သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား-မြန်မာ မတူကွဲပြား ဒီမိုကရေစီ လှုပ်ရှားမှုများ


Sam Rainsy, SRP Leader.
Sam Rainsy, SRP Leader.
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတိုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကမ္ဘောဒီးယား အတိုက်အခံ (Cambodia Opposition Leader) ခေါင်းဆောင် Mr. Sam Rainsy ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်းပြီး နှိုင်းယှဉ်သုံးသပ် ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Mr. Sam Rainsy ခင်များ … ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ ဒီမိုကရေစီဖြစ်ထွန်းရေး လှုပ်ရှားမှုနှစ်ခု မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယား နိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု - ဒီနှစ်ခုကို ဘယ်လိုစပြီး နှိုင်းယှဉ်မလဲ။

Sam Rainsy ။ ။ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဟာ အိမ်နီးနားချင်း နှစ်နိုင်ငံပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာတော့ ဒီနှစ်နိုင်ငံဟာ ဆန့်ကျင်ဖက်အရပ် နှစ်ဖက်ဆီကို ဦးတည်းရွေ့လျှားနေကြပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ထွန်း တိုးတက်မှုတွေကို ချီးကျူးထောပနာပြုပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံက အာဏာပြ အုပ်ချုပ်ရေးစနစ်ဆီကို လွှင့်ပါးသွားနေတဲ့အတွက် ရှုတ်ချကန့်ကွက်ပါတယ်။ မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရွေးခံခွင့်ရတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာကြတော့ အတိုက်အခံခေါင်းဆောင်ကို ပြည်ပကိုရောက်သွားအောင် အတင်းအကြပ်ပြုလုပ်ခဲ့တယ်။ အခုဆိုရင် (၃) နှစ်လောက်ရှိခဲ့ပြီ။ ပြီးတော့ လမယ့်ရွေးကောက်ပွဲမှာလည်း သူကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်မရအောင် ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Mr. Sam Rainsy .. တကယ်တော့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီလို ဒီမိုကရေစီရေး စတင်ဆောင်ရွက်ခွင့်ရတာ မြန်မာနိုင်ငံထက် ပိုစောတယ်လို့ပြောရင် မှားမယ်မဟုတ်ပါဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နေနေရတုန်းမှာ Mr. Sam Rainsy က လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွနဲ့ နိုင်ငံရေးလမ်းကြောင်းထဲမှာ ပါဝင်လှုပ်ရှားနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလို အခြေအနေကောင်းနေရကနေ ဘယ်နေရာမှာ၊ ဘယ်လိုဖြစ်ပြီးတော့ လမ်းလွှဲသွားသလဲ။ ကမ္ဘောဒီးယား အခြေအနေကို ပြောပါခင်များ။

Sam Rainsy ။ ။ ကမ္ဘောဒီးယားနိုင်ငံအတွက် ဒီမိုကရေစီဖြစ်စဉ်က ၁၉၉၁ မှာ စခဲ့ပါတယ်။ အဲဒီမှာ ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက်အရ ကမ္ဘောဒီးယားမှာ ဒီမိုကရေစီအစိုးရ ထူးထောင်ရမယ်လို့ ပြဌာန်းထားပါတယ်။ လစ်ဘရယ် ဒီမိုကရေစီဝါဒ နဲ့ ပါတီအယူအဆတွေ လွတ်လပ်ခွင့်၊ အခြေခံထူးထောင်ရမယ်လို့ ဆိုထားပါတယ်။
ပထမနှစ်အနည်းငယ်အတွင်းမှာတော့ ဒီအခြေအနေတွေက ကောင်းကောင်းမွန်မွန် ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီမိုကရေစီခရီးစဉ် လမ်းချော်သွားခဲ့ပါတယ်။ ၁၉၉၇ မှာ အခုလက်ရှိ ဝန်ကြီးချုပ် ဟွမ်ဆန် (Hun Sen) က အာဏာသိမ်းယူခဲ့ချိန်ကစလို့ လွတ်လပ်မှုဟာ နယ်ကျဉ်းသွားခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေကလည်း ဆိုးသထက်ဆိုးလာခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကမ္ဘောဒီးယားနိုင်ငံ ဒီမိုကရေစီဖြစ်စဉ်မှာ ပဲရစ်ငြိမ်းချမ်းရေးကစတယ်၊ ဘာညာဆိုတာ နိုင်ငံတကာ ဖိအားပေးမှု၊ နိုင်ငံတကာက ဝင်ရောက်ဆောင်ရွက်ပေးမှု အတော်လေးရှိခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာကော နိုင်ငံတကာရဲ့ လွမ်းမိုးမှု၊ နိုင်ငံတကာရဲ့ ဖိအား ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

Sam Rainsy ။ ။ မြန်မာနိုင်ငံမှာတော့ လွမ်းမိုးမှု နှစ်မျိုးရှိတယ်လို့ ထင်ပါတယ်။ ပြည်ပနဲ့ပြည်တွင်းမှာ ရှိပါတယ်။ မြန်မာ့ခေါင်းဆောင်မှုကြားမှာ နိုင်ငံရေးရင့်ကြတ်မှုရှိလာတယ်လို့ ထင်ပါတယ်။ ရှေ့ကို တိုးတက်ဆောင်ရွက်ရမယ်၊ တိုင်းပြည်ကို ဖွင့်ပေးရမယ်ဆိုတာကို သူတို့ သိလာကြပါပြီ။ တနည်းပြောရရင် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းဟာ လက်ရှိခေါင်းဆောင်မှုနဲ့ အတိုက်အခံတို့ ပြန်လည်သင့်မြတ်ရေးအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားအတွက်တော့ အခြေအနေက ကွဲလွဲနေပါတယ်။ အခုအခါ မစ္စတာဟွမ်ဆန်ဟာ ကမ္ဘာပေါ်မှာ ရာထူးသက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးခေါင်းဆောင်တယောက် ဖြစ်နေပါတယ်။ သူ့အာဏာရယူထားတာ နှစ်ပေါင်း (၃၀) ရှိလာခဲ့ပါပြီ။ သူဟာ အာဏာကို ဖြစ်တဲ့နည်းနဲ့ ရယူထားချင်သူပါ။ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ဗိယက်နမ်နိုင်ငံ စတဲ့နိုင်ငံတွေတောင် ကွန်မြူနစ်ပါတီက အုပ်ချုပ်ပေမယ့် ခေါင်းဆောင်အပြောင်းအလဲတော့ ရှိပါသေးတယ်။ ဝန်ကြီးချုပ်၊ သမ္မတ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးစတဲ့ ရာထူးတွေရယူထားသူတွေ အပြောင်းအလဲရှိပါတယ်။ ဒါကြောင့်လည်း အဲဒီနိုင်ငံတွေက ရှေ့ကိုတိုးနေကြတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာကြတော့ လူတယောက်တည်းက အာဏာကို အမြဲတမ်းတွယ်ဖက်ထားချင်နေပါတယ်။ လူတယောက်တည်းက ဒီလောက်ရှည်ရှည်လျားလျား အာဏာယူထားမယ်ဆိုရင် ဘယ်နိုင်ငံအတွက်မဆို ကောင်းမလာနိုင်ပါဘူး။ မစ္စတာဟွမ်ဆန်ဟာ သူအသက် (၉၀) အထိ ဝန်ကြီးချုပ်လုပ်ချင်နေသူပါ။ အခု အသက် (၆၀) ပဲ ရှိသေးတော့ နောက်ထပ်နှစ်ပေါင်း (၃၀) လောက် ကျနော်တို့ စောင့်ကြရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ Mr. Sam Rainsy ဟာ မြန်မာ့အရေးကိုလည်း စိတ်ဝင်စားတယ်၊ မြန်မာ့အရေးကိုလည်း စောင့်ကြည့်လေ့လာသူလည်းဖြစ်တယ်ဆိုတာ ကျနော်သိပါတယ်။ အခု ကမ္ဘောဒီးယားမှာလို ဒီမိုကရေစီခရီးစဉ် နောက်ပြန်မလှည့်သွားအောင် ကမ္ဘောဒီးယားနိုင်ငံဆီက မြန်မာနိုင်ငံရယူသင့်တဲ့ သင်ခန်းစာတွေ ရှိပါသလား။ ဘာတွေလဲဆိုတာကို ပြောပါ။

Sam Rainsy ။ ။ ခေါင်းဆောင်မှု အပြောင်းအလွှဲဖြစ်ဖို့ ခေါင်းဆောင်သူ သစ်ဆန်းလာစေဖို့ ယုတ်စွအဆုံး လက်ရှိခေါင်းဆောင်တွေမှာပဲ လူသစ်တွေ ထပ်တိုးစေဖို့၊ အယူအဆတွေ၊ အကြံအစည်သစ်တွေ ပေါ်ထွန်းစေဖို့အတွက် အားထုတ်မှုတွေ လိုအပ်ပါတယ်။ ဒါမှ တိုင်းပြည်ဟာ ရှေ့ကိုသွားနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာတော့ လူတယောက်တည်းကပဲ ဒီခေါင်းဆောင်တယောက်တည်းကပဲ သေတဲ့အထိ ခေါင်းဆောင်လုပ်ချင်နေတယ်။ ဒါဟာ မသင့်တော်ပါဘူး။ တိုင်းပြည်အတွက် မကောင်းပါဘူး။ တိုင်းပြည်အရေးဟာ မိသားစုစီးပွားရေး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို ခေါင်းဆောင်မှုဆန်းသစ်ဖို့၊ အတွေးအခေါ် ဆန်းသစ်ဖို့ဆိုတာ မြန်မာနိုင်ငံမှာတော့ အခုလောလောဆယ် လက်ရှိ စစ်အစိုးရက အသွင်ပြောင်းလာတဲ့ သမ္မတဦးသိန်းစိန် အစိုးရဖက်ကိုပြောတာလား၊ သို့တည်းမဟုတ် အတိုက်အခံဖက်က ခေါင်းဆောင်မှုကို ဘာပြောလိုပါသလဲ။ အဲဒီမှာကော အပြောင်းအလဲလုပ်ဖို့ လိုပါသလား။

Sam Rainsy ။ ။ မြန်မာပြည်မှာ နဲ့ ကမ္ဘောဒီးယားတို့မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အတိုက်အခံက အရေးကြီးပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စံပြအဖြစ် မှတ်ယူထားပါတယ်။ သူမဟာ ဇွဲကောင်းတဲ့နေရာမှာ၊ သတ္တိရှိတဲ့နေရာမှာ၊ ဉာဏ်ပညာထက်မြတ်တဲ့နေရာမှာ စံနမူနာထားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အတိုက်အခံဟာ ပိုပြီးတော့ပိုပြီးတော့ အရှိန်ရလာပါတယ်။ ပိုပြီးလွမ်းမိုးမှု ရှိလာခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အင်အားချိန်ခွင်လျှာ ညှိနှိုင်းမှုအသစ်တရပ် မကြာခင်ပေါ်ပေါက်လာပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အတွက်၊ မြန်မာ့ဒီမိုကရေစီအရေး ရှေ့တိုးဖို့အတွက် အကြီးကျယ်ဆုံး စိမ်ခေါ်မှုက ဘာလိုထင်ပါသလဲ။

Sam Rainsy ။ ။ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ဖို့ အမျိုးသားအကျိုးစီးပွားကို ပါတီရဲ့ အကျိုးစီးပွားထက် ဦးစားပေးဖို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ဒီအမျိုးသားအကျိုးစီးပွားနဲ့ ဒီမိုကရေစီမူဝါဒတွေကို ကိုင်ဆောင်တည်မတ်ဖို့အတွက် အသင့်တော်ဆုံးဖြစ်သလို အကောင်းဆုံးနေရာမှာ ရောက်နေသူလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ပြည်ပရဲ့ အခန်းကဏ္ဍကိုလည်း ကြည့်ကြရအောင်ပါ။ ပထမဦးစွာ ဒေသအတွင်း လွှမ်းမိုးမှု၊ ဒေသအတွင်းရဲ့ အခန်းကဏ္ဍ၊ ဒေသအတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍ။ ဥပမာ တရုတ်နိုင်ငံဆိုပါတော့ - ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာဆိုလို့ရှိရင် တရုတ်နိုင်ငံကြောင့် ပူးတွဲကြေညာချက်တောင် မထုတ်ပြန်နိုင်တဲ့အဆင့် ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံလည်း မကြာခင်မှာ အာဆီယံဥက္ကဋ္ဌ လုပ်လာရမယ့် တိုင်းပြည်ဖြစ်ပါတယ်။

Sam Rainsy ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တွေကြောင့် ကမ္ဘောဒီးယားထက်ပိုပြီးတော့ တော်ဖြောင့်မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်ကျင့်သုံးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မစ္စတာဟွမ်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားမှာကတော့ ကျနော် အခုနပြောခဲ့သလိုပါပဲ မိသားစုအကျိုးစီးပွားလုပ်သလို လုပ်နေတာပါ။ အမျိုးသားအကျိုးစီးပွားနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ မူဝါဒဟာ တသမတ်တည်း မဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုပြဿနာက တရုတ်ရဲ့ လွှမ်းမိုးမှုပါ။ သူတို့ဟာ မြန်မာနိုင်ငံမှာဆိုရင်လည်း စီးပွားရေးမှာ အကွက်ကောင်းကို ရယူလက်ဝါးကြီးအုပ်ယူထားတယ်။ ရင်းနှီးမြှုပ်နံှမှု အများဆုံးလုပ်တယ်။ ဒီကနေတဆင့် နိုင်ငံရေး၊ စစ်ရေး မျက်ခြေမပြတ် လက်ဦးမှုရဖို့ လုပ်နေတယ်လို့ လူတိုင်းက သုံးသပ်ကြပါတယ်။

Sam Rainsy ။ ။ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကလာတဲ့ ရင်းနှီးမြှုပ်နံှမှုမဆို ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အကျိုးသက်ရောက်မှု ရှိရောက်မှုရှိမရှိ၊ ကျနော်တို့ စစ်ဆေးရမှာပါ။ ပြည်ပရင်းနှီးမြှုပ်နံှမှုတွေကို ကျနော်တို့ ကြိုဆိုတယ်။ တချိန်တည်းမှာပဲ အဲဒီ ရင်းနှီးမြှုပ်နံှမှုတွေက ရေရှည်တည်တန့်ခိုင်မြဲဖို့၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးပတ်ဝန်းကျင်ကို ထိခိုက်ပွန်းပဲ့မှုလျော့ပါးစေဖို့၊ တရားမျှတမှု ရှိစေဖို့ စတာတွေကို ကျနော်တို့ လုပ်ကြရမှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ကမ္ဘောဒီးယားနိုင်ငံမှာလည်း ပြည်ပရင်းနှီးမြှုပ်နံှမှုတွေကို ဖွင့်ပေးထားတယ်ဆိုတော့ အဲဒီမှာ ရင်းနှီးမြှုပ်နံှနေတဲ့ နိုင်ငံတွေရဲ့ ကုမ္မဏီတွေရဲ့ အခြေအနေတွေကိုလည်း ပြောပါအုံးခင်များ။ သူတို့ကလည်း အခုန Mr. Sam Rainsy ပြောခဲ့တဲ့အချက်အလက်တွေနဲ့ ကိုက်ညီကြပါသလား။

Sam Rainsy ။ ။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ကမ္ဘောဒီးယားနိုင်ငံဟာ အခုအချိန်အထိ မရေမရာ၊ အမြတ်အစွန်းလောက်ပဲ ရနေပါတယ်။ သိပ်မသေချာတဲ့ ရင်းနှီးမြှုပ်နံှမှုတွေပဲ လက်ခံရရှိနေပါတယ်။ အာဂတိလိုက်စားမှုတွေကြောင့် ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု လုံးဝမရှိပါဘူး။ လက်သိပ်ထိုး၊ ခြစားပျက်စီးမှုတွေနဲ့ လုပ်နေကြတာပါ။ ဒါကြောင့် ကျကျနန ခိုင်ခိုင်မာမာရှိတဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို မဆွဲဆောင်နိုင်ပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်မှာ ပြဿနာပေါင်းများစွာ တက်နေရတာပါ။ မြေယာအသိမ်းခံရမှု၊ လူကုန်ကူးမှု၊ သစ်တောပြုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပြီတော့ ပြည်သူအများစုဟာ ဆင်းရဲတွင်းနက်နေရတာပါ။ တကယ်တော့ ပြည်ပရင်းနှီးမြှုပ်နံှမှုတွေဟာ အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေပါ။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နိုင်ငံရေးကို နည်းနည်းပြန်ကြည့်ရအောင်ပါ။ ကမ္ဘောဒီးယား ရွေးကောက်ပွဲ နဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ယှဉ်ကြည့်မယ်ဆိုရင် ကမ္ဘောဒီးယားမှာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် ဘယ်သူမှ လက်မခံခဲ့ပါဘူး။ ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဟာ သူတို့ကိုသူတို့ နည်းမျိုးစုံနဲ့ အနိုင်ရအောင်လုပ်ယူခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စကို ဘယ်လိုယှဉ်မလဲ။ ကမ္ဘောဒီးယား က ပိုပြီးပွင့်လင်းမြင်သာမှု ရှိခဲ့တယ်လို့ မဆိုနိုင်ဘူးလား။

Sam Rainsy ။ ။ မဟုတ်ပါဘူး။ အကဲခတ်သမားတွေ အများစုက လွတ်လပ်တဲ့အကဲခတ်သမားတွေ။ အထူးသဖြင့် ဥရောပသမဂ္ဂကလာတဲ့ အကဲခတ်သမားတွေက ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ကြေညာခဲ့ကြပါတယ်။ နိုင်ငံတကာအဆင့်အတန်းမမှီဘူးလို့လည်း ပြောကြပါတယ်။ ပြီးတော့ သူတို့ရဲ့ အဓိကထောက်ခံ တင်ပြချက်တခုကတော့ ရွေးကောက်ပွဲကော်မရှင်ကို လုံးဝဥဿုံပြန်ပြီး ဖွဲ့စည်းရမယ်လို့ ဆိုပါတယ်။ အခု ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီရဲ့ လက်အောက်ခံဖြစ်ပြီးတော့ သူတို့ပါတီက အာဏာဆက်ပြီးတည်မြဲအောင်၊ ရွေးကောက်ပွဲအနိုင်ရအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဥရောပသမဂ္ဂ အမြင်ကတော့ မှန်ပါတယ်။ ကမ္ဘောဒီးယား ဒီမိုကရေစီဟာ ဥရောပအဆင့်မှီတဲ့ ဒီမိုကရေစီမျိုးတော့ ဘယ်ဖြစ်လာနိုင်ပါ့မလဲ။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆိုကြပါစို့ အာဆီယံအဖွဲ့က နိုင်ငံတွေရဲ့ အကဲခတ်သမားတွေရဲ့ သုံးသပ်ချက်က ဘယ်လိုလဲဆိုတာကို ပြောပါ။

Sam Rainsy ။ ။ အနောက်တိုင်းစံ ရွေးကောက်ပွဲ၊ အနောက်တိုင်းပုံစံ ဒီမိုကရေစီတို့ဆိုတာ သီးခြားမရှိပါဘူး။ ဒီမိုကရေစီဆိုတာ တမျိုးတစားတည်း ရှိပါတယ်။ ဒါဟာ နိုင်ငံတကာစံပါပဲ။ အဲဒီ စံတွေကို နေရာတိုင်းမှာ လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်။ တတိယကမ္ဘာက နိုင်ငံတွေအတွက် အဆင့်နှိမ့်တဲ့ ဒီမိုကရေစီ၊ အဆင့်နှိမ့်တဲ့ ရွေးကောက်ပွဲဆိုတာမျိုး မရှိသင့်ပါဘူး။ ကျနော်တို့ဟာ ကမ္ဘာ့နေရာတိုင်းမှာ လူသားတွေအတွက် တူညီတဲ့ ဒီမိုကရေစီ၊ တပြေညီတဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြရမှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ ဖြစ်သင့်တာ ဖြစ်စေချင်တာ၊ တနည်းအားဖြင့်ပြောရင် idealistic ပေါ့။ ဒါပေမဲ့ တကယ့် လက်တွေ့ လက်ရှိနိုင်ငံရေးမှာ အာဆီယံနိုင်ငံတွေတချို့ရဲ့ ဒီမိုကရေစီဟာ ကမ္ဘာ့အဆင့်မှီ ဒီမိုကရေစီလို့ ပြောနိုင်ပါသလား။

Sam Rainsy ။ ။ နိုင်ငံတွေအများကြီးပါပဲ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့မှာ ဒီမိုကရေစီရဲ့ အခြေခံမူဝါဒတွေ ထွန်းကားတည်တန့်နေပါတယ်။ ဒီနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေက လက်ခံကြပါတယ်။ ဒါဟာ လူထုက လက်ခံကြတာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို လက်မခံဘူးဆိုရင်။

Sam Rainsy ။ ။ ဒါဟာ အတိုက်အခံရဲ့ သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ဖြစ် တခြားဘယ်နိုင်ငံမှာဖြစ်ဖြစ် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို အတိုက်အခံဖက်က လက်ခံနိုင်မယ်ဆိုရင် ဒါ လူတိုင်းလက်ခံနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။
XS
SM
MD
LG