သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗမာစစ်အုပ်စု


ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗမာစစ်အုပ်စု
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗမာစစ်အုပ်စု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ ဒီမိုကရေစီ လိုလားသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်သလို ဗမာစစ်အစိုးရလည်း အကျိုးခံစားရတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ မဲလိမ်မှုနဲ့ မသမာတွေကို အပြည်ပြည်ဆိုင်ရာက ပြစ်တင်ရှုတ်ချနေတုန်းမှာ ဒေါ်စုကို လွှတ်ပေးတဲ့အတွက် မသမာတဲ့ ရွေးကောက်ပွဲကနေ ချက်ချင်းအာရုံ ပြောင်းသွားတာ တွေ့ရပါတယ်။ ဒေါ်စု လွတ်မြောက်တဲ့ သတင်းဟာ မသမာတဲ့ ရွေးကောက်ပွဲသတင်းကို လွှမ်းမိုးသွားပါတယ်။ သရုပ်ပျက် ရွေးကောက်ပွဲကို ကမ္ဘာ့က အာရုံမစိုက်တော့ဘဲ ဒေါ်စု လွတ်မြောက်တဲ့သတင်းနဲ့ ဒေါ်စုနဲ့ ပြောဆိုချက်တွေကိုသာ အာရုံစိုက်လာတာဟာ စစ်အုပ်စုအတွက် အမြတ်ထွက်တဲ့သဘော ဖြစ်နေပါတယ်။

ဒီလိုနဲ့ပဲ မသမာတဲ့ ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံရတဲ့အဖြစ် ရောက်သွားတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ဒီမိုကရေစီအရေးဟာ ကမ္ဘာ့အရေးလို ဖြစ်သွားရတာလို့ စစ်အုပ်စုက သုံးသပ်ပုံရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလခေတ် (၂၆) နှစ်မှာ အရပ်သားတွေကို ရာနဲ့ချီပြီး သတ်ဖြတ်တာတွေ ရှိခဲ့ပေမယ့် နိုင်ငံခြားက အရေးမယူတဲ့အပြင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ရောက်မှ အမေရိကန်နဲ့ ဥပဒေက ဒဏ်ခတ်အရေးယူနေတာဟာ ဒေါ်စုရဲ့ စနက် ဖြစ်တယ်လို့ စစ်အုပ်စုက ယူဆထားပုံရပါတယ်။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြား အလိုတော်ရိလို့ စွပ်စွဲပြီး ဒေါ်စုမပါတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါမှ စိတ်ကြိုက်နိုင်ငံရေး လုပ်နိုင်မယ်လို့ စစ်အုပ်စုက ယုံကြည်နေပုံ ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း မသေမီ ဗိုလ်ချုပ်မှုးကြီးစောမောင် လက်ထက်ကလည်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး ကို NLD ပါတီက ထုတ်ပယ်ပေးရတဲ့အထိ အကြပ်ကိုင်ခဲ့ဖူးပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင် မဆလခေတ်အတိုင်း စစ်ဗိုလ်၊ စစ်ဗိုလ် လူထွက် နဲ့ လက်ပါးစေ အရပ်သား ပူးပေါင်းပြီး စိတ်ကြိုက် အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ နောက်လိုက်တွေက ယူဆထားပုံရပါတယ်။

အသိဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ သီလသမာဓိရှိပြီး လူထုထောက်ခံမှုရရှိတဲ့ ဒေါ်စုဟာ ကမ္ဘာ့ခေါင်းဆောင် အဆင့်ကို ရောက်နေတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ပိတ်ပင်ထားတာဟာ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာက ဖိအားပေးတာကို တုံ့ပြန်တဲ့အနေနဲ့ ဆက်သွယ်ရေး ဝန်ကြီးခန့်ထားတာဟာ သဘာဝမကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ အရင်ကလည်း ဒေါ်စုကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးတာ မဟုတ်တဲ့အတွက် ဒီတခါလည်း တွေ့ဆုံဆွေးနွေးဖို့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ စစ်အုပ်စုဟာ မိမိအာဏာတည်မြဲမှာကို ယုံကြည်စိတ်ချတဲ့အတွက် ဒေါ်စုကို လွှတ်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ သူတို့ရဲ့ အာဏာ တည်မြဲရေးကို အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်လာတဲ့အချိန်မှာ ဒေါ်စုကို ဖမ်းဆီးထိန်းသိမ်းဦးမှာ ဖြစ်တယ်လို့ အစဉ်အလာကို ကြည့်ပြီး သုံးသပ်ကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘဲ အနုနည်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းလိုသူဟာ စစ်အုပ်စုနဲ့ လက်တွဲလုပ်ကိုင်နိုင်ရပါလိမ့်မယ်။ တိုင်းပြည်အတွက် ဘယ်သူနဲ့မဆို လက်တွဲလုပ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ ဒါပေမဲ့ လက်နက်အားကိုးပြီး လူထုကို ဖိနှိပ်တဲ့နည်းနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်း ယုံကြည်လာမှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် ပြဿနာကြီးမားလာမယ်လို့ စစ်ခေါင်းဆောင်ပိုင်းက နားလည်သဘောပေါက်မှသာ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။ မကျေနပ်လို့ ဆန္ဒပြတဲ့ ပြည်သူလူထုကို ပစ်သတ်နေလို့ ပြဿနာပြေလည်မှာ မဟုတ်ဘူးဆိုတာကို စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာ အာဏာရှင်မှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။

ဒီလို အခြေအနေ ရောက်လာနိုင်အောင် ကြိုးပမ်းတာကို လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုတခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ အထက်က အမိန့်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နေရာမှာ ဘရာဇီးနိုင်ငံဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတာတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအစိုးရ ဖွဲ့စည်းနိုင်တာတောင် အခွင့်ထူးခံလူတစု သြဇာအာဏာရှိနေတုန်းပဲလို့ ဘရာဇီး ပါမောက္ခ ပင်ညဲရိုး က ဆိုပါတယ်။ ဒီမိုကရေစီ အစိုးရ ကျင့်သုံးနေပေမယ့် အာဏာရှင်စနစ်ဟောင်းရဲ့ လောင်းရိပ်အောက်က မထွက်နိုင်တဲ့နေရာတွေ အများကြီး ရှိနေတာကို ထောက်ပြထားပါတယ်။

ဘရာဇီးစစ်အစိုးရဟာ အာဏာကို နည်းနည်းလေးတောင် ခွဲဝေပေးဖို့ စိတ်မကူးတာကြောင့် တဖြည်းဖြည်း တရွေ့ရွေ့နဲ့ တိတ်တဆိတ် လုပ်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့တောင် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရပ်သားအဖွဲ့အစည်း NGO တသီးပုဂ္ဂလ အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ရှင်သန် လာတာဟာ ဘရာဇီး ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ လက္ခဏာပဲလို့ ပင်ညဲရိုး က သုံးသပ် ထားပါတယ်။ မြန်မာပြည်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူ့ကွန်ဂရက် ပေါ်ထွက်လာပြီး အရပ်သား အဖွဲ့တွေ ရှင်သန်လာမယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။

XS
SM
MD
LG