သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အသွင် နှင့် မြန်မာ့အမြင်


ဒီတပတ်တော့ တရုတ်နဲ့ ပတ်သက်တဲ့ မြန်မာ့သဘောထားအမျိုးမျိုးကို လေ့လာသုံးသပ်ထားတဲ့ စာတမ်းနှစ်စောင်ကို အကျဉ်းချုံး တင်ပြပါမယ်။ မျက်မှောက်ခေတ် မြန်မာစာပေမှာ ဖော်ပြတဲ့ တရုတ်နဲ့ ပတ်သက်တဲ့သဘောထားကို Berkeley California တက္ကသိုလ်မှာ ပါရဂူဘွဲ့ ကျမ်းပြစုနေသူ ကိုမင်းဇင်က ရေးထားပါတယ်။ သူ့စာတမ်းကို ဂျာမဏီ အာရှလေ့လာရေးစာစောင်မှာ ၂၀၁၂ က ဖော်ပြထားပါတယ်။ ဘေဂျင်း (Beijing) အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနက သုတေသီ စုန့်ချန်ရင် (Song Quinrun) ကလည်း မြန်မာပြည်က တရုတ်သဘောထားကို လေ့လာပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက စာတမ်းထုတ်ဝေထားပါတယ်။

တရုတ်နဲ့ ပတ်သက်တဲ့ မြန်မာပြည်က သဘောထားအမြင်တွေကို လေ့လာသုံးသပ်ပြီး တင်ပြထားတဲ့ စာတမ်းတွေ ဖြစ်ပါတယ်။ (၁၉၈၈) မှာ စစ်အစိုးရတက်လာပြီး တရုတ် အားကိုးချိန်ကစပြီး (၂၀၁၁) အထိဖြစ်တဲ့ တရုတ်နဲ့ ပတ်သက်တဲ့သဘောကို ကိုမင်းဇင် က ရေးထားပါတယ်။ ဗကပရဲ့ဒဏ်ကို ခံခဲ့ရတဲ့ မဆလ စစ်ဗိုလ်အချို့ရဲ့ ကိုယ်ရေးမှတ်တမ်းအချို့ကိုလည်း ကိုးကားထားပါတယ်။ ယူနန်နဲ့ အိမ်နီးချင်းဖြစ်တဲ့ အထက်မြန်မာပြည်မှာ တရုတ်တွေ ကြီးစိုးလာလို့ မြန်မာ့ယဉ်ကျေးမှု ကွယ်ပျောက်မှာကို စိုးရိမ်တဲ့ လူထုဒေါ်အမာရဲ့ အမေ့ရှေ့စကား ကိုလည်း ကောက်နုတ်ဖော်ပြထားပါတယ်။

စစ်အစိုးရ ကောင်းမှုကြောင့် တရုတ်တွေ များပြားလာတဲ့အတွက် မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲလာပုံကို အခြားစာရေးဆရာတွေကလည်း ဖော်ပြပါတယ်။ ဝင်းစည်သူ၊ နေဝင်းမြင့်၊ ဆူးငှက်၊ ညီပုလေးတို့ရဲ့ အရေးအသားတွေကို ကိုးကားထားပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်ရောက်တော့ တရုတ်ကြီးစိုးမှုကို အလေးပေး ဖော်ပြရာမှာ Eleven Media အုပ်စုဟာ ထင်ရှားပါတယ်။ မြစ်ဆုံဆည် ဆန့်ကျင်ရေးမှာ စာနယ်ဇင်းလောကတခုလုံးလိုလို ပါဝင်လာတာ တွေ့ရပါတယ်။ တရုတ်ပြည်ဟာ အားကျစရာ မဟုတ်ဘူးလို့ မြန်မာတွေက ယူဆပုံ ရပါတယ်။ မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်လေလေ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားရှာနေတဲ့ တရုတ်ကို အမြင်ကတ်လေလေ ဖြစ်လာပါတယ်။ တရုတ်ဟ အကျပ်အတည်း ဖြစ်လာရင် နယ်စပ်တိုင်းရင်းသား ပဋိပက္ခကို မီးမွှေးပြီး ဖိအားပေးနိုင်တယ်လို့ ကိုမင်းဇင် က သုံးသပ်ပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး တရုတ်နဲ့ ပတ်သက်တဲ့ အမြင်အမျိးမျိုး မြန်မာ့လူ့ဘောင်မှာ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ ဒီအထဲမှာ အရပ်သား အသင်းအဖွဲ့တွေဟာ တရုတ်ကို အကောင်းမမြင်နိုင်ကြတဲ့အတွက် တရုတ်-မြန်မာ ဆက်ဆံရေးပါ ထိခိုက်လာတယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ လက်ရှိ အစိုးရလက်ထက်ရောက်မှ တရုတ်နဲ့ ပတ်သက်တဲ့ ပြည်သူ့သဘောထား ပြောင်းလာတာ ဖြစ်ပါတယ်တဲ့။ မြန်မာအစိုးရကတော့ တရုတ်ကို ကောင်းတဲ့ဘက်ကမြင်ပါတယ်။ ငွေကြေး၊ အတတ်ပညာနဲ့ အခြားကိစ္စတွေမှာ တရုတ်အားကိုးနေရတာကို မြန်မာအစိုးရ ထိပ်တန်းအရာထမ်းတွေက သဘောပေါက်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ တရုတ်ကို မှီခိုအားထားလွန်းတဲ့အတွက် မြန်မာပြည်မှာ တရုတ်သြဇာ ကြီးမားလာမှာကို စိုးရိမ်တဲ့အရာရှိတွေကတော့ တရုတ်ကိုချည်း မှီခိုနေတဲ့အဖြစ်ကို ရပ်ဆိုင်းလိုပုံ ရပါတယ်တဲ့။

နိုင်ငံရေးပါတီ (၇၀) လောက်ရှိတဲ့အထဲ တရုတ်ကို အကောင်းမြင်တာမျိုး ရှိပေမယ့် အများစုဟာ တရုတ်ပြည်အကြောင်း ကောင်းကောင်းမသိကြတဲ့အတွက် တရုတ်ဆန့်ကျင်ရေး လုပ်တာတွေရှိတယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ ဒီမိုကရေစီ သဘောကို နားမလည်တော့ စစ်အစိုးရ ဆန့်ကျင်ရေးနဲ့ တရုတ် ဆန့်ကျင်ရေးကို ဒီမိုကရေစီလို့ ထင်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် စစ်အစိုးရနဲ့ တရုတ်အစိုးရ သဘောတူခဲ့တဲ့ စီမံကိန်ကို ပြန်လည်ဆန်းစစ်ဖို့ တောင်းဆိုတဲ့ နိုင်ငံရေးပါတီတွေ ရှိပါတယ်။ တရုတ် ဆန့်ကျင်ရေးလုပ်ပြီး ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသလို ဖြစ်နေပါတယ်။ NLD ပါတီဝင်တွေ မြစ်ဆုံ ဆန့်ကျင်ရေးနဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲတွေမှာ ပါဝင်ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်ကို ကောင်းတဲ့ဘက်က မြင်တယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရှေ့ဆောင်တဲ့ နိုင်ငံရေးပါတီတွေမှာ အမျိုးသားစိတ်ဓါတ် ပြင်းထန်ကြတာမို့ စစ်တပ်နဲ့ တရုတ် ဆန့်ကျင်ရေးလုပ်ပြီး စည်းရုံးရေး ဆင်းနေကြတယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ မြန်မာ-တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်းကို ပြန်လည်ဆန်းစစ်တဲ့ ဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းတဲ့အပြုအမှုဟာ တရုတ် ဆန့်ကျင်ရေး လှုပ်ဆော်သလို ဖြစ်နေပါတယ်။ လူမုန်းများတဲ့ စစ်အစိုးရကို အကူအညီပေးတဲ့ တရုတ်ကိုပါ ရန်ရှာလာတာ ဖြစ်ပါတယ်။ အရပ်သားအဖွဲ့တွေရဲ့ တရုတ် ဆန့်ကျင်ရေးကြောင့် လက်ရှိ အစိုးရဟာ တရုတ်နဲ့ ပတ်သက်ရင် ဆုံးဖြတ်ဖို့ ခက်လာတာတွေ ရှိပါတယ်။

တရုတ်ကို အရပ်သားအဖွဲ့တွေက အထင်မှား အမြင်မှားဖြစ်အောင် လုပ်တဲ့နေရာမှာ ရှစ်လေးလုံးမျိုးဆက်အဖွဲ့ဟာ ရှေ့ဆုံးကဖြစ်တယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ လာဘ်ထိုးပြီး ထင်သလိုလုပ်တဲ့ တရုတ်ကုမ္ပဏီအချို့ရှိတာနဲ့ တရုတ် မကောင်းဘူးလို့ပြောတာ သဘာဝမကျဘူးလို့ ဆိုပါတယ်။ တရုတ်ကို မှန်ကန်စွာ ရှုမြင်တတ်ဖို့ လိုပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ တရုတ်ကို မကောင်းမြင်နေဦးမှာ ဖြစ်ပေမယ့် အပြုသဘောနဲ့ ဘက်စုံဆောင်ရွက်နိုင်ရင် အမြင်ပြောင်းလွဲလာပြီး တရုတ်-မြန်မာ ဆက်ဆံရေးကို ဓမ္မဓိဌာန်ကျကျ ဆင်ခြင်နိုင်လိမ့်မယ်လို့ တရုတ်ပညာရှင် စုန့်ချင့်ရန် က သုံးသပ်ထားပါတယ်။

XS
SM
MD
LG