သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဘာတွေလုပ်ဖို့လို


အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဘာတွေလုပ်ဖို့လို
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဘာတွေလုပ်ဖို့လို

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စ အထူးဂရုစိုက် ပြောကြားနေပါတယ်။ စစ်အစိုးရဘက်ကတော့ လိုက်လျောတဲ့ အမူအယာ တစုံတရာ ပြသမှုမရှိသေးပါဘူး။ ဒီအခြေအနေမှာ စစ်အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေ ပြန်လည်သင့်မြတ်ရေး အလားအလာ ရှိနိုင်ပါရဲ့လား။ တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်း နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံတမန်ဟောင်း ဦးအောင်လင်းထွဋ် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါပြီ။ ဒီလို လွတ်မြောက်လာခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာ့အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တဦးချင်းတွေ၊ မြန်မာပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပြီး ကြိုဆိုကြပါတယ်။ ဆိုတော့ ကျနော် စဉ်းစားကြည့်တာက မြန်မာနိုင်ငံကို လက်ရှိအုပ်စိုးနေတဲ့ မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်တခုလုံး မဟုတ်တောင် တပ်မတော် တစိတ်တပိုင်းအနေနဲ့ ဒီကိစ္စကို ကြိုဆိုတဲ့အနေအထား ရှိပါသလား။ ကြိုဆိုတဲ့ အနေအထားရှိခဲ့ရင် ဘယ်လောက်အထိ ကြိုဆိုကြမယ်လို့ ထင်ပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်အမြင်တော့ ကျနော်တို့ အတွေ့အကြုံအရတော့ ကျနော်တို့ ဗမာပြည်မှာ ရှိနေစဉ်အခါမှာသော်လည်းကောင်း၊ အခု ဝါရှင်တန်မှာ ရောက်နေချိန်မှာသော်လည်းကောင်း နှစ်ခါ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါ အားလုံး ဝမ်းသာကြပါတယ်။ တပ်မတော်သားဆိုတဲ့နေရာမှာ အရာရှိကြီးကအစ အောက်ခြေစစ်သည်အဆုံး ဝမ်းသာကြပါတယ်။ အခုလည်း ကျနော်သိသလောက်၊ ကျနော်ရတဲ့ သတင်းတွေအရ အားလုံး စစ်သည်တွေ၊ တပ်မတော်သားတွေ အားလုံးဝမ်းသာကြတယ်။ အထူးသဖြင့် ဇနီးတွေ၊ သားသမီးတွေကလည်း ဝမ်းသာကြတယ်။ မျှော်လင့်ကြတယ်။ ဒေါ်စု လွတ်လာရင်တော့ စားဝတ်နေရေးတော့ အဆင်ပြေကြမယ်လို့ တွက်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တပ်မတော်သားတွေဆိုတဲ့နေရာမှာ အရာရှိနဲ့ အောက်ခြေက အခြားအဆင့် အကြပ်တပ်သားတွေ ရဲဘော်တွေများ ဖြစ်မလား။ ဘာကြောင့်လည်းဆိုတော့ လွတ်လာပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် က အင်မတန် သင့်မြတ်လိုတဲ့ သဘောထားနဲ့ ပြောနေပေမယ့်လည်း စစ်အစိုးရဘက်က တုံ့ပြန်ရာမှာ အရင်အလိုပဲ ဒေါ်အောင်ဆန်းစုကြည် လည်ပတ်မိတဲ့ HIV/AIDS လူနာတွေ နေတဲ့နေရာကိုပင် သူတို့ ပိတ်မယ်ဆိုတာမျိုး ပြောနေတော့ သူတို့အနေနဲ့ လိုက်လျောတဲ့သဘောထား မတွေ့ရပါဘူး။ အဲဒါကြောင့် သူတို့ဘက်က လိုက်လိုက်လျောလျော စိတ်ရင်စေတနာနဲ့ ကြိုဆိုကြရဲ့လား။ အထူးသဖြင့် အထက်ပိုင်းက ပုဂ္ဂိုလ်တွေပေါ့။

ဦးအောင်လင်းထွဋ် ။ ။ အထက်ပိုင်းက ပုဂ္ဂိုလ်တွေဆိုတဲ့နေရာမှာ အားလုံးသိပါတယ်။ တဦးတည်းက ချုပ်ကိုင်ထားတဲ့ သဘောပါ။ အောက်ခြေ ဗိုလ်ချုပ်မှုးကြီး မောင်အေး က အစ အောက်ခြေ ရဲဘော်များက ဝမ်းသာကြပါမယ်။ ကျနော် ပထမပြောကြားလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခု လွတ်လာတဲ့အခါ အရမ်း tactful ဖြစ်ပါတယ်။ သူပြောသွားတဲ့ စကားတွေလည်း ကျနော် နားထောင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ တပ်မတော်ထဲမှာ ကျနော်တို့ ရှိစဉ်ကတည်းက ကျနော်တို့ကို brainwash မှိုင်းတိုက်မှိုင်းသွင်းထားတာက ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ တက်လာရင်၊ အာဏာရလာရင် မင်းတို့တပ်မတော်၊ ငါတို့ တပ်မတော်ကို ဖြိုခွဲလိမ့်မယ်။ နောက် ကျနော်တို့ စစ်သားတွေကို ရိုက်သွင်းထားတာက ဒီမိုကရေစီ စကားလုံးက အရင်းရှင်စနစ်ကလာတာ၊ ဒီမိုကရေစီဆိုတာ ငါတို့ ရန်သူပဲဆိုတဲ့ အသုံးအနှုန်းတွေက စစ်သားတွေနဲ့ ကျနော်တို့ အရပ်သားဝန်ထမ်းတွေထဲမှာ ဝါဒဖြန့်ထားတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အခုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုလို ပျော့ပျော့ပျောင်းပျောင်း ပြောလာတယ်။ ဒီနေ့ ကျနော်ကြားပါတယ် - တပ်မတော် စစ်ဆေးရုံမှာသွားပြီး သွေးလှုတဲ့ကိစ္စတွေ ရှိလာတယ်ဆိုတာ အင်မတန်မှ tactful ဖြစ်ပါတယ်။ ကျနော် ထင်ပါတယ် လူကြီးပိုင်းအနေနဲ့ ဒီကိစ္စတွေကို ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ အခုန ဦးကျော်ဇံသာ ပြောသွားတဲ့ HIV ကိစ္စကတော့ ကျနော်ထင်တယ် အောက်ခြေအာဏာပိုင်အဖွဲ့က သူတို့ လုပ်ထုံလုပ်နည်းအရ လုပ်ရတဲ့အလုပ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် သိပ်မကြာခင်မှာ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှုး ဦးစီးပြီးတော့ အဖွဲ့တွေ မဖြူဖြူသင်းတို့နဲ့ သွားတွေ့တယ်ဆိုတာကို ကြားရပါတယ်။ ကျန်းမာရေး ဦးစီးမှုးတို့ လာတယ်ဆိုတာ အပေါ်ကပေါ်လစီနဲ့ လာတဲ့သဘောဖြစ်ပါတယ်။ ဟိုဘက်ကလည်း ပျော့ပျော့ပျောင်းပျောင်းနဲ့ ပြန်ပြတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးအောင်လင်းထွဋ် ပြောတဲ့နေရာမှာ ဦးအောင်လင်းထွဋ်တို့ တပ်ထဲမှာရှိစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီသမား၊ ဒီမိုကရေစီဆိုတာ ပြည်ထောင်စုပြိုကွဲရေးဖြစ်ပြီး စစ်တပ်ကို ပထုတ်မှာဖြစ်တယ်။ အနောက်တိုင်းလိုလားတဲ့ အင်အားစုဖြစ်တယ်ဆိုတဲ့ မှိုင်းတိုက်ထားတာ အမျိုးမျိုးရှိလာခဲ့တယ်။ အခုထိလည်း ကျနော်ထင်တယ် အဲဒီ မှိုင်းတိုက်ထားတာက မှိုင်းတိုက်မြဲတိုက်နေလိမ့်မယ်၊ ရိုက်သွင်းမြဲရိုက်သွင်းနေမယ်လို့ ထင်တယ်။ အဲဒီ ရိုက်သွင်းခံထားရတာတွေက ရုတ်တရက် တပ်မတော်သားတွေ ခေါင်းထဲက ပယ်ဖျက်နိုင်ပါ့မလား။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ ရုတ်တရက်က ပယ်ဖျက်ဖို့က ကျနော်တို့ တဖတ်ပေါ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ရဲ့ deal လုပ်တဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။ ဆက်ဆံဆောင်ရွက်တဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပြောထားတာတွေ မဟုတ်ဘူးဆိုတာကို တပ်မတော်ထဲမှာ တော်တော်များများ သိပါတယ်။ တိုင်းပြည် ဆင်းရဲမွဲတေးနေတာဟာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်လည်းမဟုတ်ဘူး၊ အန်အယ်လ်ဒီကြောင့်လည်း မဟုတ်ဘူး။ စနစ်မှားနေတာကြောင့် ဆိုတာကို တပ်မတော်ထဲမှာ အရာရှိ အရာခံအကြပ်အားလုံး လက်ခံတဲ့အနေအထားမျိုး ရှိပါတယ်။ တခုပဲ သူတို့ကြောက်နေတာက ဒီမိုကရေစီ လိုလားတဲ့အဖွဲ့က တပ်မတော် တပ်မတော်ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး ပုတ်ခတ်တဲ့အခါကြတော့ အားလုံးက သိမ်းကြုံပြီးတော့ အပြောခံရတဲ့သဘောမျိုး ရှိလို့ပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံတဲ့နေရာ၊ ပြောဆိုတဲ့နေရာမှာ tactful ဖြစ်ဖို့ ပရိယာရ်ကြွယ်ဖို့၊ သူတို့ဘက်က ကျွမ်းကျွမ်းကျင်ကျင် ဖြစ်ရင် ဒီ မှိုင်းတိုက်ထားတာတွေ ပျောက်သွားနိုင်မယ်ဆိုတော့ တွေ့ဆုံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လမ်းဖွင့်ခဲ့တာ ကြာပါပြီ။ စစ်တပ်ဘက်က ဆွေးနွေးပွဲ စားပွဲဝိုင်းကို မှန်ကန်တဲ့သဘောထားတဲ့ တခါမှ တက်မလာတာ၊ ဆက်ဆံရေးဝန်ကြီးတော့ ခန့်ထားပါရဲ့ ဒါပေမဲ့ ဘာမှ ခရီးမရောက်တာ ဖြစ်နေတော့ တပ်မတော် အကြီးအကဲတွေ၊ အာဏာပိုင်အကြီးအကဲတွေကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာအောင် ဘယ်ပုံဘယ်နည်းနဲ့များ ခေါ်ဆောင်နိုင်မယ်လို့ ထင်ပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံ ပြန်မစခင်မှာ အန်အယ်လ်ဒီ နဲ့ အစိုးရအဖွဲ့နဲ့ အကြေအလည် ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကျနော်ကိုယ်တိုင် သံရုံးမှာရှိနေစဉ် ကျနော်ကို ရန်ကုန်ကနေ ကျနော့်သူငယ်ချင်းတွေက အကိုရေ ၉၅% တော့ သေချာပြီ၊ ကျနော်တို့ ဝမ်းသာရတော့မယ်ဆိုတဲ့ အဖြေမျိုးကို ပေးပါတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့သိသလောက် မူအားဖြင့် သဘောတူပြီးပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုယ်တိုင်လည်း မူအားဖြင့် သဘောတူပြီးသာဆိုတာကို သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်လည်း ကြားသိရပါတယ်။ ဘာကြောင့် ပျက်သွားရတယ်ဆိုတာကို လူတိုင်းစိတ်ဝင်စားကြပါတယ်။ အခုထိ ကျနော်တော့ မရှင်းသေးဘူး။

ဦးအောင်လင်းထွဋ် ။ ။ ဘာကြောင့် ပျက်သွားတယ်ဆိုတာကိုတော့ ကျနော်တော့ အတိအကျ မပြောနိုင်တာက ကျနော်တို့ သိသလောက် ကောလဟာလ rumor အနေနဲ့ ကျနော်တို့ သိရတာကတော့ အဓိက ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ပိုင်း နဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ မိသားစုပိုင်းတို့ရဲ့ ကန့်ကွက်မှုကြောင့် ဖြစ်သွားတယ်။ အဲဒီလို လက်ခံလိုက်ရင် သူတို့ ဒုက္ခရောက်သွားမယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့လည်း ဒုက္ခရောက်သွားမယ်ဆိုတာမျိုးကို ရှိတဲ့အတွက်ကြောင့် ဒီ ဆွေးနွေးပွဲ ပျက်သွားတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုရင် အခု ရွေးကောက်ပွဲမှာ မဲအများဆုံးနိုင်တယ်။ သူတို့လိုချင်တဲ့ နံပတ်ပြပြီး နိုင်တဲ့ဆိုတဲ့ အဖွဲ့အစည်း။ အခုအခါမှာရော သူတို့ ပပျောက်သွားမှာကို ဒီအချိန်မှာ မစိုးရိမ်ပေဘူးလား။

ဦးအောင်လင်းထွဋ် ။ ။ အခုကတော့ သူက နှစ်ခုကိုင်သွားပြီ။ တခုက ၁၉၉၀ ရွေးကောက်ပွဲကို နှိုင်းယှဉ်နိုင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲက ပြီးသွားခဲ့ပြီ။ ဒီတော့ ၂၀၁၀ နဲ့ ၁၉၉၀ က အပေးအယူတော့ လုပ်ရမယ့်အနေအထားမျိုး ဖြစ်လာပါမယ်။ ၂၀၁၀ ဆိုရာမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အပေးအယူလုပ်ရပါမယ်။ အထူးသဖြင့် ၁၉၉၀ မှာ အန်အယ်လ်ဒီ က ရွေးကောက်ပွဲ နိုင်ခဲ့တယ်၊ ၂၀၁၀ မှာ ကြံ့ဖွံ့က ရွေးကောက်ပွဲ နိုင်တယ်ဆိုတဲ့ ပုံစံမျိုးရှိလာတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ အခုအချိန်မှာလည်း ကြံ့ဖွံ့ကိုလည်း ပစ်ပယ်လို့ရတဲ့ အနေအထားမရှိဘူးလို့ မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို စွန့်လွှတ်ပြီးတော့ ကျနော်အမြင်တော့ ဆွေးနွေးပွဲ ပြန်စဖို့တော့ ဖြစ်ဟန်မတူဘူး။ ဖြစ်နိုင်ချေတော့ မရှိလောက်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ သူတို့ဆက်လုပ်သွားမှာပဲ။ အစိုးရဖွဲ့မယ်။ အဲဒီ အစိုးရဖွဲ့ပြီးမှ ဆွေးနွေးပွဲ ဖြစ်ကောင်းဖြစ်လာမယ့် အနေအထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ အစိုးရဖွဲ့မယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတ ဘယ်သူဖြစ်လာမယ်ဆိုတာကလည်း ရန်ကုန်မှာ မကြာသေးခင်က လုပ်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးကြပါတယ်။ သူတို့ အတိအကျ မဖြေခဲ့ပါဘူး။ ဗိုလ်ချုပ်မှုးကြီး နှစ်ဦးတော့ မပါပါဘူးလို့ ပြောခဲ့တာ ရှိပါတယ်။ ဦးအောင်လင်းထွဋ် အနေနဲ့ တပ်မတော်ဘက်က ဘယ်လိုသတင်းများ ကြားမိပါသလဲ။ ဗိုလ်ချုပ်မှုးကြီးနှစ်ဦး က အစိုးရပြန်ဖွဲ့တဲ့အခါမှာ ပြန်ပါမလား၊ အဆင့်မြင့် ရာထူးတွေ သြဇာအာဏာတွေ သူတို့လက်ထဲမှာ ချုပ်ကိုင်ထားမလား။ အဲဒီလို ချုပ်ကိုင်ထားရင် တွေ့ဆုံဆွေးနွေးရေးအတွက် အလားအလာ ကောင်းလာနိုင်ပါရဲ့လား။

ဦးအောင်လင်းထွဋ် ။ ။ ၂၀၀၉ ခုနှစ်လောက်ကတည်းက ရခဲ့တဲ့သတင်းတွေ၊ အတိအကျ အခိုင်အမာပါ။ သူတို့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အပြောအရတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ ဗိုလ်ချုပ်မှုးကြီးမောင်အေး နှစ်ယောက်စလုံးကတော့ သမ္မတလုပ်ဖို့ အစီအစဉ် မရှိဘူး။ ဒါပေမဲ့ အာဏာကိုတော့ စွန့်လွှတ်သွားမယ့် အနေအထားတော့ မရှိပါဘူး။ နောက်ကွယ်မှာ တနည်းနည်းနဲ့ ကြိုးကိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ လှန်လို့ရမယ့် အနေအထားတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့ အာဏာကြိုးကိုင်နေသမျှ အထူးသဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က အာဏာကို ကြိုးကိုင်နေသမျှ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးအလားအလာ ဆိုတာက ဘယ်လိုရှိနိုင်ပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ ပြောလို့တော့ မရဘူးခင်မျ။ ဘယ်ဖြစ်လို့လည်းဆိုတော့ အသက်အရွယ်လည်း စကားပြောလာတဲ့ အနေအထားတော့ ရှိလာပါပြီ။ ဗိုလ်ချုပ်မှုးကြီးစိတ် မပျော့သွားဘူးလို့တော့ ပြောမရပါဘူး။ တချိန်တခါက ငယ်တုန်းရွယ်တုန်း လုပ်နိုင်ကိုင်နိုင်တဲ့ အချိန်အခါမှာ စိတ်ဓါတ်တက်တက်ကြွကြွနဲ့ ဘာတုန်းကွ ငါဘာလဲ မင်းဘာလဲဆိုတာမျိုး ရှိကြပါတယ်။ အခုအချိန်အခါမှာတော့ တခုပေါ့ ဖြောင်းဖြောင်းဖြဖြနဲ့ ပါးပါးနပ်နပ် လိမ်လိမ်မာမာနဲ့ ချည်းကပ်ပြီး တဦးနဲ့တဦး အပေးအယူလုပ်ကြမယ်ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါတယ်။ အခုက ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အများကြီး ပရိယာရ်ကြွယ်ဝတဲ့အတွက်ကြောင့် ကျနော်တို့ အရမ်းသဘောကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ လူကြီးတွေ ကျနော်သိတယ် သူတို့ကို အတင်းအဓမ္မ မင်း ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဘာလုပ်မယ် ညာလုပ်မယ်ဆိုရင် ပိုဆိုးတယ်။ ပိုပြီးတော့ အရွှဲတိုက်ပြီး ပိုလုပ်လေ့ရှိတယ်။ ဒါကလည်း ကျနော့် အတွေ့အကြုံအရ ကျနော် ကေအိုင်အေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတုန်းက ကျနော်တို့ စပြီးလုပ်ကြတဲ့အခါမှာ ကေအိုင်အေ ကို ဘာပြောလဲဆိုတော့ ဒီ ကောင်တွေကို လက်နက်ချခိုင်းလိုက်လို့ ပြောတယ်။ အဲဒီတော့ ကျနော်တို့ ကြားထဲက negotiator လုပ်တဲ့ သူတွေက ကေအိုင်အေ ကို ဒီအတိုင်း သွားပြောရင် ကေအိုင်အေ က ဘယ်ကြိုက်မလည်း။ ကြားထဲက လုပ်တဲ့သူတွေက ကေအိုင်အေ ကိုလည်း နားလည်းအောင် ပြောပြတယ်။ ကေအိုင်အေ က ဘာပြန်ပြောလည်းဆိုရင် ဒါဆိုရင် သူတို့ မျောက်သစ်ကိုင်းလွတ်တဲ့ သဘောဖြစ်သွားမယ်ပေါ့။ သူတို့ကိုလည်း ပြန်ကြည့်ပေးပါအုံးဆိုတာကို ကေအိုင်အေ ဘက်က request လုပ်တာတွေရှိတယ်။ ဒါတွေက တယောက်နဲ့တယောက် အပေးအယူတဲ့သွားတဲ့အခါမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာမျိုး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအရေးတွေလည်း နောက်တခါ ဦးအောင်လင်းထွဋ်နဲ့ ဆွေးနွေးချင်ပါသေးတယ်။ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒီမိုကရေစီအင်အားစု နဲ့ ဆွေးနွေးရေးဖြစ်နိုင်တဲ့ အလားအလာကို မေးချင်တဲ့ နောက်ဆုံးမေးခွန်းက ဗိုလ်ချုပ်မှုးကြီးရဲ့ မိသားစုကဏ္ဍဖြစ်ပါတယ်။ စောစောကပြောတယ် ၂၀၀၄ ခုနှစ်တုန်းက အလားအလာကောင်းနေပေမယ့် သူ့မိသားစုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက သဘောမတူလို့ ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုတော့ ပြောပြီးပြီ။ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့နိုင်ထားတာကို စွဲကိုင်ထားတော့ ဒီရွေးကောက်ပွဲ နှစ်ခုကြားမှာ ညှိရမယ်လို့ဆိုတယ်။ မိသားစုရဲ့ သဘောထားကရော ပြောင်းလဲနိုင်ပါ့မလား။

ဦးအောင်လင်းထွဋ် ။ ။ မိသားစုရဲ့ သဘောထားကလည်း အခုက တော်တော်လေး မိသားစုကိုလည်း ဗိုလ်ချုပ်မှုးကြီးအနေနဲ့ ပြောရယ်ဆိုရယ်နဲ့ ဆူပူတဲ့အသံတွေ ကျနော်တို့ ကြားမိပါတယ်။ ရှင်းရှင်းပြောရရင် ငြိမ်ငြိမ်နေခိုင်းတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အခု သိသလောက် မစ္စတာ ကင်တာနားရဲ့ report က အများကြီး affect ဖြစ်ပါတယ်။ ဒီဥစ္စာက ကျနော်ရှိတဲ့ကာလ ၂၀၀၁ ခုနှစ်ကတည်းက သံရုံးမှာရှိစဉ် လှမ်းမေးခဲ့ဘူးပါတယ်။ အဲဒီအချိန်တုန်းကတော့ မီလိုဆိုဗစ်တို့ကို အရေးယူတဲ့အချိန်ပေါ့။ ဒါမျိုးကိစ္စမျိုးကို သူတို့ လုံးဝအဖြစ်မခံချင်ပါဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဘက်ကလည်း သင်ပုန်းချေရေးလို့ ပြောတဲ့ဟာက ဘယ်လောက်အထိ သင်ပုန်းချေ နိုင်မယ်ဆိုတာကို ပြောဖို့လိုပါတယ်။

XS
SM
MD
LG