သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်း နဲ့ မွတ်စလင်ဦးရေ


ကုလသမဂ္ဂအကူအညီနဲ့ သန်းခေါင်စာရင်း ပြုစုရာမှာ စာရင်းမကောက်နိုင်လို့ ကျန်နေတဲ့နေရာနဲ့ တမင်ချန်ထားတဲ့ နေရာတွေရှိတဲ့အတွက် တိုင်းရင်းသားအချို့နဲ့ မွတ်စလင်ဦးရေကို ရေတွက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီနေရာမှာ ရှိပြီးသာမြို့နယ် လူဦးရေစာရင်းကို အားကိုးနိုင်ပါတယ်။ ဥပမာ မောင်တောမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာန မနှစ်က ထုတ်ပြန်တဲ့ ဒေသဆိုင်ရာ အချက်အလက်များ စာအုပ်လိုမှတ်တမ်းမှာ လူဦးရေစာရင်းကို တွေ့နိုင်ပါတယ်။ သန်းခေါင်စာရင်း မကောက်နိုင်သေးလို့ ကျန်နေတဲ့နေရာမှာလည်း ဒေသအခြေအနေကိုလိုက်ပြီး နောင်အခါမှာ လူဦးရေစာရင်း ကောက်ယူနိုင်ပါတယ်။

ပုံစံတခုတည်းကိုသာသုံးပြီး (၁၀) နှစ်တကြိမ် တိုင်းပြည်ကို ဓါတ်ပုံရိုက်တယ်ဆိုတဲ့ သန်းခေါင်စာရင်းနည်းဟာ အိမ်ထောင်စဘဝတည်ငြိမ်ပြီး မျိုးနွယ်တူတဲ့ လူအဖွဲ့အစည်းနဲ့သာ သင့်တော်တယ်လို့ ယူဆတဲ့ပညာရှင်နဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီနည်းဟာ စရိတ်အကုန်အကျများပြီး လူမျိုးနွယ်ရှုပ်ထွေးတဲ့ ရွှေ့ပြောင်းမှုများပြားတဲ့ လူ့အဖွဲ့အစည်းနဲ့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အရပ်ဒေသအလိုက် စာရင်းကောက်ယူတဲ့နည်းကို သုံးလာကြပါတယ်။ မြန်မာပြည်မှာလည်း ၂၀၁၄ သန်းခေါင်စာရင်းမှာမပါတဲ့ ဒေသတွေမှာ သင့်တော်တဲ့နည်းနဲ့ စာရင်းကောုက်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Harvard တက္ကသိုလ် Ash Center ဟာ ၁၉၅၃ သန်းခေါင်စာရင်းကို အခြေခံပြီး မြန်မာပြည်က မွတ်စလင်ဦးရေကို တွက်ပြတဲ့စာတမ်းကို လွန်ခဲ့တဲ့ ဇူလိုင်လမှာ ထုတ်ထားပါတယ်။ ၁၉၅၃ သန်းခေါင်စာရင်းဟာ မြို့နယ်လူဦးရေကို အဓိကထားပြီး ကောက်ယူတဲ့စာရင်းဖြစ်လို့ ကျေးလက်လူဦးရေ အချို့အဝက်သာ ပါဝင်ပါတယ်။ တပြည်လုံးမှာ လူဦးရေ သန်း (၂၀) ကျော်ရှိတဲ့အနက် မွတ်စလင်ဦးရေဟာ (၄) ရာခိုင်နှုန်း (သို့မဟုတ်) ရှစ်သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ နောက်အနှစ် (၃၀) ကြာလို့ ၁၉၈၃ မှာ သန်းခေါင်စာရင်းကောက်တော့လည်း မွတ်စလင်ဦးရေဟာ တိုင်းပြည်လူဦးရေရဲ့ (၄) ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ ဒါပေမဲ့ လူဦးရေက (၃၄) သန်းဖြစ်လာလို့ မွတ်စလင်ဦးရေဟာ (၁) သန်း (၄) သိန်းအထိ တိုးလာပါတယ်။ ဒါကြောင့် မွတ်စလင်က မြန်မာ့လူ့အဖွဲ့အစည်းကို လွှမ်းမိုးလိမ့်မယ်လို့ စိုးရိမ်တယ“ယုတ္တိမရှိဘူးလို့ ဆိုပါတယ်။

သမိုင်းသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှုး ဦးမြင့်သိန်း ရေးသားပြီး ၂၀၀၉ မတ်လမှာ ဖတ်ကြားတဲ့စာတမ်းမှာ ဘင်္ဂါလီမွတ်စလင်ဦးရေ ရခိုင်ဒေသမှာ တိုးပွားလာပုံကို တင်ပြထားပါတယ်။ မောင်တောမြို့နယ်မှာ ၁၉၅၆ က မွတ်စလင်ဦးရေ (၁) သိန်း (၈) သောင်းကျော်ရှိပြီး၊ ၁၉၈၆ မှာ (၂) သိန်း (၆) သောင်းကျော် ဖြစ်လာတယ်လို့ ဆိုပါတယ်။ အနှစ် (၃၀) အတွင်း မွတ်စလင်ဦးရေ (၁) ဆခွဲ တိုးပွားလာတာ ဖြစ်ပါတယ်။ ၁၉၃၁ က မောင်တောမှာ မွတ်စလင် (၁) သိန်းကျော်သာရှိတာမို့ (၅၅) နှစ်အတွင်း (၂) ဆခွဲ တိုးပွားလာတဲ့ သဘောဖြစ်ပါတယ်။ ဘူးသီးတောင်မှာ ၁၉၄၂ က မွတ်စလင် တစ်ရာကျော်သာရှိပေမယ့် အနှစ် (၆၀) ကျော်လာတဲ့အခါ ၂၀၀၉ ခုနှစ်မှာ (၂) သိန်း (၈) သောင်းကျော် ရှိလာပါတယ်။ ဘင်္ဂါလီမွတ်စလင်တွေ ဝင်ရောက်လာလို့ လူမျိုးရေး အဓိကရုဏ်း ဖြစ်မှာကို ကိုလိုနီခေတ်ကတည်းက သတိပေးခဲ့ပါတယ်။

စစ်တကောင်းသားတွေ ဝင်နေတာကို ရခိုင်တိုင်းရင်းသားနဲ့ ဒေသခံမွတ်စလင်တွေက မနှစ်သက်တဲ့အတွက် လူမျိုးရေးပဋိပက္ခ ဖြစ်နိုင်တာကို ၁၉၃၉ စုံစမ်းရေးကော်မရှင်က သတိပေးခဲ့ပါတယ်။ ၂၀၁၂ ရောက်လာတော့ မောင်တောမြို့နယ်ရဲ့ လူဦးရေ (၅) သိန်း (၁) သောင်းကျော်မှာ ၉၄ ရာခိုင်နှုန်းဟာ ဘင်္ဂါလီမွတ်စလင် ဖြစ်နေတယ်လို့ မကြာမီက ထုတ်ပြန်တဲ့ ဒုချီးရားတန်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မွတ်စလင် (၄) သိန်း (၈) သောင်းရှိပြီး ဗုဒ္ဓဘာသာ (၂) သောင်း (၇) ထောင် ရှိပါတယ်။ မောင်တောမြို့နယ် လူဦးရေတိုးနှုန်းက (၂) ဒဿမ (၆) ရာခိုင်နှုန်းဖြစ်လို့ အခြားဒေသထက် ပိုများပါတယ်။ ရခိုင်ပြည်နယ် လူဦးရေးရဲ့ (၂၀) သို့မဟုတ် (၂၅) ရာခိုင်နှုန်းဟာ မွတ်စလင်ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ ဒီအချက်ကြောင့် မွတ်စလင် ဆန့်ကျင်ရေးလုပ်မယ်ဆိုတာမျိုးဟာ သဘာဝမကျဘူးလို့ မြင်ကြပါတယ်။

ရခိုင်နဲ့ ဘင်္ဂါလီ မျိုးနွယ်အဖွဲ့အစည်းအကြား ယုံကြည်မှုရှိလာအောင် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဆောင်ရွက်သင့်တာတွေကို ဒုချီးရားတန်း စုံစမ်းရေးကော်မတီအစီရင်ခံစာမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ စားဝတ်နေရေး ကျပ်တည်းတဲ့ စစ်အာဏာရှင်ခေတ်မှာ ဗုဒ္ဓဘာသာဝင်တွေ နိုင်ငံခြားထွက်ကြပြီး မွတ်စလင်တွေ ထွက်ခွါဖို့ ခက်ခဲတာဟာ မွတ်စလင်ဦးရေကို များပြားစေတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်တယ်လို့ Ash Center စာတမ်းက သုံးသပ်ပါတယ်။ သန်းခေါင်စာရင်းထွက်လာရင် မွတ်စလင်ဦးရေ တိုးပွားလာတာကို တွေ့ရင်လည်း တွေ့နိုင်ပါတယ်။ ဒါဟာ မွတ်စလင်ဆန့်ကျင်ရေး လုပ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကမ္ဘာမှာ မွတ်စလင်ဦးရေ သန်း (၁၆၀၀) ကျော် ရှိပါတယ်။

၁၉၄၅ မှာ တောင်ကိုရီယား လူဦးရေရဲ့ (၂) ရာခိုင်နှုန်းဟာ ခရစ်ယာန်ဖြစ်ပြီး အများစုဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်။ ၁၉၈၅ ရောက်တော့ ခရစ်ယာန်ဦးရေဟာ (၂၅) ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီတဲ့အတွက် ခရစ်ယာန်ဘာသာဝင်များလာကြောင်း သိရပါတယ်။ ၂၀၀၅ ခုနှစ် စာရင်းအရ တောင်ကိုရီးယားလူဦးရေမှာ ဘာသာကိုးကွယ်သူ (၅၄) ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာက (၂၃) ရာခိုင်နှုန်း၊ ခရစ်ယာန်က (၂၉) ရာခိုင်နှုန်း နဲ့ အခြားဘာသာ (၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။ လူဦးရေ (၄၆) ရာခိုင်နှုန်းက ကိုးကွယ်ယုံကြည်တဲ့ဘာသာ မရှိတော့ပါဘူး။ ဘာသာရေး နဲ့ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေး ဆက်စပ်နေပုံကို တောင်ကိုရီးယားသမိုင်းက သက်သေပြနေပါတယ်။
XS
SM
MD
LG