သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်


ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်
ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်

မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာ (၁၈) ရက်နေ့က ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အရေးယူဖို့ အခြေအနေ ပေးပုံမရပါဘူး။ တာဝန်သိမှုနဲ့ တရားမျှတမှုကို နားလည်သဘောပေါက်ဖို့အတွက် ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနား (Tomas Ojea Quintana) က အောက်တိုဘာလ က တင်ပြထားပါတယ်။ ဒီမိုကရေစီအကြောင်း မပြောခင် တိုင်းသူပြည်သားကို တရားမျှတစွာနဲ့ တာဝန်သိစွာ ဆက်ဆံဖို့ ဗမာအစိုးရကို သတိပေးတဲ့အနေနဲ့ အရေးယူမယ့် အစီအစဉ်ပါပဲ။ အပြစ်ဒဏ်ပေးဖို့ မရည်ရွယ်ဘူးလို့ ကင်တားနား က ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ကို တရုတ်နဲ့ရုရှားက လက်မခံနိုင်ပါဘူး။ ဗမာစစ်အစိုးရကို အရေးယူမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှာ တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ဘူးပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ဂျာမဏီကလည်း စုံးစမ်းရေး ကော်မရှင်ဖွဲ့မယ့် အစီအစဉ်ကို လက်မခံနိုင်ဘူးလို့ သိရပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်း (Ban Ki-moon) နောက်ထပ် (၅) နှစ် ဆက်လုပ်ချင်ရင် တရုတ် ထောက်ခံမှုရဖို့ လိုပါတယ်။ ဒါကြောင့်မို့ တရုတ် ငြိုငြင်မယ့်ကိစ္စမျိုးကို ဘန်ကီမွန်း က လိမ္မာပါးနပ်စွာ ရှောင်ရှားနေတာလို့လည်း သုံးသပ်ကြပါတယ်။

စက်တင်ဘာလ (၁၄) ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ ဘန်ကီမွန်းရဲ့ (၁၆) မျက်နှာ အစီရင်ခံစာမှာ ဗမာအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို အလွန်စိတ်ပျက်မိတယ်လို့သာ ဖော်ပြထားပါတယ်။ ဗမာစစ်အစိုးရ ကဏ္ဍကောစလုပ်တိုင်း ကုလသမဂ္ဂ မြန်မာ့မိတ်ဆွေများ အစည်းအဝေးကို ဘန်ကီမွန်း က ကျင်းပလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီ အစည်းအဝေးကိုလည်း ဗမာကိုယ်စားလှယ်က တက်ရောက်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ မြန်မာ့အရေးကို ပြောဆိုဆွေးနွေးကြပေမယ့် လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တင်သွင်းမယ့် မြန်မာ့ရေးရာ ဆုံးဖြတ်ချက်မူကြမ်းကို စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိစ္စကို ဖော်ပြထားတာ မတွေ့ရပါဘူး။ နိုင်ငံပေါင်း (၄၀) ကျော် ထောက်ခံထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းဖြစ်ပါတယ်။

ဒါကြောင့်မို့ ရွေးကောက်တင်မြှောက်မခံရဘဲ အနှစ် (၂၀) ကျော် အကြမ်းဖက် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကို အရေးယူဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ကုလသမဂ္ဂဟာ ရွေးကောက်ပတင်မြှောက်ထားတဲ့ ဗမာစစ်အစိုးရကို အရေးယူနိုင်ပါ့မလားဆိုတာဟာ ဒီကနေ့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ မတရားလုပ်တာကို ကုလသမဂ္ဂ က ဝေဖန်ရှုတ်ချနေလို့ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ မတရားလုပ်တာကို ကုလသမဂ္ဂက ဝေဖန်ရှုတ်ချနေလို့ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ချောချောမောမော ပြီးစီးသွားဖို့ ဆုတောင်းပေးသူတွေထဲမှာ တရုတ်၊ အိန္ဒိယ နဲ့ အာဆီယံနိုင်ငံအချို့လည်း ပါဝင်ပါတယ်။ ဒီနိုင်ငံတွေဟာ မြန်မာနဲ့ ကုန်သွယ်လို့ အကျိုးအမြတ် ခံစားနေရသူတွေ ဖြစ်ပါတယ်။

ဗမာစစ်အစိုးရရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံအချို့ စိတ်ဝင်စားပေမယ့် အာဆီယံ၊ တရုတ် နဲ့ အိန္ဒိယ က စိတ်မဝင်စားကြပါဘူး။ အာဆီယံနိုင်ငံတွေထဲမှာတောင် ဗမာဒီမိုကရေစီအရေးကို ဆွေးနွေးချင်သူက လူနည်းစု ဖြစ်နေပုံရပါတယ်။ အောက်တိုဘာလ နှောင်းပိုင်း ဟနွိုင်မြို့တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီအရေး မပါပါဘူး။ ဗမာအစိုးရဟာ အာဆီယံအသင်းရဲ့ တိုက်တွန်းချက်ကို ဂရုမစိုက်ဘဲ မိမိ စိတ်ကြိုက်ထင်သလို လုပ်ခဲ့တာ (၁၀) နှစ်ကျော်နေပါပြီ။ အာဆီယံရဲ့ တောင်းဆိုချက်ကို ဗမာအစိုးရ လိုက်လျောဘူးတာ တခါပဲ ရှိပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဌမလုပ်ဖို့ ဝိုင်းဝန်းတိုက်တွန်းတာကို ဗမာကလက်ခံပြီး ဥက္ကဌ မလုပ်ဖို့ ၂၀၀၅ ခုနှစ်က ဆုံးဖြတ် လိုက်တာပဲဖြစ်ပါတယ်။

တိုင်းရင်းသားပြဿနာကို ဗမာစစ်အစိုးရက အကြမ်းဖက် ဖြေရှင်းနေတာကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို အစုလိုက်အပြုံးလိုက် ထွက်ပြေးနေတာ ကြာပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိုင်းနိုင်ငံမှာ ဝင်ထွက်သွားလာနေတာလည်း ကြာပါပြီ။ ဒီပြဿနာကြောင့် ထိုင်းအစိုးရဟာ ဗမာအစိုးရသစ်ရဲ့ ယုံကြည်မှုရအောင် ကြိုးပမ်းပါလိမ့်မယ်။ တဦးကတဦးကို အန္တရာယ်လို့ မယူဆဘဲ ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံအဖြစ်သာ သဘောထားနိုင်ဖို့ ထိုင်းဘက်က စီးပွားရေးမက်လုံးတွေ ပေးနေပါတယ်။ ဗမာအစိုးရနဲ့ ဆက်ဆံရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မပြောဘဲ စီးပွားရေးလုပ်တာဟာ အကောင်းဆုံးဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်တွေ့ပြနေခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးသွားပေမယ့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်တာ မဟုတ်တဲ့အတွက် ပြည်တွင်းစစ် အချိန်မရွေး ဖြစ်နိုင်ပါတယ်။ စစ်ဖြစ်ပြီဆိုရင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ လှိမ်းဝင်လာမှာ သေချာပါတယ်။ ကုလသမဂ္ဂက အရေးမယူဘဲထားတဲ့ ဗမာအစိုးရရဲ့ ရာဇဝတ်မှုတွေဟာလည်း ပိုမိုများပြားလာနိုင်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စီးပွားရေးအမြတ်ထုတ်မှုစတဲ့ ကိစ္စတွေဟာ ဆက်စပ်နေပါတယ်။ ဗမာအစိုးရတဦးတည်း တဖက်သတ် ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ကြောင်း ပြည်ပဆက်ဆံရေးက သက်သေပြနေပါတယ်။

XS
SM
MD
LG