သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင် ထာဝစဉ် စီးဆင်းရေး


သံလွင် ထာဝစဉ် စီးဆင်းရေး
သံလွင် ထာဝစဉ် စီးဆင်းရေး

ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ်မှာ တည်ဆောက်မယ့် တာဆန်းရေကာတာ စီမံကိန်းမှာ ပါဝင်တဲ့ တရုတ်အင်ဂျင်နီယာ (၃) ဦးနဲ့ စကားပြန်တဦးကို လွန်ခဲ့တဲ့ မေလ (၉) ရက်နေ့မှာ လက်နက်ကိုင်တစုက ပြန်ပေးဆွဲသွားပြီး သြဂုတ်အစောပိုင်းမှာ ပြန်လွှတ်ပါတယ်။ လက်နက်အားကိုးပြီး အကောင်အထည်ဖော်တဲ့ကိစ္စကို လက်နက်နဲ့ တုံ့ပြန်တာပဲဖြစ်ပါတယ်။ ရေကာတာရဲ့ အန္တရာယ်ကို သံလွင်မြစ်ဝှမ်းနေ မြန်မာပြည်သားတွေ နားလည်သဘောပေါက်လို့ ဆန္ဒပြကန့်ကွက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။ လောပီတ လို့ လူသိများတဲ့ ဘီးလူးချောင်း ရေအားလျှပ်စစ်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို မမေ့နိုင်ကြပါဘူး။ ဘီးလူးချောင်း ဟာ သံလွင်မြစ်ရဲ့ အဓိက မြစ်လက်တက်တခုဖြစ်တဲ့ ပွန်မြစ်ထဲကို စီးဆင်းတာမို့ လောပီတ ကို သံလွင်မြစ်ရဲ့ ပထမဆုံးသော ရေအားလျှပ်စစ်လို့ ပြောနိုင်ပါတယ်။

သံလွင်မြစ်ဟာ ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို ပိုင်းခြားထားတဲ့ နယ်ခြားမြစ် ဖြစ်နေတာကြောင့် ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့က ရေအားလျှပ်စစ်တည်ဆောက်ဖို့ ၁၉၈၀ ပြည့်နှစ်ကစပြီး ကြံစည်ခဲ့ပါတယ်။ သံလွင်မြစ်မှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ ၁၉၉၄ မှာ အဆိုပြုကြပြီး ၁၉၉၅ မှာ မြန်မာကသဘောတူလိုက်တယ်လို့ သိရပါတယ်။ သံလွင်ရေကာတာကထွက်တဲ့ လျှပ်စစ်ဓါတ်အားကို ထိုင်းကဝယ်ဖို့အတွက် ၁၉၉၆ မှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးကြပါတယ်။

သံလွင်ရေအားလျှပ်စစ် စီမံကိန်းမှာ အကျိုးအမြတ်ခံစားရမှာက ဗမာအစိုးရနဲ့ ထိုင်းသာဖြစ်ပြီး ဒေသခံတွေကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာရှိတာမို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားတဲ့ NGO တသီးပုဂ္ဂလအဖွဲ့တွေ စုပေါင်းပြီး ၂၉၉၉ မှာ Salween Watch (ခေါ်) သံလွင်စောင့်ကြပ်ရေးအဖွဲ့ကို တည်ထောင်ပါတယ်။ ရေကာတာကြောင့် နစ်နာဆုံးရှုံးမယ့်ဒေသခံတွေကလည်း Burma Rivers Network ခေါ် မြန်မာနိုင်ငံမြစ်ချောင်း ကွန်ယက်ကိုဖွဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ကြပါတယ်။ ကရင်လူမှုရေးအဖွဲ့ (၆) ဖွဲ့ပေါင်းပြီး ကရင်ပြည်နယ်မြစ်များ စောင့်ကြပ်ရေးအဖွဲ့ Karen Rivers Watch ကို တည်ထောင်ပါတယ်။

သံလွင်ရေကာတာရဲ့ အန္တရာယ်အကြောင်း ပထမဆုံး အစီရင်ခံစာ ရေးသူများထဲမှာ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့လည်း ပါဝင်ပါတယ်။ Dammed by the Generals စစ်ဗိုလ်ချုပ်များ၏ ရေကာတာ ဆိုတဲ့အမည်နဲ့ (၈၆) မျက်နှာ အစီရင်ခံစာကို ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေပါတယ်။ လောပိတ အတွေ့အကြုံကို အခြေခံပြီး အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ တရုတ် (၄) ဘာသာနဲ့ ရေးသားထုတ်ဝေထားတဲ့ စာတမ်းဖြစ်ပါတယ်။ သံလွင်ရေကာတာရဲ့ အန္တရာယ်အကြောင်း ပြည်တွင်းပြည်ပမှာ သိရှိအောင် ရည်ရွယ်ပြီး (၄) ဘာသာနဲ့ ထုတ်ဝေတာ ဖြစ်ပါတယ်။ The Salween Under Threat ဆိုတဲ့ (၈၃) စာမျက်နှာစာတမ်းကိုတော့ ထိုင်း-မြန်မာအဖွဲ့ (၁၆) ဖွဲ့ ပူးတွဲပြီး ၂၀၀၄ မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပါတယ်။ အန္တရာယ်အမျိုးမျိုး ကြုံတွေ့မယ့် သံလွင်မြစ်အကြောင်း ဓါတ်ပုံအထောက်အထားနဲ့ တင်ပြထားတဲ့ သုတေသနစာတမ်း ဖြစ်ပါတယ်။

Karen Rivers Watch ကရင်ပြည်နယ်မြစ်များ စောင့်ကြပ်ရေးအဖွဲ့ကတော့ Damming At Gunpoint သေနတ်နဲ့တေ့ပြီး ရေကာတာစီမံကိန်း အကောင်အထည်ဖော်ပုံကို သေမင်းတမန် ရေကာတာ အမည်နဲ့ စာမျက်နှာ (၁၀၀) ကျော်စာတမ်းကို မြန်မာ-အင်္ဂလိပ်-ကရင် (၃) ဘာသာနဲ့ ၂၀၀၅ မှာ ထုတ်ဝေပါတယ်။ သံလွင်ရေကာတာရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေအကြောင်း ရေးထားတဲ့ တတိယမြောက် အစီရင်ခံစာ ဖြစ်ပါတယ်။ တာဆန်းရေကာတာ စီမံကိန်းအခြေအနေကို Warning Signs ဆိုတဲ့အမည်နဲ့ ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့က ၂၀၀၆ မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပါတယ်။ ဒီအဖွဲ့ကပဲ တာဆန်းရေကာတာရဲ့ နောက်ဆုံးအခြေအနေကို ၂၀၀၉ ဇူလိုင်လမှာ အစီရင်ခံစာ ထုတ်ဝေပါတယ်။ Roots & Resilence လို့ အမည်ပေးထားပြီး တာဆန်းရေကာတာအတွက် ဒေသခံ (၆) သောင်းကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းပစ်တာကြောင့် ၂၀၀၉ မှာ လူဦးရေသုံးပုံတပုံသာ ကျန်တော့ကြောင်း ဖော်ပြထားပါတယ်။

တိမ်းစောင်းမခံနိုင်သော သံလွင် ဆိုတဲ့ (၆၈) မျက်နှာ မြန်မာဘာသာ အစီရင်ခံစာကို တိုးတက်သော မွန်လူငယ်များ အစည်းအရုံးကလည်း ၂၀၀၇ မှာ ထုတ်ဝေပါတယ်။ သံလွင်မြစ်အောက်ပိုင်းနေ ဒေသခံ ပြည်သူလူထုကို ရေကာတာစီမံချက်တွေက အန္တရာယ်ပြုနေကြောင်း ဖော်ပြထားတဲ့ စာတမ်းဖြစ်ပါတယ်။ ကရင်ပြည်နယ် သံလွင်မြစ်ဝှမ်း ဝဲကြီးနဲ့ ဓါးခွင်အကြားက ခိုကေ ဒေသမှာ သက်ရှိသတ္တဝါနဲ့ သစ်ပင်ပန်းမန်တွေ အန္တရာယ်ကြုံနေပုံကို ခေဆန်း (ခေါ်) ကရင်ပတ်ဝန်းကျင်နဲ့ လူမှုရေးအဖွဲ့က ၂၀၀၈ မှာ စာအုပ်ထုတ်ဝေပါတယ်။

ဘက်စုံမလေ့လာဘဲ အမိန့်ပေးပြီး ရေကာတာတွေ တည်ဆောက်ရင် ကျဉ်းမြောင်းတဲ့ သံလွင်မြစ်ဝှမ်းဒေသ ပျက်စီးနိုင်ကြောင်း စာတမ်းတွေ ထုတ်ဝေပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ သံလွင်ရေကာတာ စီမံကိန်းမှာ တရုတ်က အဓိကဖြစ်နေပါတယ်။ ဒါကြောင့် သံလွင်ရေကာတာကိစ္စမှာ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့်ကိစ္စကို အသေအချာလေ့လာဖို့ ၂၀၀၇ နောက်ပိုင်းက တရုတ်သမ္မတဆီ ပေးပို့တဲ့ ပန်ကြားလွှာကို မြန်မာနိုင်ငံသား ငါးသောင်း ပြည်တွင်းအဖွဲ့ (၉၈) ဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ (၂၄) ဖွဲ့က လက်မှတ်ထိုးကြပါတယ်။ ဒါပေမဲ့ ရှမ်းနဲ့ ကရင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေသာ ထပ်ဖြစ်လာတယ် ရေကာတာ စီမံကိန်းရပ်ဆိုင်းမယ့် အရိပ်လက္ခဏာကို မတွေ့နိုင်သေးဘဲ ဖြစ်နေပါတယ်။

XS
SM
MD
LG