သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအတွက် ပြည်သူများရဲ့ ရင်ဖွင့်စကားများ


ဒေါ်စုအတွက် ပြည်သူများရဲ့ ရင်ဖွင့်စကားများ
ဒေါ်စုအတွက် ပြည်သူများရဲ့ ရင်ဖွင့်စကားများ

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့ပြီးနောက် သတင်း မီဒီယာတွေက ဆက်သွယ်မေးမြန်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူအနေနဲ့ သူများ (ပြည်သူ) တွေ ပြောဆိုတာကို ကြားချင်တယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြချင်၊ တိုင်တည်ချင်သူများထဲမှ မြန်မာနိုင်ငံသူ/သားတချို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း တင်ပြပေး ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ပြောပြချင်တာက ဒီအစီအစဉ်မှာ ပါဝင်သူတွေ၊ ပြောဆိုကြသူအားလုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဘယ်လောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်၊ ဂုဏ်ယူတဲ့အကြောင်းကို စတင်ပြောဆိုကြပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပျော်ရွင်စွာ နဲ့ မြန်မာပြည်သူပြည်သားတွေကို ဆက်လက် ဦးဆောင်လမ်းညွှန်မှု ပေးနိုင်ပါနိုင်ပါစေလို့ ဆုတောင်းပြော ဆိုကြပါတယ်။ ပထမဦးဆုံး ဆက်သွယ်ထားသူက မဇင်ဇင် ဖြစ်ပါတယ်။ မဇင်ဇင်က အမေရိကန် ပြည်ထောင်စုမှာ လာရောက်ပြီးတော့ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ဘွဲ့လွန်ပညာ ဆည်းပူး လေ့လာနေသူ ဖြစ်ပါတယ်။

မဇင်ဇင် ။ ။ ပြောချင်တာကတော့ အထူးသဖြင့် ကလေးပညာရေးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ ကလေးတွေ တော်တော်များများက ပညာသင်ကြားဖို့ အခွင့်အရေးတောင်မှ အထူးသဖြင့် နယ်စပ်က ကလေးတွေက မရဘူးဖြစ်နေပါတယ်။ မြို့ကြီးတွေမှာလည်း street children တွေက များလာနေပါပြီ။ တချို့တွေမှာ ဂိုဏ်းဂဏတွေဖွဲ့ပြီး ပိုက်ဆံတွေ တောင်းခံသည်အထိ ကလေးမွေးခါစမှ၊ မွေးကတည်းက ပညာသင်ကြားဖို့မပြောနဲ့ လက်လွှဲငှားရမ်းနေမှတော့ ပညာရေးက ဘယ်လိုမှ မတတ်နိုင်ကြတော့ဘူး။ နယ်စပ်ဒေသဆိုရင် ရိုးရိုးနယ်စပ်ဒေသတွေတောင် မဟုတ်ဘူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်က ကလေးတွေဆိုရင် ဟိုဘက်ကလည်း အကူအညီမပေးနိုင်၊ ဒီဘက် အစိုးရကလည်း အကူအညီ မပေးနိုင် ကြားထဲမှာ ဒုက္ခတွေ အတော်များများ ရောက်နေကြပါတယ်။ သူတို့တွေက ဟိုဘက်နိုင်ငံပြေးလိုက် refugee ဖြစ်လိုက်၊ ဒီဘက်နိုင်ငံကို ပြန်လာလိုက်နဲ့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပါတယ်။ အဲဒီ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်း သူတို့အခွင့်အရေးတွေကို အကယ်၍ ဒေါ်စုကများ တခြား အဖွဲ့အစည်းတွေကို ပြောပြပေးမယ်ဆိုရင် အကူအညီပေးမှုတွေ အများကြီး ပေါ်လာမှာပါ။

အခုဆိုရင် သူတို့အခွင့်အရေးတွေကို သတိတော့ ရကြပါတယ်။ ဒါပေမဲ့ သေသေချာချာ focus လုပ်ပြီးတော့ လုပ်ပေးနေတဲ့အဖွဲ့က အင်မတန်မှ ရှားပါးနေပါသေးတယ်။ မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်။ ဒီထက် လုပ်ပေးနိုင်မယ်ဆိုရင် ကလေးတွေက အခွင့်အရေးတွေ အများကြီး ရလာလိမ့်မယ်လို့ ထင်ပါတယ်။

နောက်တခုက အခုခေတ် ဆယ်ကျော်သက် လူငယ်တွေကအစ သုံးဆယ်ဝန်းကျင် လူငယ်တွေကို အများကြီး စွဲဆောင်ပေးစေချင်ပါတယ်။ စွဲဆောင်စေချင်တယ်ဆိုတာ နားလည်သဘောပေါက်လာအောင် federal ပြည်ထောင်စုက ဘာလဲဆိုတာကို အသေးစိတ် ပြောစေချင်ပါတယ်။

တော်တော်များများက ဖဒရယ်လို့ ဆိုလိုက်တာနဲ့ ဗမာတော်တော်များများကအစ ခွဲထွက်သွားမယ်။ ပြည်ထောင်စုကြီး ပြိုကွဲသွားမယ်လို့ ထင်နေကြပါတယ်။ အဲဒါကို အသေးစိတ် ရှင်းပြပေးနိုင်တဲ့လူ ရှားပါးနေပါ သေးတယ်။ ဘယ်လို အဓိပ္ပာယ်မျိုးလဲဆိုတာကို တိုင်းရင်းသားတွေဘက်က ပြောနေပေမဲ့ တချို့က ဗမာ လူမျိုးကြီး ဝါဒကို ကိုင်ဆောင်ပြီး (ကျမလည်း ဗမာသွေးလည်းပါ။ တိုင်းရင်းသားသွေးလည်း ပါတယ်)။ အဲဒါကြောင့်မို့ ပြည်ထောင်စုကြီး မပြိုကွဲသွားရေးကို နားလည်းထားပါတယ်။ တော်တော်များများက အသေးစိတ် နားမလည်ပါဘူး။ အဲဒီကိစ္စကို သေသေချာချာ ဒေါ်စုအနေနဲ့ ရှင်းပြပေးမယ်ဆို ပိုပြီး နားဝင် ကြမယ်လို့ ထင်ပါတယ်။

လူငယ်တွေလို့ ပြောတဲ့နေရာမှာ ရိုးရိုး ပညာတတ်လူငယ်တွေမက စစ်တပ်အသိုင်းအဝိုင်းနဲ့ လူချမ်းသာ အသိုင်းအဝိုင်းက လူငယ်တွေကို ပြောမယ်ဆိုရင် ပိုပြီးတော့ လူငယ်အင်အားစု ပြည့်ပြည့်စုံစုံနဲ့ ပါလာ မယ်လို့ ထင်ပါတယ်။ သူတို့တွေကလည်း တိုင်းပြည်တိုးတက်ကြီးပွားရေးကို လိုလားတဲ့ လူတွေရှိပါတယ်။ တချို့ကလည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းစတောင် မရှိတဲ့လူတွေဖြစ်ကြပါတယ်။ သူတို့တွေကို target ထားပြီး ရှင်းပြပေးစေလိုပါတယ်။ တချို့ကတော့ စစ်တပ်အသိုင်းအဝိုင်းမှာရှိတဲ့ လူတွေဆိုရင်၊ တိုင်းရင်းသားတွေဆိုရင် သူပုန်လို့ မြင်တဲ့လူတွေ ရှိပါတယ်။ တချို့မှာ အဲဒီအသိုင်းအဝိုင်းက မဟုတ်ပေမဲ့ သာမန်အရပ်သူအရပ်သားတွေက တိုင်းရင်းသား၊ တိုင်းရင်းသူတွေက ဗမာ - သေချာ မသိမြင်ဖူးကြဘူး ဖြစ်ပါတယ်။ မုန်းတီးနေကြတယ်လို့ ထင်ကြသူတွေ ရှိပါတယ်။

ဒါကြောင့်မို့ သူတို့တွေ ဒီအတိုင်း နေနိုင်ကြရဲ့နဲ့ ဘာလို့ ခွဲထွက်ပြီး တောင်းချင်တာလဲလို့ တွေးကြသူတွေ ရှိကြပါတယ်။ နောက်ဆုံး အဓိက ကတော့ လူငယ်တွေကို နားလည်လာနိုင်အောင် သူတို့ နားထောင်ချင် လောက်တဲ့ ခေါင်းဆောင်တယောက်က ရှင်းပြပေးမယ်ဆိုရင် ပိုပြီးလူငယ်တွေက တက်တက်ကြွကြွနဲ့ ပြည်ထောင်စုကြီးကို ကောင်းမွန်တိုးတက်သာယာရေးကို ပိုပြီးပါဝင်လာမယ်လို့ ထင်ပါတယ်။ အခုက လူငယ်တွေပါဝင်မှု အားနည်းနေတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မဇင်ဇင် ပြောဆိုပြီးနောက် Burma VJ လို့ ခေါ်တဲ့ သံဃာအရေးတော်ပုံ (သို့) ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သူ။ Hollywood ရုပ်ရှင် Oscar ဆု ထည့်သွင်း မှတ်တမ်းပြုခြင်း ခံရတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ သူကတော့ ဗွီဒီယိုသတင်းထောက် ကိုအောင်ထွန်း ဖြစ်ပါတယ်။

ကိုအောင်ထွန်း ။ ။ အဓိကတော့ အန်တီသိသလို နည်းပညာပိုင်း။ နောက်တခုက ပြီးခဲ့တဲ့ မိန့်ခွန်းမှာ ထောက်ပြသွားတဲ့ ပညာရေး။

ပညာရေးပိုင်းမှာ အားနည်းတဲ့အတွက်ကြောင့် အသိဉာဏ်ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေးပိုင်းမှာ အားနည်းတယ်ဆိုတဲ့ အကြောင်းပါ။ အဓိက ကျနော့်အတွေ့အကြုံအရ (၇) နှစ်ကာလအတွင်းမှာ အန်တီ့အနေနဲ့ မီဒီယာပိုင်းကို ဇောက်ချလုပ်ကိုင်လာတဲ့အခါကျတော့ မီဒီယာကို သုံးတတ်ရင်သုံးတတ်သလောက် အစွမ်းထက်တဲ့ လက်နက် ကရိယာတခုလိုလို့ ကျနော် သတိထားမိတယ်။ တဘက်မှာလည်း မီဒီယာက နှစ်ဖက်သွားဓားလိုပဲ မသုံးတတ်ရင် ကိုယ့်လက်ကို ကိုယ်ပြန်ရှမယ့် အနေအထားရှိတယ်။ အန်တီ ပြောသလိုပဲ- ဒီ သတင်း နည်းပညာတွေဖြစ်တဲ့ မိုဘိုင်းတယ်လီဖုန်း၊ အင်တာနက်တို့နဲ့ နိုင်ငံတကာကို ဆက်သွယ်မယ်လို့ ပြောခဲ့သလို အဲဒါကို ပိုပြီး ထိထိရောက်ရောက် အမြန်ဆုံး သုံးနိုင်အောင်လို့။

ဘာဖြစ်လို့လဲဆိုတော့ ဒီ စစ်အစိုးရက အန်တီ့ကို ပြန်ဖမ်းမလားဆိုတာ ကျနော်တို့ အမြဲစိုးရိမ်နေရတဲ့ကိစ္စ၊ လွတ်မြောက်လာတဲ့ ကာလအတွင်းမှာ တက်နိုင်သမျှ ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ နိုင်ငံတကာကို ဆက်သွယ်ဖို့ကိစ္စကို တခု လုပ်စေချင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၃ ကာလမတိုင်ခင်နဲ့ အန်တီ အကျယ်ချုပ် ကျနေတဲ့ ကာလနဲ့ ယှဉ်လိုက်ရင် သတင်းနည်းပညာက ဗမာပြည်မှာ အတော်ပြောင်းလဲသွားပါပြီ။

အရင်ကာလတွေတုံးက အန်တီ ခရီးတွေသွားတယ်။ မြန်မာပြည်အနှံ့ ခရီးတွေသွားတယ်။ ကျနော်တို့ မလိုက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သတင်းတွေကို ရေဒီယိုတို့ကတဆင့် ပြန်ကြားရတယ်။ စစ်အစိုးရ ထိန်းချုပ်ထား တဲ့ ပြည်တွင်းမီဒီယာတွေမှာ တခုမှ မတွေ့ရဘူး။ မြန်မာပြည်ထဲက လူတွေက အန်အယ်လ်ဒီ ဘာလုပ်နေ သလဲ။ ဘယ်လိုတွေလုပ်နေသလဲဆိုတာကို ရေဒီယိုထဲကပဲ သိခဲ့တယ်။

အန်တီ အကျယ်ချုပ်ကျတဲ့ ကာလကစပြီး မြန်မာပြည်ထဲမှာ ဒီဗွီဘီ လို တီဗွီသတင်းဌာနတွေ ပေါ်လာ တယ်။ တခြားသတင်းမီဒီယာတွေလည်း ပေါ်လာတယ်။ လူတွေက seeing is believing မြင်မှယုံမယ် ဆိုတဲ့ အခါကျတော့ အဲဒီလို သတင်းမီဒီယာတွေကို ပိုအသုံးတည့်တယ်၊ အစွမ်းထက်တယ်။ လူတွေ အားလုံးထံ ရောက်မယ့် မီဒီယာမျိုးကို သုံးပြီးတော့ အန်တီပြောချင်တဲ့ နိုင်ငံရေး အမှာစကားတွေဖြစ်ဖြစ်၊ ပညာရေးတွေ ဖြစ်ဖြစ် အားလုံးကို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကိုအောင်ထွန်းနောက် ပြောဆိုမယ့်သူက မခင်မမမျိုး ဖြစ်ပါတယ်။ မခင်မမမျိုးဟာ လန်ဒန် တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံရပ်နဲ့ မဟာဗျူဟာလေ့လာရေးဘာသာရပ်တို့ကို လေ့လာဆည်းပူး နေတဲ့ ကျောင်းသူ ဖြစ်ပါတယ်။

မခင်မမျိုး ။ ။ ပထမဦးဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို အန်တီက ခေါ်ထားရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှာ ကျမအမြင်က စေ့စပ်ဆွေးနွေးရေးက အဓိက ကျတယ် လို့ မြင်ပါတယ်။ အဲဒီမှာ အရေးကြီးဆုံးက စစ်အုပ်စုကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ရောက်လာအောင် ဘယ်လိုခေါ်ဆောင်ကြမလဲဆိုတာက ပိုအရေးကြီးပါတယ်။ အဲဒီမှာမှ အချက် (၃) ချက်က ထည့်သွင်း စဉ်းစားစရာလို့ မြင်ပါတယ်။

ပထမ တချက်ကတော့ ချဉ်းကပ်တဲ့ နည်းလမ်းပါ။ စစ်အုပ်စုရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကို ပြန် ဆန်းစစ်ပြီးတော့ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုပိုင်းကျရင် ဘယ်လို အကောင်အထည် ဖော်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူတို့တွေကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ခေါ်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။

ဒုတိယတချက်က စစ်အုပ်စုကို စေ့စပ် ဆွေးနွေးလာအောင် ဘယ်လိုတွန်းအားပေးမလဲ။ တွန်းအားပေးတဲ့ နေရာမှာ တကယ်လို့ စေ့စပ်ဆွေးနွေးပွဲ လုံးဝမဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် စေ့စပ်ဆွေးနွေးပွဲက တပိုင်းတစနဲ့ ရပ်သွားခဲ့ရင် ဘာတွေလုပ်မလဲဆိုတဲ့ စီမံချက်တွေရှိခဲ့တယ်ဆိုရင် ဒီစီမံကိန်း အားကောင်းရင် အားကောင်း သလို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို စစ်အုပ်စုကို တွန်းပို့နိုင်တယ်မယ်လို့ မြင်ပါတယ်။

တတိယအချက်ကတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက စေ့စပ်ဆွေးနွေးရေးကို တောင်းဆိုနေတဲ့အချိန်မှာ တခြား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နယ်ပယ်မှာ ရှိနေကြတဲ့ လူအများ ရိုသေလေးစားခံရတဲ့ ခေါင်းဆောင်တွေကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်ပြီး တသံတည်း စုစည်းပြီးတော့ တောင်းဆိုနိုင်မယ့် ကော်မရှင်တွေ ဖွဲ့စည်းထားမယ်ဆိုရင် တပြိုင်နက်တည်းမှာ စေ့စပ်ဆွေးနွေးရေးအတွက် အကျိုးရှိမယ်လို့ မြင်ပါတယ်။

အဲဒီ တချိန်တည်းမှာပဲ လူထုကြားထဲမှာ လှုပ်ရှားပါဝင်နေကြသူများက အားလုံးက အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို လူအများက အားလုံးက ကြိုဆိုထောက်ခံပြီး ဝိုင်းဝန်းတောင်းဆိုကြ မယ်ဆိုရင် ဒီအချက်သုံးချက် ချည်းကပ်နည်း၊ ဦးဆောင်မှုနဲ့ တွန်းအားသုံးခု ညီမယ်ဆိုရင် န.အ.ဖ စစ် အုပ်စုကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ခေါ်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင် အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ပုဂ္ဂိုလ်တဦးကတော့ သံဃာတော် တပါးဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် ပါဝင်လှုပ်ရှားနေတဲ့ သံဃာတပါး ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ ကိုယ်တိုင်စည်းရုံးရေးလုပ်ကိုင်နေတယ်လို့ သိရှိရပါတယ်။

သံဃာတော် ။ ။ ပြည်သူရဲ့အသံကို နားထောင်ခဲ့တာ နှစ် (၂၀) ကျော်ခဲ့ပြီ။ နအဖ ဆွဲထားတဲ့ လမ်းစဉ် အတိုင်း သွားနေတာ လမ်းစဉ် (၇) ရပ်မှာ (၅) ရပ်ပြီးသွားပြီ။ ခြောက်ချက်နဲ့ ခုနှစ်ချက်က ခဏလေးဆို အကောင်အထည်ဖော်ပြီး ဘာမှလုပ်လို့ ရမှာမဟုတ်တော့ဘူး။

အဲဒီအချက် (၂) ချက် အကောင်အထည် မဖော်ခင်မှာ နံပါတ်တစ် လုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်တို့ စီအာပီပီကို အဖွဲ့ဝင်တွေ တိုးချဲ့ပြီးတော့ အစိုးရအဖွဲ့သစ် ကြေညာဖို့ အရေးကြီးတယ်။ အစိုးရသစ်ရှိပြီး လူထုတွေက လိုလားနေကြတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးက လိုလားနေကြတယ်။ အဲဒါ နံပါတ်တစ် အရေးကြီးဆုံးပဲ။ ဘာမှ ပြည်သူတွေရဲ့အသံတွေကို လိုက်ပြီး နားထောင်နေစရာ မလိုတော့ဘူး။ ပြည်သူတွေကြားထဲကိုသွားပြီး ဟိုပြည်နယ်သွား ဒီပြည်နယ် သွား လိုက်ပြီး စည်းရုံးရေး ဆင်းစရာမလိုတော့ဘူး။ အဲဒီလို ဆင်းနေရင် ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးရေး ဆင်းတဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းအရေးအခင်းမှာ လုပ်ကြံခံရတာကို သင်ခန်းစာ ယူဖို့ သင့်တယ်။ လုပ်သင့်လုပ်ထိုက်တာကို အမြန်လုပ်ဖို့ပဲ ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ပြောဆိုထားသူကတော့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော် ဖြစ်ပါတယ်။ အများသိရှိတဲ့အတိုင်း ၈၈ အရေးအခင်းကာလမှာ ပြည်သူတွေဘက်ကို ဝင်ရောက် ခိုလှုံလာသူ ဖြစ်ပါတယ်။

ဗိုလ်ကြီးစိုင်းဝင်းကျော် ။ ။ အန်တီရဲ့လုပ်ဆောင်မှုတွေ၊ စွန့်လွှတ်မှုတွေကို ကမ္ဘာနဲ့ မြန်မာပြည်သူလူထု အားလုံးက မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့မရ၊ တိုက်ယူမှ ရတယ်ဆိုပေမယ့် အန်တီက မြန်မာပြည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ တန်တူညီမျှရေးအတွက် ကိုယ့်ကို နှစ်ရှည်လများ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ စစ်အစိုးရခေါင်းဆောင်များ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ရသွားတဲ့ ကြံ့ဖွံ့ပါတီအပါအဝင် မြန်မာပြည် ဒီမိုကရေစီ လိုလားသူ မည်သူနဲ့မဆို လက်တွဲ အလုပ်လုပ် နိုင်ကြောင်း၊ လက်တွဲအလုပ်လုပ်လို့ စကားပြောဆိုလိုကြောင်း စိတ်စေတနာ မှန်ကန်မှုနဲ့ ဖြောင့်မတ် ရိုးသားမှု သာ ရှိဖို့ အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုလို့ အန်တီရဲ့ သဘောထားကြီးမှု၊ အမျှော်အမြင်ကြီးမှုတွေကို ကျနော် လေးစားမိပါတယ်။

ထပ်သတိပေးပါရစေ - အန်တီက မြန်မာလူထုတရပ်လုံးအတွက် အင်မတန်မှ ရှားပါးကြီးမြတ်တဲ့ မျှော်လင့်ချက် ရောင်ခြည်ဖြစ်လို့ သတိဆိုတာကို မပေါ့စေချင်ပါဘူး။ အာဇာနည်မျိုးမို့ မကြောက်တတ်ဘူး၊ အာဇာနည်မျိုး သေရိုးမရှိ ဆိုပေမဲ့ လုံခြုံရေးကို အန်တီ့အတွက်ရော မြန်မာပြည်သူတရပ်လုံးအတွက်ပါ ဂရုစိုက်စေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ချင်သူတွေ ပြောချင်သူတွေ သိန်းသန်းမက ရှိနေ ပါတယ်။ အဲဒီအထဲက လက်လှမ်းမီသမျှ လူငယ်အချို့ကို ဆက်သွယ်မေးမြန်း တင်ပြထားခြင်း ဖြစ်ပါတယ်။

XS
SM
MD
LG