ငံဟာ အစတုန်းက KNA တို့အပေါ်မှာ သဘောထား တချိန်တုန်းကတော့ တရုတ်တို့ကို KIA က အားကိုးအားထား ပြုခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ၊ သတင်းတွေ သိရှိရပါတယ်။ နောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲရေးကို ဥက္ကဋ္ဌ ဘရန်းဆိုင် လက်ထက်မှာလုပ်ခဲ့တာကိုက တရုတ်ရဲ့ ထောက်ခံမှုကို မရရှိခဲ့လို့ ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ ရှိကြပါတယ်။ အခုအခါမှာ ကေအိုင်အိုအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ ဗမာပြည်က ဦးသိန်းစိန်တို့ အစိုးရအနေနဲ့ ကျန်လူမျိုးစုအသီးသီးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေလည်လည် ဖြစ်စေချင်တာ သူတို့ အခြေခံစေတနာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အခုနောက်ဆုံး ဦးသိန်းစိန်တို့ လာတဲ့အခါမှာ သမ္မတဟူချင်းတောင်နဲ့ တွေ့တဲ့အခါမှာ ဒီကိစ္စကိုပဲ ထပ်ပြောပါတယ်။ သမ္မတဟူချင်းတောင်က တိုင်းပြည် ပြန်လည်စည်းလုံးညီညွှတ်ရေး၊ တိုင်းပြည်မှာရှိတဲ့ အင်အားစု အားလုံးနဲ့ ပြေပြေလည်လည် ဆက်ဆံရေး၊ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးတညီတညွှတ်တည်း လုပ်ဆောင်ကြဖို့ ပြောပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်လို့ တရုတ်ပြည်ဘက်က ကေအန်အေ အပေါ်မှာ သူတို့ဆီမှာလည်း ကချင်လူမျိုးတွေရှိပါတယ်။ အဲဒီတော့ သူတို့ လူမျိုးစုအပေါ်မှာထားတဲ့ စေတနာတွေနဲ့ ပတ်သက်လို့၊ သဘောထားတွေနဲ့ ပတ်သက်လို့ တညီတညွှတ်တည်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ နိုင်ငံတကာ သတင်းထောက်တွေက ဝေဖန်ကြတယ်။ ဒီနေ့ပဲ ရိုတ်တာ သတင်းဌာနက မာတင်ပတ်ဒီ ဆိုတဲ့ လူက အခုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေက ဆိုကြပါတယ်။ မြန်မာအစိုးရကို တရုတ်ဘက်က ဖိအားပေးတယ်။ ဘာကြောင့်လဲ ဆိုတော့ တရုတ်က အဲဒီဒေသမှာ စီးပွားရေးအားဖြင့် ရင်းနှီမြုပ်နှံမှုတွေ လုပ်နေတယ်။ တာတမံ စီမံကိန်းတွေလုပ်နေတယ်။ နောက် သူတို့ရဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းမယ့်နေရာ ဖြစ်တဲ့အတွက် ဒီနေရာမှာ ဆူပူသောင်းကျန်းမှုတွေ မရှိစေချင်ဘူး။ အဲဒါကို ငြိမ်းချမ်းအောင် ရှင်းပေးပါဆိုတဲ့ ဖိအား။ ကေအန်အေ ကို တိုက်ပါလို့တော့ တိုက်ရိုက်မပြောဘူးပေါ့။ အဲဒီလို ဖိအားပေးလို့ တိုက်ရတာဖြစ်တယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ ဦးအောင်ဝါ ကို မေးချင်ပါတယ် - အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ဝါ ။ ။ တရုတ်ဘက်ကနေ သူတို့ရဲ့ investment ကတော့ ဒီမှာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဒီဟာကတော့ ရှင်းဖို့တော့ ဦးတည်လိမ့်မယ်။ ဒါပေမဲ့ ပကတိအခြေအနေ ဖြစ်ပေါ်တာကတော့ အထဲက ကေအန်အေရဲ့ အခြေအနေကတော့ ဒီဟာကို နအဖရဲ့ စစ်ရေးနဲ့ ဖြေရှင်းချက်ကိုတော့ လုံးဝ လက်ခံနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့တော့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ တရုတ်ကတော့ ဒီဟာကို သူ့ရဲ့ အကျိုးစီးပွားတော့ အများကြီးပေါ့။ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စရှိတယ်။ ရေကာတာကိစ္စရှိတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းတွေရှိတယ်။ Logging တွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီဟာကို သူတို့အနေနဲ့တော့ အေးအေးဆေးဆေးနဲ့ပဲ သွားချင်တဲ့ကိစ္စမျိုး ရှိတယ်။ ဒါကြောင့်မို့ အပြတ်ရှင်းဖို့ အခြေအနေတခုအထိတော့ သူတို့လိုလားပုံ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တရုတ်ရဲ့ စေတနာမှန်ကတော့ အခုန ဒေါက်တာဒေါ်လှကျော်ဇော ပြောသလို ငြိမ်းချမ်းစွာ ဖြစ်စေချင်တာကတော့ အမှန်ပဲပေါ့။

ဒေါ်လှကျော်ဇော ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်တဲ့အခါမှာ သူတို့အကျိုးစီးပွား၊ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်ရမယ့်သဘောလား။

ဒေါ်လှကျော်ဇော ။ ။ ကျမတော့ ဒီလို မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ပြည်က သိပြီးသား။ လက်နက်ကိုင် ဖြေရှင်းလို့ကတော့ ပြီးမှာမဟုတ်ဘူးဆိုတာကို သိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ KIO အဖွဲ့မှာလည်း သူ့မှာ သူ့အင်အား၊ သူ့လူမျိုး၊ သူ့ဒေသ၊ သူ့ဟာသူ တောင့်တောင့်တင်းတင်း ရှိပြီးသား။ အဲဒီတော့ တောင်ထိပ်လေး တစ်ခု၊ နှစ်ခု သိမ်းတာနဲ့ ပြီးတာမှမဟုတ်ဘဲ။

ဘာဖြစ်လို့လဲဆိုတော့ အခြေခံလူတွေက ပြောက်ကျားစစ်နဲ့ ပြန်ခုခံမယ်ဆိုရင် ဒုက္ခရောက်မယ်။ တရုတ်က ဖြစ်စေချင်တာကတော့ ကချင်ပြည်သူလူထုနဲ့ အစိုးရအကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည် ဖြစ်စေချင်တာပဲ။ အဲဒီလို ပြေလည်အောင်လို့ ပြောတာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ လူမျိုးစုတွေ တောင်းနေတဲ့ အခွင့်အရေးတွေကို တောင်းပါလို့ ပြောတဲ့သဘောပါ။

ဘယ်လူမျိုးစုမဆို လူမျိုးကြီး တမျိုးနဲ့ ပေါင်းသင်းပြီးနေရာတာဟာ သူတဦးတည်းနေရာတာထက် အခွင့်အရေးရှိတယ်။ နေရထိုင်ရတာ ချောင်လည်တယ်လို့ ထင်မှတ်မှ သူက လူမျိုးကြီးနဲ့ ပေါင်းနေမှာ ဖြစ်တယ်။ သူ့အခွင့်အရေးတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေ နစ်နာနေတယ်လို့ တွက်နေသရွေ့ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူး။ ဒါကို တရုတ်ကလည်း သူ့အတွေ့အကြုံနဲ့သူ သိတယ်။ ဒါကြောင့်မို့ ဒီဟာကို လူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးပြီးတော့ လူမျိုးစုတွေနဲ့ သင့်တင့် လျောက်ပတ်အောင် နေပါလို့ ပြောတဲ့သဘောပဲ။

ဥပမာအားဖြင့် တရုတ်က ဒီလိုပဲ ပြောတယ်ပဲ ထားပါအုံး။ အပြတ်ရှင်းလိုက်လို့ ပြောတယ်ပဲ ထားပါအုံး။ အခု ဦးသိန်းစိန်တို့ လုပ်နေတာကို ကြည့်၊ ကေအန်ယူ ဘက်ကိုလည်း ထိုးတာပဲ။ ကျန်တဲ့ ရှမ်းတွေ ဘက်ကိုလည်း ထိုးတာပဲ။ သူရဲ့အစက ရည်ရွယ်ချက်ကိုက လူမျိုးစုတွေရဲ့ လက်နက်ကိုင် အင်အားစုတွေကို အပြတ်ရှင်းဖို့သာဖြစ်တယ်။ တရုတ်ကို ဆွဲထည့်တာ ဘာမှမဟုတ်ဘူး။ သူတို့ကိုက အဲဒီလို မြင်စေချင်တာ။ ပြည်သူလူထုစိတ်ထဲမှာ တရုတ်ဆန့်ကျင်ရေးတွေ မြင်စေချင်တယ်။ တရုတ်က ပြောလို့ ငါတို့ လုပ်ရပါတယ်ဆိုတာမျိုးတွေ မြင်စေချင်တယ်။ အဲဒီအတွက် ဒီဟာကိုလုပ်တာ။ တရုတ်ပြည်သွားပြီးမှ တရုတ်ပြည်က ပြန်လာမှ ဒီဟာကိုလုပ်တာ။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုစိတ်ဝင်စားတာက ဘာဖြစ်လို့ ကေအန်အေနဲ့ တိုက်နေတဲ့ကိစ္စကို တရုတ်က အခုအထိ ဝင်မပြောသေးတာလဲ။ ကိုးကန့်ကိစ္စတုန်းကဆိုရင် တရုတ်က ချက်ချင်းပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြတ်အသတ်ပြောလိုက်တယ်ဆိုတော့ ဒီကိစ္စကို အစိုးရက ရပ်ဆိုင်းခဲ့ရတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ရတယ်။ ဒီကိစ္စမှာ ဘာဖြစ်လို့ မဝင်သေးတာလဲ ဆိုတာက မေးစရာဖြစ်ပါတယ်။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ပြည်က ဒီလိုလေ- ကိုးကန့်ကို လုပ်တုန်းက သူတို့က ရက်ရက်စက်စက် ဝေါကနဲ လုပ်ပစ်လိုက်တာ။ အကုန်လုံး သူတို့ထဲကို တဝေါဝေါနဲ့ ဝင်လာတာ။ သူတို့ကိုက ဘာမှ မသိလိုက်ဘူး။ KIA နဲ့ ဖြစ်တဲ့ကိစ္စက ပြည်တွင်းမှာဖြစ်နေတာ တော်တော်ကြာနေပြီ။

တရုတ်က ခင်ဗျားတို့ပြောသလို ဝေါကနဲ ဝေါကနဲ မပြောသလို သူ့မှာ တခြားဆက်ဆံတဲ့နည်းတွေ အများကြီးရှိတယ်။ အောက်ခြေနဲ့ ဆက်ဆံတာ။ ပြည်နယ်အဆင့် ဆက်ဆံတာ။ တိုင်းအဆင့် ဆက်ဆံတာ။ မြို့နယ်အဆင့် ဆက်ဆံတာ။ အဲဒီဟာတွေနဲ့ channel တွေနဲ့ အဲဒီလိုင်းတွေနဲ့ အသီးသီး ပြောနေတာပဲ။ အဲဒီတော့ တရုတ်က ထူးခြားချက်က တခြားနိုင်ငံတွေလို ဘယ်လိုခေါ်မလဲ - အရမ်းကာရော သူများကို ပိုစိုးပက်စက် မပြောဘူးလေ။ တန်းတူညီမျှ အပြန်အလှန် အကြံပေးတဲ့ သဘော၊ ကိုးကားဖို့ ပြောတဲ့သဘော - အဲဒီလောက်ပဲ ပြောတာ။ ဒါပြည်တွင်းရေးပဲဖြစ်တာ။ အရမ်းကာရော မပြောဘူး။ ကိုးကန့်တုန်းကတော့ သူလူတွေပါ အသတ်ခံရတာတွေပါတယ်။ ကိုးကန့် လူမျိုးကျတော့ တရုတ်လူမျိုးတွေဖြစ်တယ်။ တရုတ်အများအပြား အသတ်ခံရတယ်။ ကချင်ကျတော့ ကချင်တိုင်းရင်းသားဆိုတာ ဗမာပြည်တိုင်းရင်းသားပဲဖြစ်တယ်။ ဒါကြောင့် ကိုးကန့်လောက်တော့ အရမ်းကာရော ဝင်မပြောဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ဝါ အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ တရုတ်ရဲ့ ဒေါက်တာဒေါ်လှကျော်ဇော ပြောတဲ့ စေတနာမျိုး၊ သဘောထား အစစ်အမှန်ကို ကချင်ပြည်သူတွေ သဘောပေါက်ပါသလား။ အဲဒီအတိုင်း နားလည်ကြပါသလား။ ကချင်ပြည်သူတွေက တရုတ်ရဲ့ ရပ်တည်ချက်ကို ဘယ်လို နားလည်ကြပါသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တရုတ်ပြည်အပေါ်မှာတော့ ကျနော်တို့ ကချင်လူထုကတော့ တမျိုးတော့ မြင်နေတာပေါ့။ စီးပွားရေးအရ နယ်ချဲ့ တဲ့ ပုံစံမျိုးတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည် မြို့ကြီးရော၊ ဒီဘက်မှာရော တရုတ်ပြည်က စီးပွားရေးအရ တရုတ်ပြည်က control လုပ်နေတယ်။ မြို့ကြီးမှာဆို အိမ်ယာမြေတွေက အဓိက အချက်အခြာကျတဲ့ နေရာတွေက တရုတ်ပြည်ရဲ့ လက်ထဲမှာ ဖြစ်သွားတယ်။ ကုန်သွယ်ရေးကအစ ကျောက်မျက်ရတနာအစ အကုန်လုံး သူ့ရဲ့ လက်ထဲမှာဖြစ်သွားတော့ ကချင်လူထုကတော့ အတော်လေး စိတ်မချမ်းမသာ ဖြစ်နေတယ်။ ဒါကြောင့်မို့ တရုတ်ပြည်ရဲ့အပေါ်မှာ အမြင်ကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ သိပ်တော့ အမြင်ကတော့ ဟိုတုန်းကလို လိုက်လိုက်လျောလျောရှိတဲ့ ပုံစံမျိုးတော့ မရှိတာကို တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော်တခုသိချင်တာက ကေအိုင်အို အနေနဲ့က တရုတ်ရဲ့ ကျောထောက် နောက်ခံ မရခဲ့ရင်၊ မရဘူးဆိုရင် မြန်မာအစိုးရကို စိမ်ခေါ်နိုင်မယ်။ ခုခံရပ်တည်နိုင်ပါမလား။ အဲဒီလောက် အင်အားရှိပါသလား။

ဦးအောင်ဝါ ။ ။ ကေအန်အေ ကတော့ တရုတ်နဲ့ ဆက်ဆံတာတော့ အရင်ကတည်းကရှိတယ်။ ဥက္ကဋ္ဌကြီး ဘရန်းဆိုင် လက်ထဲကနေ အဓိကဆက်ဆံတဲ့ နောက်ပိုင်းမှာ KIA ကလည်း အင်အားကြီးထွားလာတယ်။ စစ်လက်နက်တွေ ရရှိတဲ့အပိုင်းကနေ၊ ဆေးဝါးကအစ တရုတ်ပြည်ကို အဓိက မှီခိုနေရတော့ တရုတ်နဲ့တော့ ကင်းကင်းရှင်းရှင်း နေလို့ရတဲ့ဟာမျိုးတော့ မမြင်ပါဘူး။ နောင်ကိုလည်း ကျနော်ကတော့ မမြင်ပါဘူး။ အခုကလည်း ကျနော်ပြောလိုတာက အခုတုန်းက တရုတ်တွေအပေါ် အမြင်မရှင်းဆိုတာက စီးပွားရေးအရ တရုတ်တွေရဲ့ control လုပ်မှုအပေါ်မှာပဲ ဖြစ်ပါတယ်။ တရုတ်တွေနဲ့ ကျနော်တို့ ကချင်တွေက ဟိုတုန်းကတည်းက ဆက်ဆံလာတာ၊ တရုတ်ပြည်မှာလည်း ကချင်တွေ အများကြီးရှိတယ်။ ဆက်ဆံရေးကတော့ ဟိုတုန်းကတည်းက ရှိပါတယ်။ ဒါပေမဲ့ အခုမြင်တဲ့သဘောမျိုးက စီးပွားရေးအရ တရုတ်တွေရဲ့ လွှမ်းမိုးမှုကို ပြောနေတာပါ။

ဦးကျော်ဇံသာ ။ ။ အခုက တရုတ်က သူတို့စီးပွားရေး လုပ်ချင်လို့ ဒီနေရာမှာ KIAကို အပြတ်ရှင်းခိုင်းတယ်လို့ ဆိုရင် အခုလည်းပဲ ကေအိုင်အို ကို တရုတ်က ပံ့ပိုးပေးထားတာ။ အခုနပြောသလို စားနပ်ရိက္ခာကအစ ဆေးဝါးလက်နက်စသဖြင့် နယ်မြေအများကြီး စသဖြင့် အများကြီး ပေးထားတာ။ အဲဒါတွေကို ဖြတ်တောက်ပေးလိုက်စရာ အကြောင်းရှိပါသလား။ တရုတ်ကသာ ကေအိုင်အို ကို ပျက်သုဉ်းစေချင်ပြီ။ စစ်အစိုးရက လုံးဝလွှမ်းမိုးစေချင်တယ်ဆိုရင် အဲဒီလို ဖြတ်တောက်လိုက်ရင် မြန်မြန်ဖြစ်သွားမှာပေါ့။ ဖြတ်တောက်မယ့် အလားအလာကို မြင်ရပါသလား။

ဦးအောင်ဝါ ။ ။ ကျနော်ကတော့ မမြင်ပါဘူး။ ဒီလို ဖြတ်တောက်ဖို့။ ဘာဖြစ်လို့လဲဆိုရင် တရုတ်နဲ့ KIA ကလည်း အစဉ်အဆက် တဦးနဲ့တဦး စီးပွားတွေ ရှိနေတယ်။ ဒီလို ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတော့ ဒီဟာကို direct ကြီး ဖြတ်တောက်ဖို့တော့ မမြင်ဘူး။ ဒါပေမဲ့ တခု ရှိတာကတော့ ၈၈ မတိုင်ခင်။ ဟိုကတည်းက ဆက်ဆံတဲ့ဟာမျိုးနဲ့ အခုဆက်ဆံတာမျိုးတော့ နည်းနည်းတော့ ကွာဝေးနေတာမျိုး တွေ့ရတယ်။ ဥပမာ ဟိုတုန်းကဆိုရင် လက်နက်တွေကို တဆင့်ပြီးတဆင့် ရရှိတယ့်အခြေအနေမျိုး ဖြစ်တယ်။ အခုတော့ ခက်ခက်ခဲခဲနဲ့ ဖြစ်တယ်။ ဒါကြောင့်မို့ ဟိုတုန်းကလို ဆက်ဆံရေးကတော့ ကောင်းလှတယ်လို့ မမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော ခင်ဗျား - နောက်တခုက တရုတ်ပြည်က ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ အထူးသဖြင့် အခုလောလောဆယ်မှာ ကချင်နဲ့ဖြစ်နေတဲ့ ကိစ္စဟာ ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်လာမယ့် အလားအလာ မြင်ပါသလား။ တရုတ်ကရော ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နှစ်ဦးနှစ်ဘက် ခေါ်ယူပြီး စေ့စပ်ဖြန့်ဖြေပေးမယ့် သဘောထားမျိုး ရှိတယ်ထင်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ကို ကြိုးစားမှာပဲ။ ဒါပေမဲ့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ တဘက်တည်းကိစ္စ မဟုတ်ဘူးလေ။ ဦးသိန်းစိန် အစိုးရက အခြေခံစေတနာ ဘယ်လိုရှိသလဲပေါ်မှာ မူတည်တယ်။ ကျမ ကချင်ပြည်သူလူထုကို အဲဒီစကားပဲ ပြောချင်တယ်။ အစိုးရတရပ်ဟာ သူ့လူမျိုးစုတရပ်ပေါ်မှာ တန်းတူညီတူ မဆက်ဆံဘူးဆိုရင် တခြားလူမျိုးစုတွေကိုပါ အကုန်လုံးက စည်းလုံး ညီညွတ်ပြီမှ အဲဒီလို အခွင့်အရေး တန်းတူမရတဲ့ လူအချင်းချင်း စည်းလုံး ညီညွတ်ပြီ ဆိုမှ ဒီအစိုးရကသာ အဓိက တရားခံဖြစ်တယ်ဆိုတာကို မြင်ဖို့ လိုပါတယ်။ ကျမတို့ ပစ္စည်းတွေ ရောင်းစားတာပဲဖြစ်ဖြစ်၊ မရောင်းစားတာပဲဖြစ်ဖြစ် အဲဒါဟာတွေ အားလုံးဟာ ကိုယ့်ကို အုပ်ချုပ်နေတဲ့ အစိုးရ ဘယ်သူကို ကိုယ်စားပြုသလဲဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်ပါတယ်။ အဲဒါကို ကျမတို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော က ကချင်ပြည်သူလူထုကို ပြောချင်တဲ့စကားဆိုတော့ ကချင်လူထုဘက်ကရော တရုတ်ပြည်ဘက်ကို နောက်ဆုံးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တရုတ်အစိုးရပဲဖြစ်ဖြစ်၊ တရုတ်ကုမ္မဏီတွေပဲဖြစ်ဖြစ် ကချင်ပြည်သူလူထု၊ ဗမာပြည်လူထုအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကိုပဲ လုပ်စေချင်တယ်။ အတူတကွ အကျိုးရှိမယ်။ ရေရှည်အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်သွားစေချင်တယ်။ အခုက ရေတို လုပ်ငန်းတွေအတွက်ပဲ တရုတ်ကုမ္မဏီတွေ၊ တရုတ်အစိုးရတွေက ကြည့်နေတဲ့ သဘောဖြစ်တယ်။ ဥပမာပြောရရင် သစ်လုပ်ငန်းတွေ အကုန်လုံး - သစ်တွေက ကုန်သလောက်ဖြစ်နေပြီ။ နောက်တခုက ကျောက်စိမ်းတွေ။ မိုင်းတွင်းကျောက်တွေကြောင့် သဘာဝ ပတ်ဝန်းကျင်တွေလည်း အတော်လေး ပျက်စီးပြီ။ တရုတ် အစိုးရက ပြည်သူတွေအတွက်၊ ရေရှည်အကျိုးအတွက် လုပ်သွားမယ့်အစိုးရမျိုး ဖြစ်စေချင်ပါတယ်။

XS
SM
MD
LG