သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း


အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း
အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း

သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ထုတ်ပြန်တဲ့ အိန္ဒိယ-မြန်မာ ပူးတွဲကြေညာချက်မှာ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်နေတာကို နှစ်ဘက်စလုံးက ကျေနပ်ကြောင်း ဖော်ပြပါတယ်။ ကားလမ်းဖောက်ရမယ့်အပိုင်းကို အမြန်ဆုံး စတင်လုပ်ဆောင်ပြီး အကောက်ခွန်ဂိတ်တွေ ထပ်ပြီးဖွင့်ဖို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဝန်ကြီးအဆင့် တွေ့ဆုံပွဲမှာလည်း နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ဆွေးနွေးကြောင်း သိရပါတယ်။

ဒီနေရာမှာ ကုလားတန် စီမံကိန်းဟာ အဓိကပါဝင်နေပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ စစ်တွေဆိပ်ကမ်းကို ဆက်သွယ်နိုင်ရင် နယ်စပ်ဒေသ တိုးတက်လာမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ပထမဦးစွာ စစ်တွေမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး ကုလားတန်မြစ် ရေစူးနက်အောက် လုပ်ဖို့လိုပါတယ်။ လောလောဆယ် တန်ချိန် (၂၀၀၀) သင်္ဘောသာ ဆိုက်ကပ်နိုင်တဲ့ စစ်တွေဆိပ်ကမ်းကို တန်ချိန် (၆၀၀၀) အရွယ်အစားဆိုက်ကပ်နိုင်အောင် ပြုပြင်ပြီး တန်ချိန် (၂၆၀) ရှိတဲ့ သင်္ဘော (၁၀) စီး အိန္ဒိယက တည်ဆောက်နေပါတယ်။ ဆိပ်ကမ်းတွေနဲ့ ကလတန်မြစ် ပြုပြင်ရေးအတွက် ဒေါ်လာသန်း (၇၀) သတ်မှတ်ပါတယ်။

စစ်တွေက စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ ကီလိုမီတာ (၂၀၀) ကျော် သင်္ဘောနဲ့သွားပြီးတော့မှ ကလက်ဝ က အိန္ဒိယနယ်စပ်အထိ ကားနဲ့ ဆက်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။ ကလက်ဝ က အိန္ဒိယနယ်စပ်အထိ ကီလိုမီတာ (၆၀) ကျော်ရှိတဲ့ ကားလမ်းဆောက်လုပ်ဖို့ ဒေါ်လာသန်း (၅၀) ရာထားပါတယ်။ ကုလားတန်မြစ်ဟာ မြန်မာနိုင်ငံ လူရှိုင်းတောင်တန်းမှာ မြစ်ဖျားခံပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို စီးဆင်းသွားပါတယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်းမှ ချင်းပြည်နယ်ထဲကို စီးဆင်းသွားပြီး ပလက်ဝမှာ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ကာ စစ်တွေမှာ ဘင်္ဂလားပင်လယ်ကို ထွက်ပါတယ်။ ကီလိုမီတာ (၆၀၀) ကျော် ရှည်လျားပြီး မြန်မာပြည်ထဲမှာ ကီလိုမီတာ သုံးရာနီးပါး ရှိပါတယ်။ ကျောက်ဆောင်များတဲ့ မြစ်ဖြစ်တာကြောင့် ပလက်ဝ က ကလက်ဝအထိ ရေယာဉ်အသေးစားသာ တနှစ်မှာ ရှစ်လသွားနိုင်ပါတယ်။ ဒီရေကြောင်းကို တနှစ်လုံး သင်္ဘောသွားလာနိုင်အောင် ပြုပြင်ထိန်းသိမ်းဖို့ ရည်ရွယ်ပါတယ်။

စစ်တွေက ပလက်ဝအထိ (၁၆၀) ကီလိုမီတာ ရေကြောင်းခရီးမှာ ပြဿနာသိပ်မရှိဘဲ ပလက်ဝ က ကလက်ဝ အထိဖြစ်တဲ့ ကီလိုမီတာ (၇၀) မှာသာ ကျောက်ဆောင်ထူထပ်လို့ ကုန်သင်္ဘောသွားဖို့ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ စီမံကိန်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ ဗမာအစိုးရတို့ ၂၀၀၈ ဧပြီလမှာ လက်မှတ်ထိုးကြပေမယ့် ကလတန်မြစ်ကြောင်းကို ၂၀၀၂ ခုနှစ်ကတည်းက အိန္ဒိယဘက်က တိုင်းထွာစစ်ဆေးခဲ့တာ အကျယ်ဆုံးနဲ့ ရေစူးအနက်ဆုံးဖြစ်ပြီး ကျောက်တော်၊ ပလက်ဝအပိုင်းမှာ မြစ်ကျဉ်းသွားပေမယ့် ရေစူးက အတူတူပဲ ဖြစ်ပါတယ်။ ပလက်ဝ၊ ကလက်ဝအပိုင်းမှာ ရေစူးတိမ်မြစ်ကျဉ်းပြီး ကျောက်ဆောင်ပေါများတာကြောင့် ဒီအပိုင်းကို အများဆုံးပြုပြင်ဖို့ လိုကြောင်းသိရပါတယ်။

ပလက်ဝ က စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ တန်ချိန် (၂၆၀) ရှိတဲ့ ကုန်သင်္ဘောတွေ သွားနိုင်ဖို့ ကုလားတန်မြစ်ကြောင်းကို ပြုပြင်ပြောင်းလဲရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို လေ့လာစရာမလိုဘူးလို့ စီမံကိန်းရည်ရွယ်ချက်မှာ ရေးထားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ဒေသအာဏာပိုင်က ယူဆတဲ့ကိစ္စမှာ မြန်မာဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင်ထိခိုက်မှုကို အိန္ဒိယဘက်က လေ့လာမှာမဟုတ်ဘဲ မြန်မာဘက်က လေ့လာပြီး ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိခိုက်မယ့်လုပ်ဆောင်ချက်တွေကို ဒေသခံအာဏာပိုင်က ဟန့်တားပိုင်ခွင့် ရှိပါတယ်။

အိန္ဒိယအစိုးရရဲ့ ကုလားတန်စီမံကိန်းကြောင့် မြစ်ကြောင်းကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ဒေသခံတသန်းလောက်ရဲ့ စားဝတ်နေရေး ထိခိုက်နိုင်တယ်လို့ ရခိုင်မြစ်ချောင်း ကွန်ယက်က ဆိုပါတယ်။ ဒီလို လူနေမှုဘဝ ထိခိုက်သွားတာကို လျှော်ကြေးပေးဖို့ အစီအစဉ်ရှိပုံ မရပါဘူး။ ကုလားတန် စီမံကိန်းကြောင့် ဒေသခံတွေ မှီခိုနေတဲ့ သဘာဝဂေဟ စနစ်ပျက်စီးပြီး ရိက္ခာရှားပါးသွားနိုင်တယ်လို့ ရခိုင်မြစ်ချောင်း ကွန်ယက်က ဆိုပါတယ်။ လေပြင်းမုန်တိုင်းကျမှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ (၂၀၀၈) ကစပြီး ရိက္ခာမလုံလောက်တဲ့ ပြဿနာ ကြုံတွေ့နေရပါတယ်။

စစ်တွေ၊ ပလက်ဝ နဲ့ ကလက်ဝ မှာ ဆိပ်ကမ်းတွေ တိုးချဲ့ဆောက်လုပ်တဲ့အတွက် ဖယ်ရှားခံရမယ့် အိမ်ထောင်စုတွေ လျော်ကြေးအလုံအလောက် ရဖို့လိုပါတယ်။ ကလတန်နဲ့ အခြားစီမံကိန်းမှာ စစ်တွေက လုံခြုံရေးတာဝန် ယူထားတာကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ဆိုးကျိုးတွေကို စိုးရိမ်နေကြပါတယ်။ ၂၀၀၆ မှာ ဂိတ်ကြေးစခန်း (၄) ခုရှိရာက (၃၀) အထိ တိုးပွားနေပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်ဖို့အတွက် ကလတန်မြစ်ဝှမ်းနေ ဒေသခံပြည်သူလူထုရဲ့ သဘောထားကို စဉ်းစားဖို့ လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်း ကွန်ယက်က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG