သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ရေကြီးမှုအကြောင်း


မြန်မာပြည် ရေကြီးမှုအကြောင်း

မုတ်သုံရာသီဖြစ်တဲ့ ဇွန်လနဲ့ အောက်တိုဘာလအတွင်းရွာတဲ့ မိုးရေချိန်ကိုလိုက်ပြီး ရေကြီးတာဟာ အရှေ့ တောင်အာရှဒေသမှာ နှစ်စဉ်ဖြစ်နေကြ သဘာဝဘေးအန္တရာယ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ဘန်ကောက်မြို့ တော်ရေလျှံမှုနဲ့ မကွေးတိုင်းရေကြီးမှုမှာ ဒေသခံတွေရာနဲ့ချီ သေဆုံးကြပြီး လုပ်ငန်းကိုင်ငန်းတွေ ပျက်စီးတဲ့အတွက် ကမ္ဘာကအာရုံစိုက်တဲ့သတင်း ဖြစ်လာပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ရေကြီးလို့ လူနှစ်ရာကျော်သေဆုံးကြောင်း သိရပါတယ်။

အောက်တိုဘာလမှာ ရက်ဆက်မိုးသည်းထန်တဲ့အတွက် မကြုံစဘူးချောင်းရေလျှံလာလို့ မကွေးတိုင်း ပခုက္ကူ၊ မြိုင်၊ ပေါက် နဲ့ ဆိပ်ဖြူမြို့ နယ်တွေမှာ လူ (၁၀၆) ဦးသေဆုံးပြီး အိမ်ခြေ (၂၀၂၃) လုံး၊ တိရစ္ဆာန်မျိုးစုံ (၂၄၀၀) ကျော်နဲ့ သီးနှံစိုက်ခင်းဧက (၃၀၀၀) ကျော် ပျက်စီးဆုံးရှုံးတယ်လို့ အောက်တိုဘာလ (၂၇) ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ အတိအကျဖော်ပြထားပါတယ်။ ဒါပေမဲ့ တခြားသတင်းဌာနတွေကတော့ နှစ်ရာကျော်သေဆုံးဖွယ်ရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းတာကို ဖော်ပြပါတယ်။ ရေဘေးဒုက္ခဖြစ်တဲ့နေရာကို သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ သွားရောက်ကြည့်ရှုပြီး အကူအညီပေးတဲ့သတင်းနဲ့ အစိုးရစစ်တပ်က အကူအညီပေးတဲ့ သတင်းတွေကို အစိုးရသတင်းဒီမီယာတွေမှာ အဓိကဖော်ပြထားပါတယ်။

တိုင်းနဲ့ပြည်နယ်တွေမှာ ဇူလိုင်လကစပြီး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပါတယ်။ ဇူလိုင်လနှောင်းပိုင်းမှာ မိုးသည်းထန်တဲ့အတွက် ဟင်္သာတမြို့ မှာ ရေကြီးပေမယ့် အသေအပျောက်မရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့ နယ် ဥက္ကံမှာ သြဂုတ်လ (၇) ရက်နေ့က ရေကြီးတော့ လူအသေအပျောက်ရှိပါတယ်။ ပဲခူးမြို့ မှာ နေရာအတော်များများ ရေလျှံလို့ လှေကိုသုံးရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဖြစ်လေ့ရှိပေမယ့် ဒီနှစ်ဟာ အဆိုးဆုံးလို့ဆိုပါတယ်။ ဧရာဝတီရေလျှံလို့ မန္တလေးမြို့ ရပ်ကွက်အချို့  ရက်အတော်ကြာ ရေဘေးဒုက္ခကြုံတွေ့ ကြရပါတယ်။ ရခိုင်ပြည်နယ်မှာ သံတွဲနဲ့ တောင်ကုတ်၊ စစ်ကိုင်းတိုင်းမှာ တမူး၊ ကလေးနဲ့ ကလေးဝ စတဲ့ နေရာတွေမှာလည်း ရေလျှံကြောင်းသိရှိရပါတယ်။ မြစ်ရေလျှံမှု၊ မိုးသည်းထန်မှုကြောင့် ရေဘေးဒုက္ခရောက်ကြတာဟာ ဖြစ်ရိုးဖြစ်စဉ် နှစ်စဉ်အတွေ့အကြုံလို ဖြစ်နေပါတယ်။

မိုးသည်းထန်ပြီး မြစ်ချောင်းတွေရေလျှံလို့ ရေဘေးဒုက္ခရောက်ရတာဟာ သဘာဝအန္တရာယ် ဖြစ်ပါတယ်။ ရေလျှံတဲ့ဆည်ကို ဖောက်ချတဲ့အတွက် ရုတ်တရက်ရေလျှံပြီး ဒုက္ခရောက်ရတာဟာ လူလုပ်တဲ့ ရေကြီးမှုဖြစ်ပါတယ်။ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ စတဲ့ မြို့ နယ်တွေမှာ တောင်ကျရေကြောင့် ချောင်းရေအလုံးအရင်း ကျဆင်းလာတဲ့အတွက် ရေဘေးကြုံတွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥက္ကံ၊ ယင်းမာပင် နဲ့ ကျောက်ဆည်မှာ ရေဘေးဒုက္ခရောက်ရတာဟာ ဆည်တွေကို ဖောက်ချလိုက်လို့ ဖြစ်ပါတယ်။ ဥက္ကံမှာ မိုးသည်းထန်လို့ စိုးရိမ်ရေမှတ်ကျော်လာတဲ့ တဘူးလှဆည် ကို ဆည်မြောင်းဌာနက ဖောက်ချတဲ့အတွက် အနီးက ကျေးရွာတွေကို ရေလွှမ်းမိုးပြီး သေကျေပျက်စီးမှုရှိကြောင်း သိရပါတယ်။ ကျောက်ဆည်မှာတော့ မြစ်ရေလျှံတဲ့ဒဏ်ကိုရော ဆည်ဖောက်ချတဲ့ဒဏ်ကိုရော ခံကြရပါတယ်။ ဆည်ဖောက်ချလို့ ဒုက္ခရောက်ရုံတင်မကပဲ သေဆုံးသူပါရှိကြောင်း သိရပါတယ်။ ယင်းမာပင်မြို့ နယ်မှာ ယမားဆည်ကို ဆည်မြောင်းဌာနက ဖောက်ချမှုကြောင့် အသေအပျောက်နဲ့ အပျက်အစီးတွေ ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း စလင်းမြို့ နယ်မှာ ရေကြီးလာလို့ ဆည်ကိုဖောက်ချလိုက်တဲ့အတွက် ကျေးရွာ (၂၀) လောက် ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံလိုက်ရပါတယ်။ ၂၀၀၆ အောက်တိုဘာလက မန္တလေးတိုင်း၊ ကျောက်ဆည်၊ မြစ်သာ၊ မြစ်ငယ် နဲ့ ပုသိမ်ကြီးမြို့ နယ်တွေမှာ ဆည်တွေရေလျှံကုန်တဲ့အတွက် အသေအပျောက်ရှိတာကို အစိုးရသတင်း မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆည်ရေ လွှမ်းနိုင်တဲ့နေရာက ပြည်သူလူထုကို ဆည်ဖောက်မယ့်အကြောင်း ကြိုတင်သတိမပေးတာဟာ ဆည်မြောင်းဦးစီးဌာနရဲ့  ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ မြန်မာပြည်မှာ အများအပြားဆောက်လုပ်ထားတဲ့ ဆည်တွေ၊ ရေကာတာတွေဟာ ပြည်သူလူထုကို အချိန်မရွေး အန္တရာယ်ပေးနိုင်တာကို သတိပြုဖို့ လိုပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာလည်း မိုးသည်ထန်လို့ ဆည်ရေဟာ စိုးရိမ်ရေမှတ် ရောက်လာရင်ရေကို ဖောက်ချရပါတယ်။ ဒီလို ဖောက်မချလို့ ဆည်ကျိုးရင် ပိုပြီးဒုက္ခရောက်နိုင်တာကြောင့် ဖောက်ချရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆည်ဖောက်မယ့်အကြောင်း ရေလွှမ်းမယ်နေရာတွေကို ကြိုတင်အသိပေးရပါတယ်။ ကြိုတင်အသိပေးထားတဲ့အတွက် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပြီး အပျက်အစီးသက်သာတာ တွေ့ရပါတယ်။ မြစ်ရေတက်လာလို့ စိုးရိမ်ရေမှတ်ကျော်လာရင် မြစ်ကမ်းပါးဒေသကို ရေလွှမ်းနိုင်ကြောင်း တရက်နှစ်ရက်လောက် ကြိုပြီး သတိပေးနိုင်ပါတယ်။

ဒါပေမဲ့ ရုတ်တရက် မိုးသည်းထန်လာတဲ့အတွက် တောင်ကျရေအပြင်းအထန် စီးဆင်းလာတာကို ကြိုတင်သတိပေးဖို့ မဖြစ်နိုင်ပါဘူး။ မြစ်ငယ်ချောင်းငယ်တွေမှာ တရှိန်ထိုးရေတက်လာပြီး တရှိန်ထိုး ရေကျသွားတာကို ‘လျှပ်တပြက် ရေကြီးမှု’ လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဆိုပါတယ်။ မြစ်ဖျားချောင်းဖျား ရေဝေကုန်းတန်းမှာ မိုးသည်းထန်လာရင် လျှပ်တပြက်ရေကြီးလာနိုင်တာကို ကြိုတင်သတိပေးနိုင်ဖို့ ခက်ခဲ့ပါတယ်။ ဆည်ရေလျှံလာလို့ ဖောက်ချတာဟာလည်း လျှပ်တပြက် ရေကြီးမှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူကလုပ်တဲ့ လျှပ်တပြက် ရေကြီးမှု ဖြစ်တာကြောင့် တာဝန်ရှိသူတွေက ကြိုတင်အသိပေးနိုင်ရင် ဒေသခံတွေ အသက်ချမ်းသာနိုင်ပါတယ်။

XS
SM
MD
LG