သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ ဆက်ဆံရေး


နိုင်ငံအချင်းချင်း ဆက်ဆံရာမှာ အမြဲတမ်းမိတ်ဆွေနဲ့ အမြဲတမ်း ရန်သူဆိုတာမရှိဘဲ အမြဲတမ်း အကျိုးစီးပွားသာရှိတယ်ဆိုတဲ့ စကားကို မြန်မာ-အိန္ဒိယဆက်ဆံရေးက သက်သေပြနေပါတယ်။ ဗိုလ်ချုပ်မှုးကြီးရဲ့ ဒုတိယမြောက်ခရီးစဉ်ကြောင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို တဆင့်တိုးမြှင့်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ့သယံဇာတကို ပြိုင်ဆိုင်ထုတ်ယူတဲ့နေရာမှာ ထိုင်းက ပထမ၊ တရုတ်က ဒုတိယ၊ အိန္ဒိယက တတိယ လိုက်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာလည်း ဒီပုံစံအတိုင်း ဖြစ်ပါတယ်။ ကျောက်ဖြူရွှေလီ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ဧရာဝတီရေအား လျှပ်စစ်တွေပြီးစီးသွားရင် တရုတ်ဟာ ပထမနေရာကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ တတ်နိုင်သလောက် အမီလိုက်နိုင်အောင် ကြိုးပမ်းနေပုံရပါတယ်။

ဗမာအစိုးရကလည်း တရုတ်က ချည်းတဖက်သတ် လွှမ်းမိုးမှာကို စိုးရိမ်လာပုံရပါတယ်။ မြန်မာ့ဓါတ်ငွေ့ စီမံကိန်းမှာ ဒေါ်လာသန်းတထောင်ကျော် ရင်းနှီမြုပ်နှံဖို့ ဒီနှစ်အစောပိုင်းမှာ အိန္ဒိယက ကြေညာပါတယ်။ အိန္ဒိယ အစိုးရပိုင်ကုမ္မဏီ (၂) ခု အစုရှယ်ယာ ပါဝင်တဲ့ ရွှေဓါတ်ငွေ့တွင်းက အိန္ဒိယကို ဓါတ်ငွေ့ပိုက်လိုင်း သွယ်ယူနိုင်ရေးအတွက် အင်္ဂလိပ်ကုမ္မဏီက လေ့လာထားပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စမှာ အိန္ဒိယဘက်က စိတ်ပျက်နေတာ အတော်ကြာပါပြီ။ ချင်းတွင်မြစ် ထမံသီ၊ ကလေးဝ နဲ့ ဟုမ္မလင်း ရေအားလျှပ်စစ်တွေ တည်ဆောက်ဖို့လည်း အိန္ဒိယက စိတ်ဝင်စားနေပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သံဃာဦးဆောင်တဲ့ ဆန္ဒပြပွဲ ရန်ကုန်မှာ ဖြစ်ပွားတုန်း အိန္ဒိယ ရေနံဝန်ကြီး ပျဉ်းမနားကိုသွားပြီး ဒေါ်လာသန်းတရာကျော် ကုန်ကျမယ့် ကလတန် မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့ သဘောတူချက် ရယူနိုင်ခဲ့ပါတယ်။ စစ်တွေမှာ ပင်လယ်ကူးသင်္ဘော ဆိပ်ကမ်းတည်ဆောက်ပြီး ကလတန် မြစ်ကြောင်းက အိန္ဒိယ အရှေ့မြောက်ဒေသကို ဆက်သွယ်ရေးနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေးကို အိန္ဒိယက တာဝန်ယူလုပ်ကိုင်ပေးဖို့ သဘောတူပါတယ်။ မြန်မာပြည်မှာ ထရပ်ကား စက်ရုံတည်ဆောက်ဖို့ အိန္ဒိယအစိုးရက ငွေရင်းစိုက်ထုတ်ပြီး တတာကုမ္မဏီ က တာဝန်ယူ အကောင်အထည်ဖော်ဖို့လည်း သဘောတူထားကြပါတယ်။

ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေထုတ်ယူရေးမှာ လုပ်ကွက်အနည်းငယ် ကျန်နေပါသေးတယ်။ ဒီလုပ်ငန်းဟာ ငွေရင်း အကြီးအကျယ် စိုက်ထုတ်ရတာမို့ ဗမာစစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ အကူအညီမပါဘဲ အကောင်အထည် မဖော်နိုင်ပါဘူး။ ဗမာစစ်အစိုးရဟာ ရေနံပီပါပေါင်း (၄) သောင်း နေ့စဉ်တင်သွင်း နေရပါတယ်။ ဒါကို ကြက်ဆူဆီနဲ့ အစားထိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အကောင်အထည်ပေါ်ဖို့ အလားအလာ မရှိတော့ပါဘူး။ တနင်္လာရီကမ်းလွန်က သဘာဝဓါတ်ငွေ့ ထိုင်းနိုင်ငံကို စတင်တင်ပို့ချိန်ကစပြီး ဗမာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့ကို မှီခိုလာရပါတယ်။ အိန္ဒိယနဲ့ တရုတ်ကလည်း သဘာဝဓါတ်ငွေ့ လိုချင်တာမို့ သဘာဝဓါတ်ငွေ့ က ဝင်ငွေမရနိုင်တော့တဲ့ အခြေအနေရောက်လာမှသာ ဗမာစစ်အစိုးရဟာ ပြည်ပက ဖိအားပေးတာမို့ ဂရုစိုက်လာလိမ့်မယ်လို့ ယူဆကြပါတယ်။

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်ကို နှိမ်နှင်းရာမှာ ဗမာစစ်အစိုးရ အကူအညီ လိုအပ်တာဟာလည်း လက်တွဲရတဲ့အကြောင်းရင်း တခုဖြစ်ပါတယ်။ အိန္ဒိယသူပုန်ကို တိုက်ထုတ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ က ၂၀၀၄ အိန္ဒိယခရီးမှာ ဂတိပြုခဲ့ပေမယ့် မထိရောက်တဲ့အတွက် ဒီနှစ် ဇန်နဝါရီနှောင်းပိုင်းမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီး နေပြည်တော်ကို သွားရောက်ဆွေးနွေးရပါတယ်။ အခုတော့ မဏိပူရ်၊ အာသံ နဲ့ နာဂ ဒေသက တိုင်းရင်းသားသူပုန်တွေကို အိန္ဒိယအစိုးရတပ်က ထိုးစစ်ဆင်ရာမှာ မြန်မာပြည်ထဲအထိ ဝင်ရောက်တိုက်ခိုက်ခွင့် ပေးထားကြောင်း သိရပါတယ်။ အခုဆိုရင် (၃) လတကြိမ် အိန္ဒိယ-မြန်မာ ထိပ်တန်းစစ်ဗိုလ်တွေ အစည်းအဝေး ထိုင်ကြောင်းသိရပါတယ်။ အိန္ဒိယ ဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ဝန်လေးနေတဲ့ ပါကစ္စတန်နဲ့ ဆက်ဆံနိုင်တဲ့ အိန္ဒိယအစိုးရဟာ ဗမာစစ်အစိုးရနဲ့ ချစ်ကြည်ရေးလုပ်တာ မဆန်းပါဘူးလို့လည်း သုံးသပ်ကြပါတယ်။

အိန္ဒိယ အိုင်တီလုပ်ငန်း Information Technology ကဏ္ဍရဲ့ ဝင်ငွေ (၆၅) ရာခိုင်နှုန်းဟာ နိုင်ငံခြားက လာတာပါ။ ဒီအထဲမှာ (၅၀) ရာခိုင်နှုန်းဟာ အိုင်တီဝန်ဆောင်လုပ်ငန်းက တိုက်ရိုက်ရရှိတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကလည်း ဒေါ်လာသန်း (၅၀) ကျော် အကုန်ခံပြီး ရတနာပုံဆိုက်ဘာမြို့တော် တည်ဆောက်ထားတာမို့ အိန္ဒိယနဲ့ တရုတ် အကူအညီ လိုအပ်နေပါတယ်။ ရတနာပုံ ပထမအဆင့်ကို ၂၀၀၇ ဒီဇင်ဘာမှာ ဖွင့်လှစ်ခဲ့တာမို့ သက်တမ်း (၂) နှစ်ကျော် သွားပါပြီ။ ပြည်တွင်း ဆက်သွယ်ရေးအပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့ကို ကုန်းလိုင်းနဲ့ ဆက်သွယ်ပြီး အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အနောက်ဥရောပကို ရေအောက်လိုင်းနဲ့၊ ဂြိုလ်တုတို့နဲ့ ဆက်သွယ်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနဲ့ ပူးတွဲဆောင်ရွက်မှုတွေ များလာလေလေ တရုတ်ကို မှီခိုမှု နည်းပါးလာလေလေပဲလိုပ ပြောကြပေမယ့် တရုတ်-မြန်မာ စီးပွားရေးထက် အဆပေါင်းများစွာ ကြီးမားတာမို့ တရုတ်ကို တန်ပြန်နိုင်ပါ့မလား ဆိုတာကို စဉ်းစားစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ တရုတ်ဦးရေ တိုးပွားလာသလို အိန္ဒိယပြည်သားဦးရေလည်း တိုးပွားလာနိုင်ပါတယ်။ အိန္ဒိယလူဦးရေဟာ သန်းပေါင်း (၁၁၀၀) ကျော်နေပြီး နောက်အနှစ် (၃၀) လောက်ဆိုရင် တရုတ်ထက်များလာလိမ့်မယ်လိုပ ခန့်မှန်းကြပါတယ်။

XS
SM
MD
LG