သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပြဿနာ ဖြေရှင်းပြေလည်ရေး အလားအလာ


တိုင်းရင်းသားပြဿနာ ဖြေရှင်းပြေလည်ရေး အလားအလာ
တိုင်းရင်းသားပြဿနာ ဖြေရှင်းပြေလည်ရေး အလားအလာ

ဒီတပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က သုံးသပ်နေကြပါတယ်။ အထူးသဖြင့် မြန်မာအစိုးရဝန်ကြီးတဦးနဲ့ ဒီရက်အတွင်း တွေ့ဆုံဖြစ်ခဲ့သူတွေဆီက ဒီအဖြစ်မျိုးကို ကြားနေရတာ ဖြစ်ပါတယ်။ ဒီအရေးကိစ္စနဲ့ ပတ်သက်လို့ ချင်းအမျိုးသားကောင်စီ (CNF – Chin National Front) က ဒေါက်တာရွှေခါး၊ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါက်တာရွှေခါး ကို မေးချင်ပါတယ်။ ဒေါက်တာရွှေခါး က CNF ရဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အခု တွေ့ဆုံဆွေးနွေးမှုဟာ နောက်ဆုံး အာဏာပိုင်ဖက်က ပုဂ္ဂိုလ်တွေနဲ့ latest တွေ့ဆုံမှု ဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံမှုကို ဘယ်လိုမြင်ပါသလဲ။ လွှမ်းခြုံပြီးတော့ သုံးသပ်ရရင် အပြုသဘောဆောင်ပါသလား။ Positive ဖြစ်ပါသလား။ အခက်အခဲတွေ အများကြီး တွေ့ရပါသလား။ မပြေလည်မှုတွေ တွေ့ရပါသလား။ ဒီတွေ့ဆုံခဲ့တဲ့အပေါ်မှာ အကြမ်းမျဉ်း သုံးသပ်ပေးပါ။ ခပ်တိုတိုလေး။

ဒေါက်တာရွှေခါး ။ ။ ကျနော့်အမြင်ကတော့ positive ဖြစ်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ တွေ့ဆုံတဲ့ ဝန်ကြီးကလည်း ဒဲ့ဒိုးပြောတတ်ပါတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်း ရှိတယ်။ ရင်းရင်းနှီးနှီးနဲ့ ကျနော်တို့ကို လာရောက်တွေ့ဆုံတော့။ ပြီးတော့ ကျနော်တို့ သိချင်တာမှန်သမျှ၊ မေးချင်တဲ့မှန်သမျှကို သူက စိတ်ရှည်ရှည်နဲ့ ရှင်းပြတာမျိုးတွေ။ ဖြစ်နိုင်တဲ့ဟာမျိုးကို ဖြစ်နိုင်တယ်။ မဖြစ်နိုင်တဲ့ဟာကိုတော့ ဟာအဲဒါကတော့ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တော့ ကျနော်ထင်တယ် ဒီလူသာ ကျနော်တို့ဆက်သွားရင် ဖြစ်နိုင်စရာအကြောင်း ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သူဟာ ဒဲ့ဒိုးပြောတတ်တယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးပြောတယ်ဆိုရင်တော့ မဖြစ်နိုင်တာက စပြောရအောင်ပါ။ သိပ်ပြီးတော့မှ လူတွေကြိုက်ချင်မှကြိုက်မယ်။ အဓိက မဖြစ်နိုင်တာ ဘာလို့ဆိုပါသလဲ။

ဒေါက်တာရွှေခါး ။ ။ မဖြစ်နိုင်တဲ့ဟာက သူ့အနေနဲ့ မလုပ်နိုင်တဲ့ဟာကိုတော့ သူကပြောတယ် ဒါကတော့ သမ္မတဆီကို တင်ပြအုံးမယ်ဆိုပြီး ပြောတယ်။ လွယ်လွယ်နဲ့ ကျနော်တို့ကို ဒါကတော့ ဖြစ်နိုင်ပါတယ်လို့ မပြောဘူး။ ဥပမာ ကျနော်တို့က ဒီတခုပြောတာကတော့ cessation of hostility ကို လုပ်သင့်တယ်ဆိုတော့ ဒါကတော့ ကျနော် အထက်ကိုတင်ပြပေးပါမယ်လို့ ပြောတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေးကိစ္စပေါ့။

ဒေါက်တာရွှေခါး ။ ။ တနိုင်ငံလုံး အပစ်ရပ်ရေး - သူတို့ဘက်က စလုပ်ဖို့ ကျနော်တို့က လုပ်တာပါ။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေးကိုပေါ့။ Hostility ဆိုတာ အပစ်အခတ်ရပ်စဲရေးကို အဓိကပြောတာပေါ့။

ဒေါက်တာရွှေခါး ။ ။ Cessation of hostility က ဘယ်လိုပြောမလဲ အပစ်အခတ်ရပ်စဲရေးအပါအဝင် ပဋိပက္ခ ဖြစ်ပွါးမယ့်။ အမုန်းတွေဖြစ်ပွါးမယ့် ကိစ္စတွေအားလုံးကို ရပ်ဖို့ကိစ္စပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒါကို သူတို့ဘက်က စပြီးလုပ်ပါဆိုတာကို သူတို့က သမ္မတကို တင်ပြရမယ်ဆိုတဲ့ သဘောပေါ့။

ဒေါက်တာရွှေခါး ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ဆရာဦးခွန်ဆိုင်း … ဆရာကတော့ သတင်းသမားအနေနဲ့ အဲဒီ ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရတဲ့ ကံထူးတဲ့ သတင်းသမားတယောက်ပေါ့။ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရဝန်ကြီးတို့ ဆွေးနွေးပွဲကို ဦးခွန်ဆိုင်း က အကောင်းမြင်ပါသလား။ အလားအလာကောင်းလို့ ထင်ပါသလား။

ဦးခွန်ဆိုင်း ။ ။ ကောင်းတဲ့အခြေအနေလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးသိန်းစိန်တို့ကလည်း အခု ရှင်းရှင်းပြောရင် မဟာမိတ်တွေ ပြုနေကြပြီ။ အရင်ကလို ၁၉၈၉ နဲ့ မတူကြဘူး။ ၁၉၈၉ မှာဆိုရင် စစ်အစိုးရက စစ်မျက်နှာကို ရင်ဆိုင်နေရတယ်။ မြို့တွင်းနဲ့ မြို့ပြင်ကနေ ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်။ အခုကြတော့ မြို့တွင်းက ဆူပူလှုပ်ရှားမှု ဆန့်ကျင်မှုဆိုတာတွေ သူတို့က အများကြီးဖြေရှင်းနိုင်ပြီ။ ဒေါ်စုနဲ့ ပေါင်းလိုက်ပြီဆိုတော့။ အခုတော့ ကျနော်တို့ မြို့ပြင်ဘက်မှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပဲ ကျန်တာပေါ့။ ဒီတပ်ဖွဲ့တွေပဲ ကျန်တဲ့အခါကြတော့ သူတို့ကို လာရောက်ဆွေးနွေးခြင်းဆိုတော့ နိုင်ငံတနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ အလားအလာအများကြီးကောင်းတယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ဆိုင်း က ဒေါ်အောင်ဆန်းစုကြည် နံမည်ပြောလို့ တဆက်တည်း မေးချင်တာက။ အစကတော့ သုံးပွင့်ဆိုင်ဆိုပြီး တိုင်းရင်းသားတွေ ပြောကြတယ်။ တိုင်းရင်းသားတွေ၊ အာဏာပိုင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရယ်ဆိုပြီး သုံးပွင့်ဆိုင်ဆိုတဲ့ တောင်းဆိုချက်၊ ကြွေးကြော်ချက်က ဘယ်ရောက်သွားသလဲ ဒေါက်တာရွှေခါး။

ဒေါက်တာရွှေခါး ။ ။ ကျနော်တို့ အခုက ပြောရရင် သုံးပွင့်ဆိုင်ဆိုတဲ့ဟာက issue ကတော့ အခုထက်ထိကို relevant ဖြစ်သေးတယ်။ ဥပမာ ကျနော်တို့ တိုင်းရင်းသား issue, ဒီမိုကရေစီ issue, ပြီးတော့မှ စစ်တပ်ရဲ့ အခန်းကဏ္ဍ။ ဒီသုံးခုစလုံးက မဆွေးနွေးလို့ မရတဲ့ဟာဖြစ်တယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို ဘယ်သူတွေက ကိုယ်စားပြုပြီး ဆွေးနွေးကြမယ်ဆိုတဲ့ ကိုယ်စားပြုမှုကတော့ အရင်တုန်းကလို့ ဟုတ်ခြင်းဟုတ်မှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းလဲလာပြီကို။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ဆိုင်း ကို နောက်တခုမေးချင်တာကတော့ သူတို့ဆွေးနွေးပွဲမှာ ပြေလည်မှုရဖို့အတွက် အဓိက အခက်အခဲက ဘာလို့ ဦးခွန်ဆိုင်း မြင်ခဲ့ပါသလဲ။

ဦးခွန်ဆိုင်း ။ ။ အခု ဆွေးနွေးတဲ့နေရာမှာတော့ အခုလောလောဆယ် ကျနော်က SSA ကို ကြည့်ရတာပေါ့။ SSA အတွက်ကတော့ အထူးအခက်အခဲဆိုတာ အခုလောလောဆယ် ပထမအဆင့်မှာတော့ မမြင်ရသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး။ နောက်တချက်က ဘာလဲဆိုတော့ အပြန်အလှန် ဆက်သွယ်ရေးရုံးတွေ ဖွင့်ရေး။ နောက်ပြီးမှ အစိုးရ control လုပ်ထားတဲ့ နယ်မြေထဲဝင်သွားပြီဆိုရင် လက်နက်မပါဘဲ သွားလာရေး။ နောက်ပြီးတော့ နောက်ထပ်တဆင့် အဆင့်မြင့် ဆွေးနွေးဖို့ နေရက်အချိန်အခါ နေရာသတ်မှတ်ရေး။ ဒီဥစ္စာက ပထမအဆင့်ဖြစ်တဲ့အတွက် အခက်အခဲ မရှိပါဘူး။ ဒီ လေးချက်စလုံးကို ကြည့်လိုက်မယ်ဆိုရင် ဘာမှအခက်အခဲ မရှိဘူးပေါ့။ သို့သော် ဒုတိယအဆင့်ကြတော့ ဘာဖြစ်မလဲဆိုတော့ အဆင့်မြင့် ဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ အဲဒီအခါမှာတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကြောင်းတွေ ဆွေးနွေးကြမယ်။ ဒီကိစ္စက တော်တော်လေး အကြိတ်အနယ်ပြောရမယ့် အဆင့်ဖြစ်တယ်။ အဲဒီလို ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ပြဿနာမှာ သမ္မတ ဦးသိန်းစိန်ကလည်း ဘာလီမှာ သတင်းသမားတွေနဲ့ တွေ့ဆုံတော့ သူပြောပါတယ်။ အရှေ့ဘက်ပိုင်း ရှမ်းပြည်မှာတော့ သေနတ်သံ မရှိတော့ပါဘူး။ ဒါပေမဲ့ ကချင်နဲ့ကိစ္စကတော့ ကြာမယ်လို့ ပြောပါတယ်။ ဆိုတော့ အခု တိုင်းရင်းသားတချို့က ပြေလည်တဲ့သဘောကို ပြောနေကြတယ်။ ကချင်ကိစ္စကို ချန်ထားခဲ့ကြမလား။ အစကတော့ အကုန်လုံး တပေါင်းတစည်းတည်း ဆွေးနွေးမှုရမှ ဆွေးနွေးမယ်လို့ ပြောထားကြတာဖြစ်တယ်။ ဆိုတော့ ကချင်ကိစ္စကို ဘယ်လိုလုပ်ထားကြမလဲ။ ဒေါက်တာရွှေခါး စပြောပါခင်များ။

ဒေါက်တာရွှေခါး ။ ။ ကျနော်တို့ ဒီတခေါက် ဝန်ကြီးနဲ့ သွားတွေ့တော့လည်း ကေအိုင်အိုကိုယ်တိုင် ဗိုလ်ချုပ် ~ ကိုယ်တိုင်လာပြီးတော့ ဆွေးနွေးတယ်။ ဘယ်လိုဖြစ်သလဲ။ ဘာဖြစ်လို့ ဒီလို တိုက်ပွဲဖြစ်ရတာကို သူတို့ ရှင်းရှင်းလင်းလင်း ပြောပြတယ်။ ဆိုတော့ ကျနော် သိရသလောက်ဆိုလိုရှိရင် ဝန်ကြီးကလည်း ဖြစ်ရပ်မှန်ကို သိသွားတော့ ဒီကိစ္စကို သမ္မတဆီကို အသေးစိတ် တင်ပြမယ်လို့ သူကပြောပါတယ်။ ဆိုတော့ ကျနော် မျှော်လင့်တာကတော့ မကြာခင်မှာပဲ ကချင်ကိစ္စနဲ့ ပတ်သက်လို့ ထူးခြားမှုတခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ ကချင်ပိုင်းကို ဒီနေ့မခေါ်တာကတော့ အစိုးရဘက်ကလူလည်း မပါဘူး။ အဓိက ဖြစ်နေတာက သူတို့ နှစ်ဘက်မှာဆိုတော့ သူတို့နှစ်ဘက်စလုံး မပါဘဲနဲ့ တိုင်းရင်းသားဘက်က ဆွေးနွေးခဲ့တယ့်သူနဲ့ သတင်းသမားဆိုပြီး ဆရာတို့နှစ်ယောက်ကို ကျနော်က ဖိတ်တာဖြစ်ပါတယ်။ ဦးခွန်ဆိုင်း … စောစောကတခုကို ပြောရမယ်ဆိုရင် တိုင်းရင်းသားပြဿနာ ပြေလည်ရေးကတော့ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ hostility ရန်ဆောင်တဲ့ အပြုအမှုတွေပဲ ဆိုကြပါစို့။ အပစ်အခတ်ရပ်စဲရေးမှာ။ အဲဒါတွေကို ရပ်စဲမဲ့ကိစ္စတွေကို ဆွေးနွေးကြတယ်။ မူအားဖြင့်က ဖွဲ့စည်းပုံအခြေခံမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဓိကပြောရမယ်ဆိုရင် တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်တယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် လိုချင်တယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ အနိုင်ကျင့်မှုကို မလိုချင်ဘူး စသဖြင့် ကျနော်တို့ မကြာခဏ ကြားနေရပါတယ်။ အဲဒီ issue တွေကို ဆွေးနွေးမယ့်ကိစ္စက ဘယ်အခါမှ ရောက်လာမယ် ထင်ပါသလဲ။ ဘယ်အခါမှာ ပါလာမလဲ။

ဦးခွန်ဆိုင်း ။ ။ ကျနော်တို့ ဆွေးနွေးပွဲ စကတည်းက ဦးအောင်မင်း က ကျနော်တို့ကို ပြောပါတယ်။ သူလာပြောတာက အကုန်လုံးက သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရယူဖို့။ နံပါတ် နှစ်ကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြီး သဘောတူညီချက် ရယူဖို့။ တတိယအဆင့်ကတော့ ဒီဥစ္စာဟာ နိုင်ငံရေးအဆင့်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးကို ဆွေးနွေးဖို့အတွက်ကြတော့ ဆွေးနွေးပြီးမှ ပြည်လုံးကျွတ် နှီးနှောဖလှယ်ပွဲ Conference ကြီးကို ကျင်းပဖို့ရန် စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ပြီး လုပ်ဆောင်သွားရန် ရည်မှန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ လွှတ်တော်ကိုပြောတာ မဟုတ်ဘူးပေါ့။

ဦးခွန်ဆိုင်း ။ ။ လွှတ်တော်ကိုပြောတာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရွှေခါးတို့ သဘောထားကိုလည်း သိချင်ပါတယ်။ ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ မကျေနပ်တာ။ အဲဒီကိစ္စကို ဘယ်လိုနားလည်းထားပါသလဲ။ ဦးခွန်ဆိုင်း ပြောသလို နေပြည်တော်မှာ ပြည်လုံးကျွတ် ကွန်ဖရန့်လုပ်မယ်…

ဒေါက်တာရွှေခါး ။ ။ ဟုတ်တယ်။ ကျနော်တို့ KNPP က မေးပါတယ် ဝန်ကြီးကို။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရလားဆိုတော့ ဝန်ကြီးကပြောတာကတော့ ဒါက လူတွေလုပ်တာ။ ပြင်လို့ရပါတယ်။ အခုတောင် ကြည့်ပါလား - အန်အယ်လ်ဒီ ပြန်ပြီးတော့ မှတ်ပုံတင်နိုင်ဖို့ ကျနော်တို့ ပြင်လိုက်တာပဲ။ ဒါက မပြင်နိုင်စရာ အကြောင်းမရှိဘူးလို့ သူပြောတယ်။ နောက် ဒီနေ့မှာလည်း အားလုံးသိတဲ့အတိုင်း Bangkok Post မှာပြောတယ် တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပိုနိုင်လာတယ်။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ် ပိုများလာမယ်ဆိုလို့ရှိရင် အဲဒီမှာ ပိုပြီးတော့တောင် ပြင်ဆင်လို့ရမယ်ဆိုတာကို ပြောပြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ဆိုင်း ကို နောက်ဆုံးမေးချင်တာက ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ SNLD ရဲ့ ခေါင်းဆောင် ခွန်ထွန်းဦး တသိုက်ဟာ မလွတ်သေးဘူး။ ဆိုတော့ ဒီတိုင်းရင်းသားတွေနဲ့ ပြဿနာ ပြေလည်ရေး ရတဲ့အခါမှ ခွန်ထွန်းဦး တို့ လွတ်လာရမလား။ ပြဿနာပြေလည်ဖို့ ခွန်ထွန်းဦးတို့ကို လွှတ်ပေးဖို့ လိုပါသလား။ ဒီပြဿနာ ပြေလည်ရေးနဲ့ အဲဒီ ပုဂ္ဂိုလ်တွေ လွတ်မြောက်ရေးက ဘယ်ဟာကို ဦးစားပေးထားပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဆွေးနွေးခဲ့တာ ရှိပါတယ်။ တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်တယ်။ ငြိမ်းချမ်းရေးကို ရအောင်လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံရေးကြောင့်မို့လို အဖမ်းခံနေရတဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်မြင်တာက ဒီတခေါက် တကယ်လို့ ပင်လုံကဲ့သို့ ညီလာခံတရပ်ကို နေပြည်တော်မှာ ကျင်းပမယ့်ဆိုလို့ရှိရင် ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ဦးမင်းကိုနိုင်၊ ကိုကိုကြီးတို့ အကုန်လုံးကို လွှတ်ဖို့လိုပါတယ်။

XS
SM
MD
LG